လူတစ်ဦးသည် ဘ၀တွင် အီစိမ့်နေပြီဖြစ်သည့်အတွက် ဆက်လက်ပြီး အသက်ရှင် မနေချင်တော့ဘူးဟု နော်မန်ဗင့်ဆင့်ထ်ပီယာလေထံ လာရောက်အကြံဉာဏ် ယူပါသည်။
"ခင်ဗျားကြည့်ရတာ ဆက်ပြီး အသက်ရှင်နေချင်တဲ့စိတ်တောင် ကုန်နေပြီထင်တယ်" ဟု နော်မန်ဗင့်ဆင့်ထ်ပီယာလေက ပြောပါသည်။
"ဟုတ်ပါတယ် ဆရာ၊ အခုချက်ချင်းပဲ သေချင်လှပါပြီဆရာ" ဟု ချက်ချင်းပြန်ဖြေကြားပါသည်။ ထိုသဘောထားမှတ်ချက်ကို ကြားရသော ပီယာလေက စမ်းသပ်မှုလေးတစ်ခု ပြုလုပ်ကြည့်ရန် ဆုံးဖြတ်လိုက်ပါသည်။
"ခင်ဗျား မနက်ဖန်အိပ်ရာက ထတာနဲ့တစ်ပြိုင်နက် အဲဒီနေ့ဟာ ခင်ဗျားအတွက် အသက်ရှင်ပြီးနေဖို့ နောက်ဆုံးနေ့အဖြစ် စိတ်ကူးပါ။ နောက်ဆုံးနေ့အဖြစ် ဟန်ဆောင်နေကြည့်ပါ။ ဒီအိပ်ရာပေါ်အိပ်တာ ဒါနောက်ဆုံးအိပ်ခြင်းပဲ။ အခုအိပ်ခဲ့တာ နောက်ဆုံးအိပ်ခြင်းပဲလို့ သင့်ကိုယ်သင် ပြောပါ"
"မနက်စာ သွားစားတဲ့အခါလည်း နောက်ဆုံးနံနက်စာအဖြစ် သဘောထားစားပါ။ နောက်ဆုံးပိတ် နံနက်စာဖြစ်သဖြင့် သင်ကြိုက်တာတွေ အားလုံးကျွေးဖို့ သင့်ဇနီးအား ပြောပါ။ စားရင်း သတင်းစာတွေဘာတွေ မဖတ်ပါနှင့်။ သင့်ဇနီးနှင့် စကားပြောပါ။ နောက်ဆိုရင် သင့်ဇနီးနှင့် စကားပြောခွင့် ရတော့မည်မဟုတ်တော့သဖြင့် အချိန်ယူပြီး စကားပြောပါ"
"အလုပ်သွားဖို့ ဘူတာရုံကို သွားတဲ့အခါ ဖြည်းဖြည်းလျှောက်သွားပါ။ သင့်နေအိမ်လေးကို သေသေချာချာ ကြည့်သွားပါ။ သင့်မြို့ကိုလည်း ဂရုတစိုက် ကြည့်ပါ။ နောက်ဆုံးပိတ်ကြည့်ခြင်းအဖြစ် အိမ်နီးချင်းတွေကိုလည်း ကြည့်ပါ။ ရထားစီးနေစဉ် ထိုခရီးသည် သင်နေသော ဒေသမှ မြို့သို့သွားသော နောက်ဆုံးအခေါက်ဖြစ်သည်ကို စိတ်ထဲတွင် မှတ်ယူထားပါ။ သင် မကြိုက်တာတွေကိုလည်း နောက်ဆုံးအနေဖြင့် တစ်ချက်ကလေးဝင့်ပြီး ကြည့်လိုက်ပါ။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ သင်နောက်တစ်ကြိမ် တွေ့ခွင့်ရတော့မည် မဟုတ်တော့ပါ" ဟု ပီယာလေက ပြောပြပါသည်။
ပီယာလေက လုပ်ဆောင်ရမည့် အချက်များအားလုံးကို ပြောပြပါသည်။ လာမေးသူက ထိုစမ်းသပ်မှုတွင် လက်တွေ့ပါဝင် လုပ်ဆောင်မည့်အကြောင်းနှင့် ရလာသော အကျိုးရလဒ်ကို ပြန်ပြောပြမည့်အကြောင်း သဘောတူပါသည်။ ထိုသူပြောပြသော ရလဒ်ကို ပီယာလေက အောက်ပါအတိုင်း ပြန်ပြောပြပါသည်။
သူသည် နောက်နေ့အထိပင် မစောင့်တော့ပါ။ နေ့တိုင်းကို နောက်ဆုံးနေ့အဖြစ် သဘောထားခဲ့ပါသည်။ အိမ်အပြန် ရထားပေါ်တွင် ယခင်ကလို သတင်းစာမဖတ်ဘဲ ရထားပြူတင်းမှ အပြင်သို့ ကြည့်လာခဲ့ပါသည်။ ကျေးလက်၊ မြို့ရွာများမှ အလင်းများ၊ သဘာဝအလှများသည် စိတ်လှုပ်ရှားစရာ ကောင်းလှသည်ကို တွေ့ပါသည်။ ထိုခရီးသည် စိတ်ချမ်းသာစရာကောင်းသော ခရီးဖြစ်သည်ကို သူက ပြောပြပါသည်။ ကြယ်တွေ တောက်ပနေသော ကောင်းကင်၊ လရိပ်ဆမ်းထားသော လမ်းတစ်လျှောက် အေးအေးသာသာ လမ်းလျှောက်ပြီး အိမ်သို့ပြန်လာခဲ့ပါသည်။ အိမ်ရောက်သည့်အခါ ကိုယ်တိုင်သော့ဖွင့်ပြီး ၀င်မည့်အစား လူခေါ်ခေါင်းလောင်းကို တီးလိုက်ပါသည်။ တံခါးပွင့်သောအခါ လွန်ခဲ့သော ၃၅ နှစ်က ချစ်ချစ်ခင်ခင် မြတ်မြတ်နိုးနိုး လက်ထပ်ခဲ့သောဇနီးကို လျှပ်စစ်မီးရောင်အောက်တွင် တွေ့ရပါသည်။ တွေ့တွေ့ချင်း ကျွန်တော့်ဇနီးကို လှမ်းဖက်လိုက်ပြီး တစ်သက်လုံး တစ်ခါမှ မနမ်းဖူးသော အနမ်းဖြင့် တစ်ဦးနှင့်တစ်ဦး နမ်းကြပါသည်။
ထိုအချိန်မှာပင် နောက်နေ့အတွက် ကျွန်တော် ဆက်လက်အသင်ရှင်ပြီးနေမယ်လို့ ဆုံးဖြတ်လိုက်ပါသည်။ နောက်နေ့တွေလည်း သက်တမ်းရှည်သရွေ့ ဆက်နေမည်ဟု ဆုံးဖြတ်လိုက်ပါသည်။" ဟု ထိုလူက ပြောပြကြောင်း ပီယာလေက ရှင်းပြပါသည်။
ဒေါက်တာ သိန်းလွင် ၏ စိတ်ကျန်းမာရေး အတွေးစာစုများ
စာမျက်နှာ - ၁၂၅ မှ ၁၂၈
No comments:
Post a Comment