အစစ ပြင်ဆင်မှုပြီးသောအခါ ၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်၊ ၁၃၀၉ ခုနှစ်၊ ပြာသိုလဆုတ် ၉ ရက်နေ့တွင် မြန်မာနိုင်ငံသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအဖြစ်ဖြင့် လွတ်လပ်ရေး ရရှိခဲ့လေသည်။ ညောင်ရွှေစော်ဘွား စောရွှေသိုက်အား သမ္မတအဖြစ် တင်မြောက်ကာ အစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့လေသည်။ ကျဆုံးသော ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်များ၏ ဈာပနကို ၁၃၁၀ ပြည့်နှစ် (၁၉၄၈ ခုနှစ်၊ ဧပြီလ ၁၁ ရက်) တွင် အာဇာနည်ကုန်း၌ သင်္ဂြိုဟ်လေသည်။ ထိုလုပ်ကြံမှုကြီးအတွက် ဦးစောနှင့် ၅ ဦးကို သေဒဏ်ပေး၍ ကျန်ပါဝင်သူများကို ထောင်ဒဏ် စီရင်ချမှတ်ခဲ့လေသည်။
လွတ်လပ်ရေးရ၍ မကြာမီပင် ကွန်မြူနစ်များသည်လည်းကောင်း၊ ရဲဘော်ဖြူများသည်လည်းကောင်း တောခိုကြလေသည်။ လွတ်လပ်ရေးကို ထိန်းသိမ်း၍ နိုင်ငံထူထောင်ရမည့်အရေးတွင် အယူအဆ ကွဲပြားမှုများနှင့် နယ်ချဲ့တို့၏ သွေးခွဲမှုများကြောင့် ပြည်ထောင်စုကြီးတွင် သောင်းကျန်းမှုအန္တရာယ်များ ပေါ်ပေါက်ခဲ့လေရာ မြို့နယ်အများကို သောင်းကျန်းသူများက စီးနင်းနိုင်သည့် အခြေအနေသို့ ရောက်ခဲ့လေသည်။ ကရင်သူပုန်နှင့် မွန်သူပုန်များလည်း ပေါ်ပေါက်ခဲ့လေသည်။ ၁၃၁၁ ခုနှစ် (၁၉၄၉ ခုနှစ်ဆန်း) တွင် ကရင်သူပုန်တို့က အင်းစိန်ကိုပင် သိမ်းပိုက်စွဲရပ်ထားကြလေသည်။ ဗမာ့တပ်မတော်နှင့် ရဲဘော်ဟောင်းများ၊ မျိုးချစ်ပြည်သူများက စုပေါင်းတွန်းလှန်ရလေသည်။ ထိုနှစ် ဧပြီ ၄ ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေ၀င်းသည် ဒုတိယ၀န်ကြီးချုပ်အဖြစ် ၀င်ရောက်တာဝန်ထမ်းဆောင်ရလေသည်။ နောက်ပိုင်းတွင် သူပုန်လက်မှ မြို့ရွာများကို အစိုးရက ပြန်လည်သိမ်းပိုက်နိုင်လေသည်။
လွတ်လပ်ရေးရအောင် အားသွန်ခဲ့သော အမျိုးသားတပ်ပေါင်းစုကြီးဖြစ်သည့် ဖဆပလ အဖွဲ့ကြီးမှာ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးနောက် ညီညွတ်ရေး အားနည်းရာမှ တစ်စတစ်စ ပြိုကျလာခဲ့လေသည်။ ဆိုရှယ်လစ်များလည်း နှစ်ပိုင်းကွဲ၍ တစ်ပိုင်းက ဖဆပလနှင့် စင်ပြိုင်အင်အား စုစည်းလေသည်။ နောင်သော် ပြည်တွင်းအမျိုးသားညီညွတ်ရေး တပ်ပေါင်းစုဟူ၍ ပမညတအဖွဲ့ ပေါ်ထွက်လာလေသည်။ ပါတီများနောက်သို့လိုက်၍ တောင်သူလယ်သမားနှင့် အလုပ်သမားတို့လည်း အကွဲကွဲအပြားပြား ဖြစ်ကြရလေသည်။ နိုင်ငံထူထောင်ရေးအတွက် ဆိုရှယ်လစ်ဝါဒကို ဦးတည်သော်လည်း ထိရောက်အောင် မဆောင်ရွက်နိုင်ဘဲ ရွေးကောက်ပွဲများတွင် မဲရရှိရေးအတွက် ဓနရှင်များကို မျက်နှာသာပေး၍ စည်းရုံးအားပြု ရပ်တည်နေခဲ့ကြရလေသည်။ အယူအဆနှင့် လုပ်ကိုင်ဆောင်ရွက်နည်းတို့တွင်လည်း သဘောကွဲလွဲကြလေသည်။ ၁၃၁၄ ခုနှစ်တွင် ပြည်တော်သာညီလာခံ စီမံကိန်းချမှတ်၍ ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ကိုင်သော်လည်း တာဝန်ယူဆောင်ရွက်သူအချို့မှာ မရိုးမသား ကိုယ်ကျိုးရှာကြသဖြင့် လုပ်ငန်းထိရောက်ခြင်း မရှိခဲ့ပေ။
၁၃၂၀ ပြည့်နှစ်တွင်ကား ဖဆပလ အဖွဲ့ကြီးမှာ တည်မြဲသန့်ရှင်းဟူ၍ နှစ်ဖက်အထင်အရှား ကွဲကွာသွားပြီး တည်မြဲဖဆပလက သန့်ရှင်းဖဆပလ အစိုးရကို အယုံအကြည်မရှိ အဆိုတင်သွင်းလေသည်။ အဆိုရှုံးနိမ့်သော်လည်း တစ်ဖက်နှင့်တစ်ဖက် အင်အားချင်း မတိမ်းမယိမ်းဖြစ်နေ၍ အလုပ်လုပ်ရာတွင်လည်း ချေမွေ့ခြင်းမရှိတော့ပေ။ မိမိတို့ပါတီ အနိုင်ရရေးအတွက် စည်းရုံးရသည်နှင့် နိုင်ငံအတွက် လုပ်ငန်းများကို အာရုံမစိုက်နိုင်ဘဲ ရှိခဲ့လေသည်။ ထို့ကြောင့် ထိုနှစ် (၁၉၅၈ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်)တွင် ဗိုလ်ချုပ်ကြီးနေ၀င်းက အုပ်ချုပ်ရေးတာဝန် လွှဲပြောင်းလက်ခံ၍ အိမ်စောင့်အစိုးရကို ဖွဲ့စည်းကာ အခြေအနေကို ထိန်းအုပ်လိုက်ရလေသည်။ အိမ်စောင့်အစိုးရလက်ထက်တွင် ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေးကို အားသွန်ဆောင်ရွက်သဖြင့် အခြေအနေကောင်းမွန်လာလေရာ ၁၃၂၂ ခုနှစ် (၁၉၆၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၆ ရက်) တွင် ပါလီမန်ရွေးကောက်ပွဲများ ကျင်းပပေးလေသည်။ သန့်ရှင်း ဖဆပလက အမတ်ဦးရေ အနိုင်ရသဖြင့် အစိုးရအဖွဲ့ ဖွဲ့လေရာ ထိုနှစ် (ဧပြီလ ၄ ရက်) တွင် အိမ်စောင့်အစိုးရက တာဝန်ပြန်၍ လွှဲအပ်ပေးလေသည်။
နိုင်ငံရေးပါတီများသည် တိုင်းပြည်ရေးထက် ပါတီရေးကို ရှေ့တန်းသို့ တင်လာကြသဖြင့် တစ်ဦးကိုတစ်ဦး တွန်တိုက်နေရာယူနှင့် ပုတ်ခတ်ပြောဆိုရန်သာလျှင် အားထုတ်ကြသဖြင့် ပြည်သူတို့လည်း စိတ်ဝမ်းကွဲပြားလေသည်။ တိုင်းပြည်ရေး လစ်ဟင်း၍ စည်းရုံးရေး ပြိုကွဲလေသည်။ နိုင်ငံရေးပယောဂ၊ နယ်ချဲ့ပယောဂများလည်း ၀င်လေသည်။ ပြည်ထောင်စုကို ပြည်နယ်အစိတ်စိတ် ခွဲခြမ်းလိုသူများ ပေါ်ပေါက်လာ၍ မဲအင်အားဖြင့် ရပ်တည်ရသော အစိုးရအား အကျပ်ကိုင်လာကြလေသည်။ ရှမ်းပြည်တွင် သီးခြားနိုင်ငံထူရေး ပိုရှေးရှုသည့် ဖက်ဒရယ်မူကို အခြေခံ၍ လှုပ်ရှားလာကြလေသည်။ ပါတီအပြိုင်လု၍ တက်ရသော အစိုးရသည် မိမိ အနိုင်ရရေးအတွက် ရွေးကောက်ပွဲအတွင်းက တစ်ဒေသလျှင်တစ်မျိုး အကြိုက်ပေး၍ ကတိပေး မဲစုခဲ့ရသည်တွင် ထိုကတိအတိုင်း ဆောင်ရွက်ရမည့် အခြေသို့ ရောက်နေရပြန်လေသည်။ နောက်ဆုံးတွင် ဗိုလ်ချုပ်အောင်ဆန်း စည်းရုံးခဲ့သော ပြည်ထောင်စုသည် အစိတ်စိတ် ပြိုကွဲရတော့မည့် အခြေအနေသို့ ရောက်ရှိလာလေသည်။ ၁၃၂၃ ခုနှစ်တွင် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းလိုက်ရာတွင် မြန်မာနိုင်ငံရှိ ဘာသာကွဲများက မကျေမနပ်ဖြစ်ကြ၍ မြန်မာနိုင်ငံမြောက်ပိုင်းတွင် လှုပ်ရှားမှုများ ဖြစ်ပေါ်ခဲ့လေသည်။
Wednesday, March 24, 2010
လွတ်လပ်ရေးခေတ်
Posted by Ko Nyan Posted Time 9:27 AM
Labels Brief History of Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment