သူများတွေ ဒီလောက်ဆူညံပွက်လောရိုက်နေတာ ကိုယ်လည်း ခေတ်မီသွားအောင် နည်းနည်းလေး မီးဝင်ရှို့လိုက်ဦးမယ်။ မနေ့ညက အင်္ဂလန်ပရီမီးယားလိဂ်ရဲ့ စူပါဆန်းဒေးပွဲစဉ်တွေ ကြည့်ရတာ အတော်ကို အရသာရှိသကိုးဗျ။ ရှိဆို ကျွန်တော်ရဲ့ အသည်းစွဲမန်ယူအသင်းက အင်္ဂလန်ပြိုင်ဘက် လီဗာပူးလ်ကို အလဲထိုးလိုက်နိုင်တာကိုး။ အဲဒီအထိက ဘာမှမဖြစ်သေးပါဘူး။ မန်ယူနိုင်တယ်၊ သုံးမှတ်ရတယ်၊ ရွန်းနီတစ်ဂိုးသွင်းတယ်၊ ဒီလောက်ပါပဲ။ နောက်ဆက်တွဲအဖြစ် တစ်ရက်ပြည့်အောင် မနေလိုက်ရရှာတဲ့ ဇယားထိပ်က အာဆင်နယ်အသင်းကို ဒုတိယနေရာကို ပြန်ပို့လိုက်တယ်။ အဲဒီအချိန်အထိ ဘာမှမဖြစ်သေးဘူး။ ချဲလ်ဆီးကို အားလုံးက မျှော်လင့်တကြီးနဲ့ပေါ့။ အန်ဆယ်လော့တီ ဘာမထီတို့၊ ဒရော့ဘာ ဆော်မှာတို့၊ မီခေးလ် အပီကျွေးမှာတို့ စသည်ဖြင့် စုံလို့ပေါ့ဗျာ။ အမယ်... အဲဒီလို ချဲလ်ဆီးကို အားပေးကြတာက သူ့ပရိသတ်တွေတင် မဟုတ်ကြဘူး။ အခြားပရိသတ်တွေ (ပွင့်ပွင့်လင်းလင်းပြောရရင် မန်ယူနဲ့ ဆန့်ကျင်ဘက်တွေပေါ့) ကပါ အားပေးကြတာပါပဲ။ မန်ယူအသင်း အနိုင်ရသွားတာ၊ မန်ယူပရိသတ်တွေ ကျေနပ်ပြုံးပျော်သွားကြတာကို သိပ်ပြီး ကြည့်လို့မရကြဘူး ထင်ပါရဲ့ဗျာ။
မန်ယူဒိုင်ကူဆိုပဲ
ပြောစရာမရှိတော့ ဘာပြောကြတယ်မှတ်တုန်း? မန်ယူကို ဒိုင်ကူသွားတာပါတဲ့။ အောင်မလေးနော်... ပြောတတ်လိုက်ကြတာ... ပြောတတ်လိုက်ကြတာ။ ပွဲတစ်ပွဲမှာ ပင်နယ်တီပေးရင် ဒိုင်ကူတယ်လို့ မျက်စိမှိတ်ပြီး အော်ကြတော့မှာလား။ အဲသလိုသာဆိုရင် ဘာကိစ္စ ဘောလုံးစည်းမျဉ်းတွေမှာ ပင်နယ်တီဆိုတဲ့ ပြစ်ဒဏ်ဘောကို ထည့်ထားသေးသတုန်းဗျ။ ကွင်းလယ်မှာဖြစ်တဲ့ ပြစ်ဒဏ်ဘောကိုတော့ ပင်နယ်တီပေးလို့ မရပေါင်ဗျာ။ အဲဒါလောက်တော့ နားလည်မယ်ထင်ပါတယ်။ ပင်နယ်တီမရဖူးတဲ့အသင်းဆိုတာတော့ ရှိမယ်လို့ ကျွန်တော်မထင်ပါဘူး။ အသင်းတိုင်းတော့ ပင်နယ်တီပြစ်ဒဏ်ဘော ကန်ဖူးကြမှာပါပဲ။ အဲဒီအချိန်တွေတုန်းက ပရိသတ်တွေက သူတို့အသင်း ပင်နယ်တီမရသင့်ဘူး၊ ဒိုင်ကူလို့ နိုင်သွားတာလို့ ဘာကြောင့် မပြောကြသတုံး။ အဲဒီတော့ ပြောကြဦးမယ်... အခုဟာက မပေးသင့်ဘဲ အငြင်းပွားဖွယ် ပင်နယ်တီပေးလိုက်တာလို့။ ဘောလုံးကန်တယ်ဆိုတာ သင်္ချာညီမျှခြင်းတွက်တာမှ မဟုတ်တာဘဲ။ ဒိုင်လူကြီးဆိုတဲ့ လူသားတွေ ဆုံးဖြတ်သမျှဟာ မှန်ပါ့မယ်လို့ ဘယ်သူကမှ အာမခံထားတာ မရှိပါဘူး။ အတတ်နိုင်ဆုံး၊ အမှန်ကန်ဆုံးဖြစ်အောင် ဆုံးဖြတ်လုပ်ကိုင်ကြရတာချည်းပါပဲ။ အားလုံး တသသဖြစ်နေတဲ့ အီတလီက ဂြိုလ်သားဒိုင်လူကြီး ကော်လီနာတောင် ဆုံးဖြတ်ခဲ့သမျှအားလုံး မှန်တာမှ မဟုတ်တာပဲ။ အမှားနည်းခဲ့တာသာ ရှိပါတယ်။ ခေါက်ဆွဲစားပြီး တစ်ဖက်သတ် ဆုံးဖြတ်ချက်တွေချတဲ့ ဒိုင်လူကြီးတွေကလွဲရင် ကျန်တဲ့လူအားလုံးဟာ အလယ်ကလူတွေအဖြစ် အကောင်းဆုံးဖြစ်အောင် လုပ်ကြတာချည်းပါပဲ။ ဘယ်သူကမှ သူနာမည်ပျက်အောင် လုပ်ချင်ကြမယ် မထင်ပါဘူး။ အဲဒါကြောင့် မန်ယူဒိုင်ကူဆိုတဲ့စကားကတော့ နည်းနည်းများ ကလေးဆန်နေသလားလို့ပါ။
ဘယ်အချက်နဲ့ လီဗာပူးလ်ကို နိုင်စေချင်တာလဲ
ထားပါတော့ဗျာ။ မန်ယူက ဒိုင်ကူတယ်ဆိုပါတော့။ မန်ယူက ဒိုင်ကူလို့သာနိုင်သွားတယ်၊ တကယ်တမ်းနိုင်သင့်တာက လီဗာပူးလ်လို့ ပရိသတ်တွေက ယူဆကြပါသလား။ ဆိုပါတော့ လီဗာပူးလ်က ကစားပုံလည်းကောင်းတယ်၊ ပွဲကိုလည်း စိုးမိုးထားတယ်၊ မန်ယူအပေါ်မှာလည်း တစ်ချိန်လုံး ဖိကစားထားနိုင်တယ်၊ ဒါပေမယ့် ဒိုင်လူကြီးရဲ့ ဘက်လိုက်မှုတွေကြောင့်သာ အနိုင်နဲ့ဝေးသွားရတယ်ဆိုရင်လည်း မန်ယူကို ဒိုင်ကူလို့ ရှုံးသွားတယ်လို့ ထန်းလျက်နဲ့ကာလို့ ရပါတယ်။ အခုတော့ လီဗာပူးလ်ကစားသွားတာကို ကြည့်လိုက်ရတဲ့သူတိုင်း သိနေတာပဲဗျာ။ ဂျရတ်ကလည်း သာမန်ခြေစွမ်းအောက်ကို ရောက်နေတယ်။ တောရက်စ်ကလည်း ခေါင်းတိုက်ဂိုးသွင်းတဲ့ တစ်လုံးကလွဲရင် တစ်ပွဲလုံးမှာ ဘာတစ်ခုမှ စွမ်းစွမ်းတမံ လုပ်မပြနိုင်ဘူး။ သေချာပေါက် အခွင့်အရေး (၃)ခုလောက်ကို အံ့အားသင့်ဖွယ် ဖြုန်းတီးပစ်ခဲ့တယ်။ မနေ့ညကပွဲမှာ အားကစားသမား မပီသတဲ့ အပြုအမူတွေ ကျူးလွန်ခဲ့တယ်။ ကူရစ်ကျပြန်တော့ တောရက်စ်ခေါင်းတိုက်ဖို့ တင်ပေးလိုက်တဲ့ ပေးပို့မှုတစ်ခုကလွဲရင် ပါလို့ပါမှန်းတောင် မသိရဘူး။ မာရှေယာနိုခမြာလည်း ဟိုဖျက်ဒီဖျက်သာ လုပ်နေရတယ်၊ ဘယ်သူနဲ့ တွဲကစားရမှန်းလည်းမသိ၊ ဘယ်သူ့ကို အကွက်ဆင်ပေးရမှန်းမသိ၊ မန်ယူက ဖလက်ချာနဲ့ ကားရစ်ကိုလည်း မယှဉ်နိုင်ဖြစ်ပြီး ဘာမှအစွမ်းမပြနိုင်ရှာဘူး။ နောက်တန်းကစားသမားတွေ ရွန်းနီကို အပိုင်ကပ်ပြီး ကစားနိုင်တာကလွဲရင် အလယ်တန်းကစားပုံက ညံ့၊ ရှေ့တန်းကလူတွေကလည်း ရတဲ့အခွင့်အရေးကို အသုံးမချနိုင်၊ ကဲ... ဘယ်အချက်တွေနဲ့ မန်ယူကို နိုင်ချင်ရတာတုန်း။
ချဲလ်ဆီးသရေကျတာနဲ့ မန်ယူနိုင်တာ ဘာဆိုင်လို့တုန်း
ဟော... နောက်ကျမှကစားရတဲ့ ချဲလ်ဆီးအသင်းက ဘလက်ဘန်းအသင်းနဲ့ သရေကျသွားတယ်။ ပရိသတ်တွေဆိုတာ မျက်နှာကြီးတွေမှောင်လို့ (မည်းတာထက်ပိုတယ်)။ တလောကလုံးကို တွေ့ရာသင်္ချိုင်း ဓားမဆိုင်းဘဲ ရန်လုပ်တော့မယ့် ပုံစံမျိုးနဲ့ဗျ။ အစကတော့ ချဲလ်ဆီးကလည်း စုတ်ပြတ်နေတာပဲ၊ ညံ့လိုက်တာတို့ ဘာတို့ ပြောကြသေးတယ်။ ကိုယ့်အသင်းကိုယ်ပြောတာပဲ ပြောကြပစေပေါ့။ ဘာဆန်းတာလိုက်လို့။ အမယ်... အဲဒီမှာတင် မပြီးဘူးဗျ။ မဆီမဆိုင် မန်ယူက သိက္ခာမရှိ နိုင်သွားတာပါဆိုတာက ပါလာသေးတယ်။ သူတို့အားပေးတဲ့ ချဲလ်ဆီးသရေကျတာ မန်ယူနိုင်တာနဲ့ ဘာဆိုင်လို့တုန်း။ အံ့သြပါ့ဗျာ။ ဘာပြိုကျလို့ ဘာပေါင်ကျိုးတယ်ဆိုလားပဲ ကြားဖူးတယ်။ သေသေချာချာ နားမလည်ပါဘူး။ အခုဟာက ပိုဆိုးတယ်။ ချဲလ်ဆီးသရေကျတာ မန်ယူဒိုင်ကူပြီး သိက္ခာမရှိနိုင်လို့ ဆိုတော့ တွေးရခက်ကြီးပါဗျာ။ အနေသာကြီးပါဗျ... နော။
အားလုံးအတူတူပဲ
ကျွန်တော့်ပတ်ဝန်းကျင်မှာတင် အဲဒီလိုဖြစ်တယ်အောက်မေ့နေတာ။ ဘယ်ဟုတ်လို့တုန်းဗျ... ဒီနေ့မနက် အင်တာနက်စာမျက်နှာတွေမှာ ဘောလုံးသတင်းတွေ လိုက်ဖတ်တော့မှပဲ အားလုံးအားလုံးပဲ ဖြစ်နေကြမှန်း သိရတော့တယ်။ စနေနေ့တုန်းက အာဆင်နယ်နိုင်ပြီး ဇယားထိပ်ကို အာသာပြေ တက်ထိုင်နေတုန်းက မန်ယူပရိသတ်တွေက ဘာမှသိပ်မပြောဘူး။ တနင်္ဂနွေနေ့ကျရင် လီဗာပူးလ်ကိုအနိုင်ယူပြီး ဇယားထိပ်ကို ပြန်လာမယ်ဆိုတာလောက်ပဲ ပြောကြ၊ ရေးကြတယ်။ အောင်မလေး.... မနေ့ညက မန်ယူက လီဗာပူးလ်ကိုလည်း နိုင်လိုက်ရော မန်ယူပရိသတ်တွေကတစ်ဖက်၊ အခြားသော ပရိသတ် (အထူးသဖြင့် ချဲလ်ဆီးဖန်၊ လီဗာပူးလ်ဖန်နဲ့ အာဆင်နယ်ဖန်တွေ ပူးပေါင်း) တွေကတစ်ဖက် အကြီးအကျယ်ကို စကားလုံးကမ္ဘာစစ်တွေဖြစ်ကြ၊ စကားလုံးအဏုမြူဗုံးတွေကြဲကြ ဖြစ်နေကြပါရောလား။ ဖတ်ရင်းနဲ့ အတော်လေးကို သဘောကျနေမိတယ်။ သြော်... အင်္ဂလန်ဘောလုံးအသင်းတွေသာ ဘောလုံးမကန်ကြတော့ဘူးဆိုရင် ဝေဖန်စရာ၊ လေကန်စရာ၊ ငြင်းခုန်စရာ၊ စကားများစရာ အတော်လျော့သွားတဲ့ အလုပ်လက်မဲ့တွေ ဘယ်လောက်တောင် ရှိလာမလဲမသိဘူးဆိုပြီး တွေးလိုက်မိသေးတယ်။
မန်ယူဟာ မန်ယူပါပဲ
ပွဲကြပ်တစ်ခုကို မန်ယူနိုင်လိုက်တဲ့အတွက် (၄)နှစ်ဆက် အမှတ်ပေးဖလားရဖို့ လှေကားတစ်ထစ် ပိုနီးသွားပါပြီ။ ပွဲစဉ် (၇)ပွဲသာ ကျန်တော့တဲ့အချိန်မှာ ချဲလ်ဆီးနဲ့ မန်စီးတီးအသင်းတို့နဲ့သာ ပွဲကြပ်ကစားဖို့ ကျန်ပါတော့တယ်။ မန်ယူက ရွန်းနီကလည်း ဒီနှစ်အတွက် ဂိုးသွင်းအများဆုံးဆုကို လက်လှမ်းနိုင်ဖို့ ဂိုးသွင်းခြေကို ထိန်းထားနိုင်တာ တွေ့ရပါတယ်။ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာလည်း ဘိုင်ယန်မြူးနစ်ကို ပထမအကျော့အဖြစ် အဝေးကွင်းမှာ သွားကစားရမှာဖြစ်ပြီး ဒုတိယအကျော့အဖြစ် အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် အခြေအနေကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ ကွာတားတက်ခဲ့လို့ ဆီမီးရောက်ရင်လည်း ကွာတားရောက် ပြင်သစ်နှစ်သင်းထဲက နိုင်တဲ့အသင်းနဲ့ ပထမအကျော့မှာ အဝေးကွင်း၊ ဒုတိယအကျော့မှာ အိမ်ကွင်းကစားရမှာကြောင့် ဗိုလ်လုပွဲဆီသွားရာလမ်းဟာ ဖြောင့်ဖြူးနေတယ်လို့ ဆိုနိုင်ပါတယ်။ ဒီနှစ်မှာ မန်ယူအတွက် အရေးအကြီးဆုံးဟာ ပရီမီယားလိဂ် အမှတ်ပေးဖလား ဖြစ်ပါလိမ့်မယ်။ လီဗာပူးလ်အသင်းရဲ့ အမှတ်ပေးချန်ပီယံ အရေအတွက်နဲ့ (လီဗာပူးလ်အသင်းက ပရီမီယားလိဂ် တစ်ခါမှ မရဖူးပါ) တူညီနေတာကို ကျော်ဖြတ်ပြီး စံချိန်သစ်တင်သွားနိုင်ပါလိမ့်မယ်။ တစ်လက်စတည်း (၄)နှစ်ဆက် အမှတ်ပေးချန်ပီယံဆိုတဲ့ ဘယ်အင်္ဂလန်အသင်းမှ မရဖူးသေးတဲ့ စံချိန်ကိုလည်း တင်ရှိပါလိမ့်မယ်။ အဲဒီစံချိန်တွေဟာလည်း မော်ဒန်ဘောလုံးလောကမှာ တော်ရုံနဲ့ ရိုက်ချိုးဖို့ မလွယ်ကူလှတဲ့အတွက် နှစ်ပေါင်းများစွာကြာအောင် မန်ယူအသင်းရဲ့ အောင်မြင်မှုသမိုင်းတွေနဲ့ လွှမ်းမိုးထားနိုင်ဦးမှာပါ။
ရွန်းနီအတွက် အခွင့်အရေးများ
လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ စီရော်နယ်လ်ဒိုရဲ့ ပြိုင်ပွဲအရပ်ရပ် ဂိုးသွင်းစံချိန် (၄၂)ဂိုးကို မီဖို့အတွက် (၉)ဂိုးသာလိုတော့တဲ့ ရွန်းနီအတွက်လည်း စိန်ခေါ်မှုတစ်ရပ်ပါပဲ။ အမှတ်ပေးဖလားနဲ့ ချန်ပီယံလိဂ်ဖလားသာ ရခဲ့မယ်ဆိုရင် ၂၀၁၀ အတွက် ဥရောပအကောင်းဆုံးဆု၊ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုတွေဟာ ရွန်းနီလက်ထဲကို အလိုလိုရောက်လာပါလိမ့်မယ်။ ဒီနှစ်အတွက် ယှဉ်ပြိုင်စရာက ရွန်းနီနဲ့ မက်ဆီသာ ရှိနေတာကလည်း အခွင့်အရေးတစ်ရပ် ဖြစ်ပါတယ်။ စီရော်နယ်လ်ဒိုလည်း ရီးရဲလ်မက်ဒရစ်မှာ ခြေစွမ်းပြဂိုးတွေသွင်းနေပေမယ့် ချန်ပီယံလိဂ်က ထွက်ခဲ့ရတာဟာ ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျန်တဲ့ပွဲစဉ်တွေမှာ ရွန်းနီနဲ့မန်ယူ ခြေစွမ်းပြပြီး လိုအပ်တဲ့အနိုင်ရလဒ်တွေ ရယူနိုင်ခဲ့မယ်၊ ဖလားတွေ ရရှိခဲ့မယ်ဆိုရင်တော့ စပိန်နဲ့ အီတလီကလပ်တွေကသာ ကြီးစိုးထားခဲ့တဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုဆိုတာကို အင်္ဂလန်ကလပ်တွေက ကစားသမားတွေလည်း ရနိုင်တဲ့အခွင့်အရေးရှိကြောင်း မန်ယူအသင်းနဲ့အတူ ရွန်းနီက ဒုတိယအကြိမ် သက်သေပြနိုင်ပါလိမ့်မယ်။
ဖာဂူဆန်နားလို့ရပြီ
လီဗာပူးလ်ရဲ့ အမှတ်ပေးချန်ပီယံစံချိန်ကို မကျော်ဖြတ်နိုင်သေးတဲ့အတွက်သာ ဖာဂူဆန်တစ်ယောက် နောက်ဆံတင်းပြီး အနားမယူနိုင်သေးတာလို့ ယူဆပါတယ်။ ဒီနှစ်မှာများ အမှတ်ပေးချန်ပီယံ ရခဲ့မယ်ဆိုရင်တော့ ဖာဂူဆန်ကြီးတစ်ယောက် အနိုင်နဲ့ပိုင်းပြီး ဘောလုံးလောကကနေ အနားယူသင့်နေပါပြီ။ ဒါမှလည်း အခြားမန်နေဂျာတွေ အခွင့်အရေးရဦးမှာပါ။ အခုတော့ ဘောလုံးအကြောင်းကို နောကြေနေတဲ့ ဖာဂူဆန်ကို ဘယ်သူကမှ ယှဉ်လို့မရသေးတော့ သူတို့လည်း စိတ်ညစ်နေရှာရောပေါ့။ ဒါပေမယ့်လည်း အောင်မြင်မှုတွေကို ရေငတ်သလို ဆာလောင်လွန်းလှတဲ့ ဖာဂူဆန်ကြီးက မန်ယူအသင်းကို တော်တော်နဲ့ ခွဲခွါနိုင်ဦးမယ် မထင်ပါဘူး။ စံချိန်တွေ တစ်ခုပြီးတစ်ခုတင်ပြီး အောင်မြင်မှုတွေကို ရူးသွပ်နေဦးမယ် ထင်ပါရဲ့။ အခုလောလောဆယ် နည်းပြတွေအဖြစ် အောင်မြင်နေကြပြီဖြစ်တဲ့ ကစားသမားတွေကနေ စလိုက်တာမှာ အခုဆိုရင် သူ့မြေးအရွယ် ကစားသမားတွေအထိ ကစားသမားမျိုးစုံ၊ နည်းပြမျိုးစုံနဲ့ ကြုံတွေ့ဆက်ဆံလာရတဲ့ ဖာဂူဆန်လို နည်းပြမျိုး မော်ဒန်ဘောလုံးလောကမှာ ထပ်ပေါ်ဖို့ဆိုတာ မြေကြီးပေါ်က ပါးစပ်ဟထားတဲ့လူဆီကို ကောင်းကင်ပေါ်က လေယာဉ်ပျံကနေ သကြားလုံးပစ်ချရသလိုပဲ နေမယ်ထင်ပါရဲ့။
တောင်းပန်ပါတယ်
ကဲ... ကျွန်တော်လည်း ဘောလုံးသတင်းတွေ၊ ကွန်းမန့်တွေလိုက်ဖတ်ပြီး စိတ်ကူးပေါက်ရာတွေ ရေးလိုက်တာ အတော်တောင် များသွားပါရောလား။ ချဲလ်ဆီးပရိသတ်တွေနဲ့ လီဗာပူးလ်ပရိသတ်တွေကိုတော့ တောင်းပန်ပါတယ်။ ဘောလုံးယဉ်ကျေးမှု ထုံးစံအတိုင်း ကျွန်တော်ပြောခွင့်သာတဲ့ အချိန်လေးမှာ ပြောရတာကို အပြစ်တော်မယူဘဲ ခွင့်လွှတ်နားလည်ပေးကြပါဗျ။ မန်ယူရှုံးခဲ့တဲ့အချိန်တွေမှာလည်း ကျွန်တော်ငြိမ်နေခဲ့ဖူးပါတယ်လေ။ ဒီအတိုင်းကြီးဖတ်ရရင် ပျင်းစရာကြီးဖြစ်နေမှာစိုးလို့ ဟိုတို့လိုက်၊ ဒီဆိတ်လိုက်၊ ဟိုစလိုက်၊ ဒီဖွလိုက်လုပ်ပြီး ရေးလိုက်ရတာကို နားလည်ကြမယ်ထင်ပါရဲ့ဗျာ။ ဘောလုံးအကြောင်းတွေ မရေးတာကြာပြီ၊ ရေးပါဦးလို့ လက်ခုပ်တီးပြီး မြှောက်ပေးတတ်ကြတဲ့ မိတ်ဆွေတွေလည်း စိတ်ကျေနပ်ကြမယ် ထင်ပါရဲ့။ ရေးတော့ရေးချင်သား၊ ရတနာပုံကလည်း ပွဲဦးထွက်မှာ မရှုမလှရှုံး၊ မန်ယူကလည်း အမှတ်ကလေး မဖြစ်စလောက်ပဲ ဖြတ်ထားနိုင်သေးတာဆိုတော့ ရေးဖို့ချိန်နေရင်းနဲ့ပဲ လက်တွန့်နေခဲ့တာပါ။ အခုတော့ တွေ့ရာမြင်ရာကို ကလိလိုက်၊ ရိလိုက်ပါပြီနော်။ ကြိုက်ရင်လည်း လက်ခုပ်တီးလိုက်ကြပါဦး။ မကြိုက်ရင်လည်း လက်ခုပ်တီးလိုက်ကြပါပေါ့။ ဒီလောက်ရူးရသလားဆိုပြီးတော့ လှောင်လက်ခုပ်လေးပေါ့ဗျာ။ ကျွန်တော်ကလည်း လက်ခုပ်သံလေးတော့ ကြားချင်တာကိုးဗျ။ ကတော့ မကချင်ပါဘူးဗျာ။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် မတ်လ ၂၂ ရက်၊ တနင်္လာနေ့။
နေ့လည် ၂ နာရီ ၂၅ မိနစ်တွင်ပြီး၏။
No comments:
Post a Comment