ကျွန်တော်တို့လဲ ဆွေးနွေးပါရစေ။
ခုခေတ် လူငယ်တွေဟာ အတွေးကောင်းတယ်၊ စူးစူးရှရှ နက်နက်ရှိုင်းရှုင်း ထက်ထက်မြက်မြက် တွေးနိုင်တယ်။ နည်းနာမှာတော့ နည်းနည်းလိုအုံးမယ်လို့ ကျွန်တော်ထင်တယ်။ နည်းနာမှာတော့ သူတို့ ဘာမှစမ်းလို့ မရသေးဘူး။ ကောင်းသွားတာလဲ ရှိတယ်၊ ဘာဖြစ်လို့ ကောင်းသွားတာလဲ။ ဒါလဲ ကျွန်တော်တို့ မပြောနိုင်ဘူး၊ ကြိုက်သွားတာလေးပဲ ရှိတယ်။
ကျွန်တော်လဲ ခေတ်ပေါ်ကဗျာတွေကို ဖတ်တယ်၊ ကြိုက်သွားတဲ့ ကဗျာတွေရှိတယ်။ ဘာကြောင့်ကြိုက်မိတာလဲ ကြည့်တော့ တစ်ချက်က အတွေးကောင်းလို့ ကြိုက်တာ၊ နှစ်က နည်းနာ။ ဒါကျတော့ ကျွန်တော့်စိတ်ထဲမှာ ကြိုက်တဲ့ဟာ ကြိုက်တယ်၊ မကြိုက်တဲ့ဟာ မကြိုက်ဘူး။ သည်နည်းနာဟာ ဘာလဲ။ ကြိုက်သွားတဲ့ကဗျာမှာ ဘာကိုကြိုက်တာလဲ မပြောနိုင်ဘူး။ တစ်ခါတလေ ဖတ်လို့ကောင်းသွားတယ်။ တစ်ခါတလေကျတော့ ခုနင်ကပြောသလို နိမိတ်ပုံတွေ တွေ့ရတယ်။ ဒါမျိုးကျတော့ ခံစားလို့မရဘူးပေါ့ဗျာ။ နည်းနာမှာကျတော့လည်း လိုတယ်လို့ ကျွန်တော်ထင်တယ်။ အတွေးမှာတော့ ကောင်းပါတယ်။ နည်းနာပြဿနာကတော့ ရုတ်တရက် ဆုံးဖြတ်ဖို့လဲ ခက်တယ်။ ခင်ဗျားတို့လည်း ဆုံးဖြတ်ဖို့ ခက်လိမ့်မယ်။ ဘယ်သူမှ မဆုံးဖြတ်နိုင်ဘူး။ တွေ့သွားမှ ဆုံးဖြတ်နိုင်မယ်။ တွေ့သွားတယ် ဆိုတာကလဲ ဒါတော့တွေ့ပြီ၊ သည်လို ချက်ချင်းကောက်ပြောလို့ ရတာမဟုတ်ပြန်ဘူး။ တဖြည်းဖြည်းနဲ့ သည်တစ်ခုကိုတော့ဖြင့် အားလုံး လက်ခံတယ်၊ ဘ၀င်ကျတယ်ဆိုပါမှ ဒါ established ဖြစ်မယ်။ အဲဒါ ဘယ်ဟာလဲ၊ သည်နည်းနာလိုအပ်မှုဆိုတာလဲ ဒါသဘာဝကျတယ်။
သို့သော် တစ်ခုတော့ ကျွန်တော့် ရင်ထဲမှာ ရှိတယ်။ ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်။ တချို့ လူငယ် ကဗျာဆရာတွေက stunt နည်းနည်းများတယ်။ အသစ်အဆန်း လုပ်ချင်လွန်း အားကြီးနေကြတယ်။ တစ်ခါတလေကျတော့လဲ အသစ်အဆန်း လုပ်ချင်လွန်းအားကြီးတော့ အစွန်းရောက်သွားပြီး နားမလည်နိုင်တော့ဘူး။ ကျန်တဲ့လူတွေလဲ နားမလည်ဘူး။ သူတစ်ယောက်တည်းပဲ နားလည်တယ်။ သည်အခါကျတော့ ကျွန်တော်ကတော့ ကြည်အေးတို့နဲ့ မတူဘူး။ ကဗျာဆိုတာ ကိုယ့်ရင်ထဲက ခံစားချက်ပဲ၊ ဘာပဲ၊ ကိုယ့်ဟာကိုယ်စပ်တယ် စသဖြင့်။ ဒါဆိုရင် ကိုယ်ဟာကိုယ်ပဲ စပ်၊ ကျွန်တော်တို့ လာမဖတ်ခိုင်းနဲ့။ ကျွန်တော် မဖတ်ဘူး။ ကဗျာတို့စာတို့ဆိုတာ လူဖတ်ဖို့ ရေးတာ။ ကိုယ့်ရင်ထဲရှိတာ ကိုယ်ရေးလိုက်တာပဲ၊ နားလည်လည် မလည်လည်ဆိုတဲ့ အယူအဆကို ကျွန်တော် လက်မခံဘူး။ လုံးဝ လက်မခံဘူး။
ဒါအခု ကျွန်တော်မရေးသင့်သေးလို့ မရေးတာ။ စာရေးဆရာ ခပ်ကြီးကြီးတွေကလဲ ဒါမျိုး ပြောနေကြတယ်။ ကိုယ့်အချင်းချင်း သည်အချိန်မှာ စကားများနေရမယ့်အချိန် မဟုတ်လို့ မပြောသေးတာ၊ မရေးသေးတာ။ ကျွန်တော် ဆိုလိုတာက ကဗျာကို စာမတတ်တဲ့ကလေးကလဲ နားလည်ရမယ်ဆိုတဲ့သဘော မဟုတ်ဘူး။ နည်းနည်းလေး educated ဖြစ်တဲ့လူကလည်း နည်းနည်းလေးတော့ နားလည်ဖို့လိုတယ်။ ဘယ်သူမှ သဘောမပေါက်ဘူး။ Educated ဖြစ်တဲ့လူတွေကလဲ သဘောမပေါက်ဘူးဆိုရင် ဒါမျိုး ကျွန်တော်မဖတ်ဘူး။ ဒါ သူ့ personal ကိစ္စ၊ ကျွန်တော့်ကိစ္စတော့ မဟုတ်ဘူး။ ကျွန်တော်စာဖတ်တယ်၊ ကဗျာဖတ်တယ်ဆိုတာ ကျွန်တော့် personal ပဲ။ ခင်ဗျားတို့သည်လိုပဲ ခင်ဗျားတို့ personal အရ ဖတ်တာ။ ဒါအားလုံး သည်လိုပါပဲ။ Pleasure တစ်ခုအတွက် အပျင်းပြေဖတ်နေကြတာ မဟုတ်ဘူး။ အဲသည်စာထဲက တစ်ခုခု လိုချင်လို့၊ သိချင်လို့၊ စာရေးဆရာအကြောင်း၊ လောကအကြောင်း၊ ဘ၀အကြောင်း သိချင်လို့ ဖတ်တာ။
ဒါကြောင့် ခုခေတ် တချို့လူငယ်တွေက ရှေ့ရောက်လွန်းနေတာ တွေ့ရတယ်။ သိပ်နည်းပါတယ်။ ဆိုပါတော့၊ ကဗျာတစ်ပုဒ်မှာ ကောင်းနေပြီး တခြားကဗျာတစ်ပုဒ်မှာ ရှေ့ရောက်လွန်း နေတာမျိုးလည်း ရှိတယ်။ ဒါကတော့ သူ့ mood ပေါ်မှာ တည်တယ်ပေါ့။ အဲသလို ကဗျာမျိုးကို ကျွန်တော် မခံစားတတ်ဘူး။ ဆိုပါတော့၊ ကိုအောင်ဝေးရဲ့ ကဗျာ၊ ကိုသင်းခိုင်ရဲ့ ကဗျာ။ ဆယ်ပုဒ်စီရေးကြလို့ ၉ ပုဒ်စီ ကြိုက်ချင်ကြိုက်မယ်။ တစ်ပုဒ်စီက နားမလည်ဘူးဆိုရင် အဲသည်တစ်ပုဒ်ကို ကျွန်တော် မဖတ်တော့ဘူး။ ဆယ်ပုဒ်စလုံးကို နားမလည်အောင်ရေးရင် အဲသည်လို ကဗျာဆရာရဲ့ ကဗျာကို ကျွန်တော် မဖတ်တော့ဘူး။ သည်အတွက် ကျွန်တော် အချိန်ကုန်မခံဘူး။ ကိုယ်ရေးချင်တာ ရေးလိုက်တာ၊ နားမလည်ရင်လဲ နေပေါ့ဆိုတာက လောကကို စော်ကားတာ။ ကျွန်တော် အစော်ကားမခံဘူး။
အနောက်ကဗျာဆရာတွေလဲ သည်လိုပဲ။ ဂျိမ်းဂျွိုက်စ်၊ သူပြောချင်တာ ဘာလဲ။ ကျွန်တော် နားမလည်ဘူး။ သည်တော့ ကျွန်တော်မဖတ်တော့ဘူး။ ဒါက တချို့သွားနေတဲ့ trend ကို ပြောတာ။ အားလုံးတော့ မဟုတ်ဘူး။ သည်တော့ ကျွန်တော် ယေဘုယျတော့ ပြောချင်တယ်။ အတွေးကောင်းတဲ့လူငယ် တော်တော်များများရဲ့ နိမိတ်ပုံတွေ အားကောင်းတယ်။ ဆန်းသစ်ပြီး မထင်တဲ့ နိမိတ်ပုံတွေ တွေ့ရတယ်။ သဘောကျတယ်။ နည်းနာအားနည်းတာကတော့ လူပုဂ္ဂိုလ် အားနည်းချက် မဟုတ်ဘူး။ ရေးသူနဲ့ဖတ်သူရဲ့ အားနည်းချက်တွေလဲမဟုတ်ဘူး။ ဒါက စမ်းနေတဲ့ အချိန်ကိုး။ ကျွန်တော် စိုးရိမ်တာက အားနည်းနေတဲ့ နည်းနာကို အကောင်းလို့ ယူဆလိုက်မှာ စိုးတယ်။ အားနည်းနေတဲ့နည်းနာကို established ဖြစ်နေပြီထင်မှာ စိုးတယ်။ ဒါကိုတော့ ကျွန်တော်တို့ ဆန်းစစ်ရမယ်။ သည်ခေတ်ကဗျာတွေဟာ ခေတ်စမ်းထက်သာတယ်၊ အားကောင်းတယ်။ ဒါက ခင်ဗျားတို့ဘ၀က ခေတ်စမ်းဖြတ်သန်းခဲ့ရတဲ့ဘ၀နဲ့ မတူတာလဲ ပါတယ်။
ခေတ်စမ်း ဖြတ်သန်းမှုဘ၀က အမျိုးသားရေးလှုပ်ရှားမှု ဆိုတယ်ဆိုပေမယ့် သမားရိုးကျ ဆန်တယ်။ ကြမ်းတမ်းတဲ့ အကွေ့အချိုးတွေ များတယ်။ Current, Counter Current စသဖြင့် သိပ်ကို ၀င်္ကပါဆန်တယ်။ ရှုပ်ထွေးနေတဲ့ခေတ်ကို ဖြတ်သန်းရတဲ့ခေတ်မှာ ခင်ဗျားတို့က ခေတ်စမ်းထက် ပိုအားကောင်းတယ်လို့ပဲ ပြောရမှာပဲ။ ဒါကတစ်ချက်။ နောက်တစ်ချက်က ခေတ်စမ်း။ ခေတ်စမ်းမှာ ကောင်းတာရှိတယ်၊ မကောင်းတာ ရှိတယ်။ မကောင်းတာ ဘေးဖယ်ထားခဲ့မယ်၊ ကောင်းတာဆက် သယ်ဆောင်မယ်။ ကျွန်တော်တို့လဲ ဟိုတုန်းက ပြင်းထန်ခဲ့တာပဲ။ ဟိုတုန်းက ကုန်းဘောင်ခေတ် စာပေ၊ ကိုလိုနီခေတ်စာပေဆိုရင် ဓနရှင်စာပေ ခေါ်ခဲ့ကြတာပဲ။ ပြန်ကြည့်လိုက်တော့ ကုန်းဘောင်ခေတ်စာပေထဲမှာ အမျိုးသားယဉ်ကျေးမှု ရှိတယ်။ အမျိုးသားယဉ်ကျေးမှု ဆင်းသက်လာတာ တွေ့ရတယ်။ ဆင်းလာတဲ့ အမျိုးသားယဉ်ကျေးမှုထဲက ကောင်းတာ ဆက်သယ်သွားခဲ့ကြတာပဲ၊ မကောင်းတာ ထားခဲ့ရတာပဲ။ ဒါယေဘုယျပေါ့ဗျာ။ တချို့ လူငယ်တွေက ခေတ်စမ်းရိုက်ချိုးရမယ် ဘာညာ "....."စတာ၊ ကျွန်တော်သဘောမတူဘူး။ သူ့မှာလဲ အကြောင်းတော့ ရှိမယ်။ ဒါတော့ ကျွန်တော် မသိဘူး။ ကျွန်တော်က သဘောမတူဘူး။ "....."က ခေတ်သာရှေ့ရောက်တယ် ထင်ရတာ အင်မတန် ကွန်ဆာဗတစ်ဖြစ်တဲ့လူ။ ခေတ်စမ်းကို ကြိုက်တော့လည်း "ဦး...."ရဲ့ ဂိုဏ်းကိုကြိုက်တာ တွေ့ရတယ်။ နောက်ပြန်ရောက်တဲ့ ဂိုဏ်းကိုမှ သဘောကျနေတာ တွေ့ရတယ်။ ခေတ်စမ်းမှာလဲ တိုးတက်တဲ့ဂိုဏ်း၊ ဖောက်ပြန်တဲ့ဂိုဏ်း နှစ်ဂိုဏ်း ရှိခဲ့တာပါပဲ။ ဆရာကြီးကို စော်ကားခဲ့တဲ့ ဂိုဏ်း၊ ဒါ ရှိခဲ့တာပါပဲ။ သို့သော် ခေတ်စမ်းလဲ သူ့ခေတ်နဲ့သူ တိုးတက်တာပဲပေါ့ဗျာ။ "...."က ခေတ်စမ်းကုန်ပြီဆိုလိုက်တော့ နောက်ပိုင်း ရိုက်ချိုးရမယ်တွေ ဘာတွေဖြစ်လာခဲ့တယ်။ ခေတ်စမ်း ရိုက်ချိုးရင် ဒဂုန်တာရာကို ခေတ်စမ်းက မွေးထုတ်လိုက်တာ။ ကျွန်တော်တို့ကို ခေတ်စမ်းရဲ့ လူတွေက မွေးထုတ်လိုက်တာ။ ဒါ သူ့အပိုင်းနဲ့သူ ရှိခဲ့တာပဲ။ လူငယ်တွေရဲ့ စိတ်ထဲမှာ အဲလို ပစ်ပယ်ချင်တဲ့သဘောတွေ ရှိနေတာကို စိစစ်ဖို့၊ ကိုယ့်ကိုယ်ကိုယ် မေးဖို့လဲ လိုတယ်။ ဟုတ်ကော ဟုတ်ရဲ့လား။ ပယ်ကော ပယ်မလား၊ ပယ်ရင်ကော ဘာကြောင့် ပယ်မလဲ စသည်ဖြင့်ပေါ့ဗျာ။ ဒါပေမဲ့လို့ ကျွန်တော် ရဲရဲပြောရဲတာက ကနေ့လူငယ်တွေရဲ့ အတွေးအခေါ်ဟာ ခေတ်စမ်းထက် သာတယ်။
ခေတ်စမ်း ဘယ်မှာကုန်သွားသလဲ ကြည့်ရင် "ပျဉ်းမငုတ်တို"မှာ ကုန်သွားတယ်။ အတွေးအခေါ်ကို ပြောတာ။ ဇော်ဂျီရဲ့ "ဗေဒါလမ်း" မှာ ကုန်သွားတယ်။ မကောင်းဘူးပြောတာ မဟုတ်ဘူးနော်။ လောကနဲ့ ဘ၀ကို ဆင်ခြင်တာ သည်မှာ ကုန်သွားတယ်။ ဒါနဲ့ ပြီးသွားတယ်။ ဒါကို ပြောတာ။ ခင်ဗျားတို့ကျတော့ ရှုပ်ထွေးတဲ့ ဘ၀ကို ဖြတ်သန်းရတော့ သည့်ထက် ရှုပ်ထွေးရတာကို ဆင်ခြင်နေကြရတယ်။
"ဒါ ကနေ့ ကျွန်တော်ပြောချင်တယ်၊ ယေဘုယျ ပြောရတော့ ခင်ဗျားတို့က ဖြည့်နားလည်ပေးဖို့လဲ လိုမယ်"
Sunday, March 21, 2010
ယနေ့ခေတ်ပေါ် ကဗျာအပေါ်အမြင် - မြသန်းတင့်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment