Tuesday, March 23, 2010

ဒီသတင်းတွေ ဒီလိုကြားတယ်


ဂျာနယ်တွေက သတင်းတွေကို ပြန်ကူးတင်ပေးတဲ့ သတင်းပုံစံမဟုတ်ဘဲ ကျွန်တော်ဖတ်မိသမျှ သတင်းတွေကို လ္ဘက်ရည်ဆိုင်မှာထိုင်ရင်း လက်တို့သလိုမျိုး ပြောပြမှာပါ။ ပုံစံသစ်တစ်မျိုးနဲ့ ဆိုပါတော့။ သတင်းစိတ်ဝင်စားသူတွေအတွက်ပါ။

(၁)
အမေရိက တက္ကသိုလ်တွေမှာ စာသင်ခန်းတွေထဲကို ကျောင်းသူကျောင်းသားတွေ Laptop တွေ ယူလာခွင့် မပြုတော့တဲ့သတင်းကို ဒီတစ်ပတ်ထဲမှာ ကျွန်တော် စိတ်အ၀င်စားဆုံးပဲ။ ရှေ့မှာဆရာစာသင်နေတာကို စိတ်မ၀င်စားဘဲ ကွန်ပျူတာတွေနဲ့ အင်တာနက်တွေမှာပဲ စိတ်ရောက်နေကြလို့တဲ့။ အင်း... သူတို့မှာလည်း ခက်ပါရဲ့နော်။ ကိုယ်တိုင်ကလည်း စာသင်နေရတဲ့ ကျောင်းဆရာဆိုတော့ ကိုယ့်ကျောင်းသားတွေကို Laptop လေးတွေ တစ်လုံးစီ ကိုယ်စီကိုင်ပြီး Lecture လိုက်တာတွေ၊ Reference စာအုပ်တွေကို ကွန်ပျူတာထဲမှာပဲ ချက်ချင်းလေ့လာနိုင်၊ ဖတ်နိုင်ရင် အဆင်ပြေမှာပဲလို့ စဉ်းစားနေတုန်းပဲ ရှိသေးတယ်။ သူတို့ဆီမှာက ပိတ်တောင်ပိတ်လိုက်ပြီ။ အမယ်... အဲဒီလို ပိတ်လိုက်တဲ့အတွက် အမေရိကန် ကျောင်းသားတစ်ဦးက ဘာပြောတယ်မှတ်လဲ၊ Laptop တွေ မယူရရင်လည်း အင်တာနက်သုံးနိုင်တဲ့ မိုဘိုင်းလ်ဖုန်းတွေ သုံးမှာပေါ့တဲ့။ ကျွန်တော့်စိတ်ကူးတွေကို ခဏလေး Pause ပေးထားလိုက်ပါတယ်။

(၂)
ဂျာနယ်တိုင်းနီးနီးလောက်မှာပါနေတဲ့ ရန်ကုန်မြို့က သက်တမ်းလွန် အဆောက်အအုံတစ်ခု ပြိုကျပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေဆဲ ကျောင်းသူတစ်ဦး သေဆုံးသွားရတဲ့ သတင်းကိုလည်း စိတ်ဝင်စားမိတယ်။ ပြိုကျတာ၊ လူသေတာကို စိတ်ဝင်စားတာ မဟုတ်ပါဘူး။ အဲဒီပြိုကျတဲ့ အဆောက်အအုံကို အန္တရာယ်ရှိတဲ့အတွက် နေထိုင်မှုမပြုဖို့နဲ့ ဖယ်ရှားကြဖို့ ရန်ကုန်စည်ပင်က သတိပေးထားပြီးသား ဖြစ်ပါသတဲ့။ အဲဒီလို သတိပေးထားတဲ့ ကြားကနေပဲ အဆောက်အအုံပိုင်ရှင်က အကြီးစားပြင်ဆင်မှုတောင် ပြုလုပ်ပြီး နေထိုင်လိုက်ပါသေးသတဲ့။ အဲဒီတော့ ဒီအဆောက်အအုံ ပြိုကျတာ ဘာဆန်းလို့တုန်းဗျာ။ ၁၉၁၁ ခုနှစ်က ဆောက်ခဲ့တဲ့ အဆောက်အအုံတဲ့။ ပြီးတော့ ဒုတိယကမ္ဘာစစ်အတွင်းကလည်း ဗုံးဒဏ်ခံထားရဖူးသတဲ့။ ကဲ... ကျွန်တော်တို့မြန်မာတွေက ဖြစ်တော့မှသာ ဖြစ်ပြီဟ၊ သွားပြီဟဆိုပြီး မျက်ကလူးဆန်ပြာ ဖြစ်တတ်ကြတယ်၊ သတိပေးတုန်းကတော့ နည်းနည်းလေးမှ ဂရုမစိုက်ကြဘူး။ အဲဒီတိုက်ပြိုကျတာကိုပဲ မဆီမဆိုင်တဲ့လူတွေကို ရှာကြံပြီး အပြစ်တင်တတ်တဲ့ လူတွေကလည်း ရှိသေးတယ်။ အံ့သြလို့ကို မဆုံးဘူး။

(၃)
မြန်မာအမျိုးသမီးတွေ တရုတ်နိုင်ငံကို မယားအဖြစ် ရောင်းစားခံရတဲ့ သတင်းတွေကလည်း အခုတလော တော်တော်လေးကို ခပ်စိပ်စိပ် ဖတ်လာရတယ်။ လူကုန်ကူးမှုတွေဘာတွေ ကျွန်တော်မပြောတော့ပါဘူး။ အဓိက,ကတော့ မက်လုံးပေးတဲ့ ငွေကြေးတွေကြောင့် ဖြစ်ကြတယ်ဆိုတာကို သတိထားမိတယ်။ အရောင်းခံရတဲ့ မိန်းကလေးအများစုဟာ ဘာအလုပ်ရမယ်၊ ညာအလုပ်ရမယ်ဆိုလို့ လိုက်သွားကြတာကို အပြစ်မပြောပါဘူး။ ဒါပေမယ့် သူတို့လိုက်သွားတဲ့ မူလရည်ရွယ်ချက်က အဲဒီရမယ့်အလုပ်မှာပဲ အခြားသူတွေ မရနိုင်တဲ့လစာမျိုး ရမှာကြောင့်ဆိုတဲ့ အချက်က အဓိကဖြစ်နေတယ်။ ဆိုလိုတာကဗျာ... အိမ်ဖော်လုပ်ရမယ်ပေါ့၊ တစ်လကို တစ်သိန်းပေးမယ်၊ လုပ်မလားဆိုတဲ့အခါ၊ အလုပ်ဟူသမျှ ဂုဏ်ရှိစွဆိုတဲ့စိတ်နဲ့ အိမ်ဖော်အလုပ်လည်း ဘ၀ပေးအခြေအနေအရ လုပ်မယ်ဆိုတာကို နားလည်ပါတယ်။ ဒါပေမယ့် အိမ်ဖော်တစ်ယောက်ကို တစ်သိန်းပေးမယ်ဆိုတာ ဖြစ်နိုင်ရဲ့လား၊ ဘာကြောင့်တစ်သိန်းပေးရသလဲ၊ အခြားအိမ်ဖော်လုပ်တဲ့လူတွေရော တစ်သိန်းရကြရဲ့လား စဉ်းစားမိကြဖို့ကောင်းတယ်။ အဲဒီလိုပြောတော့လည်း ပြန်ပြောကြဦးမယ်။ အဲဒီလို အသိဉာဏ်မရှိလို့လည်း အဲဒီလိုအလုပ်တွေ လုပ်စားကြတာပေါ့လို့။ မပြောချင်တော့ပါဘူးဗျာ။ ကိုယ့်ဘာသာကိုယ် အလုပ်ရမယ်ဆိုတုန်းက ဘယ်သူ့ကိုမှ မတိုင်ပင်ဘူး။ ပြီးတော့မှ အဖေကယ်ပါ၊ အမေကယ်ပါ၊ ဘာအခြေအနေကြောင့် ဒီလိုတွေ ဖြစ်နေရတာ၊ ခေတ်ကဘာဖြစ်တယ်ဆိုပြီး ပြောကြဦးမယ်။ ထားလိုက်ပါတော့။

(၄)
သီချင်းရေးဆရာများအဖွဲ့က ကြေညာချက်တွေထုတ်ထားတာကို လူတိုင်းအသိပါ။ သူတို့ရေးတဲ့သီချင်းတွေ ဆိုမယ်ဆိုရင် ကြိုတင်အကြောင်းကြားဖို့၊ ညှိနှိုင်းဖို့၊ ဘာညာပေါ့ဗျာ။ အမယ်... ဂျာနယ်တစ်ခုထဲမှာ ဖတ်လိုက်ရတာက အဲဒီတေးရေးဆရာများအဖွဲ့က Iron Cross မန်နေဂျာ ကိုကိုလွင်ဆီကို သီးခြားအကြောင်းကြားစာ ပို့တယ်လို့ ဆိုသဗျ။ ဘာကြောင့်လဲ၊ ဘာအတွက်လဲ ဆိုတာတော့ ကျွန်တော်လည်း မသိဘူး။ ကိုယ့်ဘာသာကိုယ်သာ တွေးကြည့်ကြပေတော့။

(၅)
ငလျင်နဲ့ပတ်သက်တာတွေ အခုတလော တအားကို ပေါ်ပြူလာဖြစ်နေတယ်။ သူငယ်ချင်းတစ်ယောက်က သူဖတ်မိသမျှ ပြောတာများဆိုရင် ကျွန်တော့်မှာ ထိုင်နေရင်းတောင် ထပြေးချင်စိတ် ပေါက်သွားမိတယ်။ ကျွန်တော်တို့နိုင်ငံဟာ ဘယ်ငလျင်ကြောမှာ ပါတယ်၊ ဘယ်လို အန္တရာယ်ရှိတယ် စသဖြင့် ပြောတာတွေကို နားထောင်ပြီး လင်းနို့တွေလိုမျိုး အိပ်ရရင် ကောင်းမလားလို့ တွေးနေမိတယ်။ (အဲဒီငလျင်ကြောက အခုမှ မြန်မာနိုင်ငံအောက်ကို ပြောင်းလာတာတော့ ဟုတ်ဟန်မတူပါဘူးနော်။ ဒါဆိုရင်....)

(၆)
၂၀၁၀ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ဥပဒေတွေထွက်လာတဲ့အတွက် အရင်ဦးဆုံး အကျိုးရှိသွားတာကတော့ ဘယ်ပါတီတွေမှ မဟုတ်ဘူး။ စာစောင်တွေ၊ ဂျာနယ်တွေပါပဲ။ သတင်းတစ်ခုတည်းကို တစ်စောင်နဲ့တစ်စောင် ပုံစံအမျိုးမျိုးနဲ့ ရေးထားကြတာများ မချီးကျူးဘဲကို မနေနိုင်ပါဘူးဗျာ။ အဲဒါကြောင့်လည်း သူတို့တွေ အခုအချိန်ထိ ရပ်တည်နေကြတာပဲလို့ ကောက်ချက်ချမိပါတယ်၊ မှတ်သားမိပါတယ်။

ကဲ... ဒီလောက်နဲ့ တော်ဦးမယ်ဗျာ။ ဆုံကြသေးတာပေါ့။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် မတ်လ ၂၃ ရက်၊ အင်္ဂါနေ့။
ည ၁၀ နာရီ ၀၅ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics