ကဗျာဟူသည်
ကဗျာဆိုသည်မှာ လေးနက်သာယာအောင် ဖွဲ့စပ်ထားသော စကားလုံးအစုပင် ဖြစ်လေသည်။ လေ့လာလိုက်စား၊ စိတ်ကူးဉာဏ်ပွါးသူတို့သာ နိုင်နင်းကျွမ်းကျင်စွာ ဖွဲ့စပ်သီကုံးနိုင်သည့် အရာဖြစ်၍၊ လေ့ကျက်ဉာဏ်ဝင်စားသူတို့သည်သာ ပို၍ ထိမိနက်နဲစွာ စိတ်ဝင်စားတတ်သော အရာဖြစ်သောကြောင့် "ပညာရှိတို့၏ ဥစ္စာ" ဟူ၍လည်း တင်စားဝိဂြိုဟ်ပြုကြလေသည်။ အပြန်အလှန်အားဖြင့်လည်း ကဗျာဖွဲ့ဆိုနိုင်စွမ်းသူအား ပညာရှိက၀ိဟူ၍လည်း သတ်မှတ်ကြပြန်လေသည်။
ကဗျာသည် စကားလုံးများကို ရွေးချယ်ဖွဲ့စပ်ထားသော စကားစုမျှပင် မဟုတ်ပေ။ အသံစွန်းတည်းဟူသော ကာရန်အသံထပ်များ စနစ်တကျ ပါဝင်အောင်လည်း ဖွဲ့ထားပေသည်။ လေးနက်သော အတွေးအခေါ်များလည်း သွတ်သွင်းထားပေသည်။ တင်စားမှု၊ ဉာဏ်ကစားမှုများလည်း ပါလေသည်။ စိတ်ဝင်စားစရာ အကြောင်းရပ်လည်း ပါရှိပေသည်။ လှပသောစကားလုံး၊ တိုတိုနှင့် ထိမိသော စကားလုံးများကိုလည်း ရွေးစပ်သီကုံးထားပေသည်။ ဤသို့ အချင်းအင်္ဂါအရပ်ရပ်နှင့် ပြည့်စုံသော စကားစုကိုသာ ကဗျာဟူ၍ ခေါ်ဆိုနိုင်ပေသည်။ ဤသို့သော အချင်းအင်္ဂါရပ်များ ပါရှိသဖြင့်လည်း ကဗျာသည် နှစ်သက်စဖွယ် ဖြစ်ရပေသည်။ စိတ်ဝင်စားဖွယ် ဖြစ်ရပေသည်။ ရွတ်ဆို၍ ငြိမ့်ညောင်းသာယာရပေသည်။ စဉ်းစား၍ လေးနက်ရပေသည်။ တိုတိုနှင့် အဓိပ္ပါယ် ထိမိရပေသည်။ ဤသို့လျှင် ကဗျာသည် စကားပြေနှင့် ကွားခြားနေပေသည်။ အဖွဲ့အနွဲ့အကောင်းဆုံးသော စကားပြေသည်ပင် ကဗျာ၏ အရသာကို နှိုင်းယှဉ်၍ မှီနိုင်ဖွယ်မရှိပေ။
ကဗျာအစိတ်အပိုင်း
ကဗျာတစ်ပုဒ်တွင် အကြောင်းအရာ၊ အတွေးအခေါ်၊ ကာရန်အဖွဲ့အနွဲ့ဟူ၍ အခြေခံသုံးရပ် ပါဝင်ရမည်ကို ကောင်းစွာသဘောပေါက်ကြပေလိမ့်မည်။ ကာရန်အဖွဲ့အနွဲ့သာလျှင် ပါရှိ၍၊ အကြောင်းအရာ၊ အတွေးအခေါ် မပါလျှင်လည်း ကဗျာဟူ၍ မဆိုနိုင်ပေ။
တစ်ဖန် အကြောင်းအရာပါရှိသော်လည်း အတွေးအခေါ် မရှိပါက ကာရန်ရှိပါလျက်လည်း ကဗျာဟူ၍ မသတ်မှတ်နိုင်ကိုလည်း သတိပြုရပေဦးမည်။ ကာရန်မိ၍ အကြောင်းအရာ အဓိပ္ပါယ်ရှိရုံမျှကို ကဗျာဟူ၍ ခေါ်ဆိုရန် ခက်ခဲပေသည်။ ကဗျာ၏ အင်္ဂါကြီးနှစ်ရပ် ပြည့်စုံသဖြင့် ကဗျာဟု ခေါ်လိုပါမူလည်း "အရသာမရှိသောကဗျာ" သို့မဟုတ် "ကဗျာပေါ့" တစ်ပုဒ်ဟူသည်ထက် ပို၍ ခေါ်ဆိုလက်ခံနိုင်မည်မဟုတ်ပေ။
အတွေးအခေါ် ပါရှိရုံမျှနှင့်လည်း ကဗျာဟူ၍ မဆိုနိုင်ပေ။ အတွေးအခေါ်နှင့် အဓိပ္ပါယ်သာလျှင်ရှိ၍ ကာရန်ဟူ၍ တစ်လုံးမျှ မညီညွတ်သော စကားစုတို့ကို ကဗျာဟူ၍ မခေါ်ဆိုနိုင်ပါ။
ထို့ကြောင့် အကြောင်းအရာတစ်ခုခုကို အရသာပေါ်အောင် တင်စားဖွဲ့နွဲ့၍ ကာရန်စနစ်တကျ တင်ပြရေးသီသော စကားကိုသာ ကဗျာဟူ၍ ခေါ်ဆိုနိုင်ပေသည်။ အကြောင်းအရာ၊ အတွေးအခေါ်နှင့် ကာရန်တို့ ပြည့်စုံလုံလောက်မှသာလျှင် ကဗျာဟု ခေါ်ဆိုနိုင်ပေမည်။
ကဗျာသုံးမျိုး
ထူးခြားကဗျာ၊ ဖွဲ့စရာကား
ဂါထာပုံသေ၊ စကားပြေနှိုက်
ဆိုခိုက်မိန့်တန့်၊ ရှင်းရှင်းသန့်၏
မတွန့်ညင်းညင်း၊ ပိုဒ်တွင်းသက်သက်
ထွေငေါ်နက်၏။
[ရှင်မဟာသီလ၀ံသ]
ပါဠိဘာသာအားဖြင့် ဗန္ဓဟူသော ပုဒ်ကို မြန်မာတို့က အစီအကုံး အဖွဲ့အနွဲ့ဟု ဘာသာပြန်ကြသည်။ ပုဒ်၊ ပဒ၊ ၀ါကျတို့ကို ပြေပြစ်ချောမောစွာ စပ်ဆိုသီကုံးသော အဖွဲ့ပင်ဖြစ်၏။ ယင်း "အဖွဲ့"ဟု ခေါ်သော ဗန္ဓသည် ပဇ္ဇ၊ ဂဇ္ဇ၊ ၀ိမိဿ ဟူ၍ သုံးမျိုးရှိလေသည်။ ကာရန်နှင့် ရေးစပ်သောအဖွဲ့ကို ပဇ္ဇ၊ စကားပြေနှင့် ရေးစပ်သောအဖွဲ့ကို ဂဇ္ဇ၊ ကာရန် စကားပြေ နှစ်ထွေရောပြီး ရေးစပ်သောအဖွဲ့ကို ၀ိမိဿဟူ၍ အသီးသီး ခေါ်လေသည်။
ကာရန်နှင့်ရေးစပ်သော ပဇ္ဇ အဖွဲ့မှာ ကဗျာပင်ဖြစ်သည်။ ကဗျာဆိုသော စကားမှာ ကာဝေယျ၊ ကဗ္ဗ၊ ကာဗျ၊ ကဗျ ဟူသော သက္ကတ၊ ပါဠိတို့မှ ဆင်းသက်လာသည်။ မူလ ဘူတ ပုဒ်ရင်းမှာ က၀ိဖြစ်သည်။ က၀ိဟူသော ပုဒ်မှ ကာဝေယျဟုလည်းကောင်း၊ ကဗ္ဗဟုလည်းကောင်း၊ ကာဗျဟုလည်းကောင်း၊ ကဗျဟုလည်းကောင်း အမျိုးမျိုး ပြန့်ပွားသွားသည်။ ယင်းတို့မှတဆင့် မြန်မာ့ဘာသာကဗျာ ဖြစ်လာ၏။
ကဗျာဟူသည် က၀ိဖြစ်သောကြောင့် သို့မဟုတ် က၀ိတို့၏ ဥစ္စာဖြစ်သောကြောင့် ကဗျာဟုခေါ်ကြောင်းနှင့် ၀ိဂြိုဟ်ပြုကြသည်။
က၀ိဟူသော ပါဠိစကားကို ပညာရှိသုခမိန် အစရှိသဖြင့် ပြန်ဆိုကြသည်။ က၀ိ၏ အနက်ရင်းမှာ ကဗျာဆရာ ဖြစ်သည်။ ကဗျာကို စပ်ဆိုသောကြောင့်ပင် က၀ိဖြစ်သည်။ ကဗျာသည် က၀ိပိုင် ဥစ္စာဖြစ်သည်။ ကဗျာဖွဲ့ဆိုသောကြောင့် က၀ိ ဖြစ်၍ က၀ိကြောင့်လည်း ကဗျာဖြစ်ရသည်။ က၀ိသည် စိန္တာက၀ိ၊ သုတက၀ိ၊ အတ္ထက၀ိ၊ ပဋီဘာနက၀ိ ဟူ၍ လေးမျိုးရှိသည်။ တစ်ခုခုကို ကြံစည်၍ ကဗျာဖွဲ့ခြင်း၊ ကြားဖူး၍ ကဗျာဖွဲ့ခြင်း၊ အနက်နှင့်စပ်၍ ကဗျာဖွဲ့ခြင်း၊ ထိုးထွင်းဉာဏ်၏ အစွမ်းဖြင့် ကဗျာဖွဲ့ခြင်းဟူ၍ ပြန်ဆိုကြသည်။
ကိုယ်ပိုင်ဉာဏ်ဖြင့် တွေးတောကြံဆ၍ ရေးစပ်သော ကဗျာဆရာကို စိန္တာက၀ိ၊ ဗဟုသုတ သုတေသနပြု၍ ရေးစပ်သော ကဗျာဆရာကို သုတက၀ိ၊ တိုက်ရိုက်ဘာသာပြန်၍ ရေးစပ်သော ကဗျာဆရာကို အတ္ထက၀ိ၊ တင်စားပြီး ဘာသာပြန်၍ ရေးစပ်သော ကဗျာဆရာကို ပဋီဘာနက၀ိဟု ဆိုသင့်လေသည်။ ဤလေးမျိုးဖြင့် ကဗျာကို ဖွဲ့ဆိုသော ကဗျာဆရာ လေးမျိုးဖြစ်၏။
ကဗျာဆရာ
အလင်္ကာဋီကာဆရာက ကဗျာဆရာတစ်ယောက် ဖြစ်မြောက်ရန်အတွက် အချက်သုံးချက်၊ အင်္ဂါသုံးရပ်နှင့် ညီညွတ်ရမည်ဟု ဆိုလေသည်။ ယင်းတို့မှာ-
(၁) ပင်ကိုယ်သဘာဝ ထိုးထွင်းဉာဏ်၊
(၂) စင်ကြယ်သန့်ရှင်းသော ဗဟုသုတ၊
(၃) မဆုတ်မနစ် ကြိုးစားအားထုတ်ခြင်း။
ဤအင်္ဂါသုံးပါးနှင့် ညီညွတ်မှ ကဗျာဆရာကောင်းတစ်ယောက် ဖြစ်နိုင်မည်ဟု ဆိုလိုခြင်းဖြစ်သည်။ ကဗျာဆရာကောင်း ဖြစ်မှလည်း ကဗျာကောင်းကို ရေးစပ်နိုင်ပေမည်။
ပင်ကိုယ်သဘာဝဉာဏ်သည် ကဗျာဆရာအတွက် လွန်စွာအရေးကြီးသော လက္ခဏာပင်ဖြစ်သည်။ အလင်္ကာဆရာကြီးကမူ "မဟာကဗျာ အစရှိသော ကဗျာကျမ်း၊ ကခြင်း၊ သီခြင်း၊ တီးမှုတ်ခြင်းတို့ကို ပြသော သံဂီတကျမ်း၊ ပြရန်ဇာတ်ဖြစ်သော နာဋက အစရှိသော ကျမ်းမျိုးတို့၌ ချထားအပ်သော စိတ်မျက်စိရှိကုန်သော ပညာရှိတို့သည် မယ်ဘွဲ့ မောင်ဘွဲ့ အစရှိသော အဖွဲ့တို့ကို ရေးသားစီကုံးကြ၏။ ထိုအဖွဲ့အနွဲ့အစီအကုံးတို့သည် လွန်စွာအံ့သြဖွယ် မဖြစ်ကြ" ဟူ၍ ဆိုလေသည်။ သူတစ်ပါးတို့ရေးသော ကဗျာ၊ ပြဇာတ်များကို ကြည့်ရှုနည်းမှီးပြီး မရေးရ။ ကိုယ်ပိုင်ဉာဏ်ဖြင့် တီထွင်ပြီးရေးမှ ချီးကျူးဖွယ်ရာ ကဗျာဖြစ်မည်ဟု ဆိုလိုခြင်းဖြစ်သည်။ သို့ကြောင့် ကဗျာဆရာတွင် ပထမ ပင်ကိုယ်ဉာဏ် ရှိရမည်ဟု ဆိုခြင်းဖြစ်သည်။
ဒုတိယအချက် ပြည့်စုံရမည့်အင်္ဂါမှာ စင်ကြယ်သန့်ရှင်းသော ဗဟုသုတပင်ဖြစ်၏။ ထွေထွေလာလာ များစွာသော အကြားအမြင် အတွေ့အကြုံတို့ကို ဗဟုသုတဟုခေါ်သည်။ ဗဟုသုတ ဟူသမျှကို စင်ကြယ်သန့်ရှင်းသည်ဟု မဆိုနိုင်ချေ။ အချို့သော ဗဟုသုတမှ စင်ကြယ်သန့်ရှင်း၍ အချို့မှာ အညစ်အကြေးတို့ဖြင့် ရောထွေးနေသည်။ မြတ်စွာဘုရားသခင် လက်ထက်တော်က အရှင်ဒေ၀ဒတ်သည် ဘုရားငယ်တစ်ဆူဟု ဆိုရလောက်အောင် ဗဟုသုတကြွယ်ဝပေသည်။ သို့ရာတွင် သူ၏ ဗဟုသုတမှာ သန့်ရှင်းစင်ကြယ်ခြင်း မရှိချေ။ ညီညွတ်နေသော သံဃာများကို မည်သို့မည်ပုံ ကွဲပြားအောင်လုပ်မည်၊ မြတ်စွာဘုရားကို မည်သို့ ဒုက္ခရောက်အောင် လုပ်မည်ဟူသော ဗဟုသုတတို့ ဖြစ်နေ၏။ ထိုကဲ့သို့သော ဗဟုသုတမျိုးမှာ အကျိုးမရှိချေ။ မသန့်ရှင်း မစင်ကြယ်သော ဗဟုသုတပင် ဖြစ်၏။
"အကြင်သူတို့သည် များစွာသော ကျမ်းဂန်အထူးကို ဆည်းပူးခြင်း မရှိချေ။ ဤဗဟုသုတ မရှိသူတို့ဥည် အားကြီးပြင်းထန်စွာသော မောဟသည် နှိပ်စက်အပ်ကုန်သည်ဖြစ်၍ တစ်စုံတစ်ခုသော သဘောကိုမျှလည်း စင်စစ်မသိနိုင်ကုန်။ ဤလောက၌ အကြင်သူတို့အား ဆရာတို့၏ ခြေရင်း၌ကပ်၍ ပညာသင်ကြားခြင်း မရှိကုန်။ ထိုသူတို့ဖြင့် ဘယ်အကျိုးရှိအံ့နည်း၊ စင်စစ် ထိုသူတို့သည် "ထွီ"မူအောင် စပ်ဆုပ်ဖွယ် ကောင်းသူတို့တည်း။ အကြင်သူတို့သည် ဆရာတို့၏ ခြေ၌ကပ်သော မြူမှုန့်တို့ဖြင့်ပြွမ်းသော ဦးခေါင်းရှိအောင် ဆည်းကပ်၍ ပညာသင်ကြားကုန်၏။ ထိုသူတို့သည်သာ ယဉ်ကျေးသော လူကောင်းဖြစ်ကုန်၏။ အကျိုးအပြစ်ကို စိတ်ဖြာခွဲခြမ်းနိုင်ကုန်၏" ဟု အလင်္ကာဆရာ ဆိုလေသည်။ စင်ကြယ်သော ဗဟုသုတရှာဖွေရန် နည်းကောင်းပင်ဖြစ်သည်။
ကဗျာဆရာအတွက် တတိယအချက် ပြည့်စုံရမည့် အင်္ဂါမှာ မဆုတ်မနစ် လုံ့လကြိုးကုတ် အားထုတ်ခြင်းဖြစ်သည်။ "စာသင်ဟူက၊ ကျမ်းထိုမျှကို၊ တွေ့ကမရှောင်၊ ကြောင်ပုဇွန်စား၊ ကျွတ်ကျွတ်ဝါးသို့" ဖြစ်ရမည်။ ဤသို့လျှင် "ဥဇုဘူတ၊ လုံ့လပြင်းစွာ၊ သူ့ထက်ငါဟု၊ နှုတ်မှာရွရွ၊ ကြိုးပမ်းကလျှင်၊ သိပ္ပကျေးဇူး၊ အထူးသိမြင်၊ ပညာရှင်ဟု၊ မထင်မပေါ်၊ မကျော်စောဘဲ၊ တီမှာ လွဲအံ့"။
"အကြင်သူသည် သဒ္ဒါခေါ် ဗျာကရိုဏ်းကျမ်းကို တတ်၏။ အဘိဓာန်ခေါ်ကြသော နိဃဏ္ဍုကျမ်း၊ ဆန်းကျမ်း၊ အလင်္ကာကျမ်းတို့၏ လိမ္မာတတ်မြောက်၏။ အမြဲထုတ်အပ်သော လုံ့လ၀ီရိယရှိ၏။ ထိုသူသည် စာပေစီကုံးခြင်း မရှိသော်လည်း ပညာရှိက၀ိစာဆိုတို့တွင် ပါဝင်၍ မနုံ့သော ကျောစောကိတ္တိကို ရနိုင်သည်သာလျှင်တည်း"
အလင်္ကာဆရာကြီးတို့၏ အာဘော်မှာ ကဗျာရေးလျှင် သူတစ်ပါးရေးသော ကဗျာကို နည်းယူပြီး မရေးနှင့်၊ ကိုယ်ပိုင်ထွင်ဉာဏ်ဖြင့် ရေးနိုင်စေရန် ကဗျာ၏ အခြေခံများဖြစ်သော သဒ္ဒါအဘိဓာန်၊ ဆန်းနှင့် အလင်္ကာတို့ကို လေ့လာရမည်။ ဆရာကောင်း ဆရာမြတ်တို့ထံ နည်းခံပြီး ကြိုးစားသင်ကြားရမည်။ သို့ဖြင့် ကဗျာဆရာကောင်းတစ်ယောက် ဖြစ်မြောက်လာနိုင်ပေသည်။
ကိုးကား -
(၁) ကဗျာလမ်းညွှန်၊ ဦးသော်ဇင်
(၂) ကဗျာအတတ်သင်၊ လှသမိန်
ကိုဉာဏ် (ပန်းလောင်မြေ) စုစည်းတင်ပြသည်။
၂၀၁၀ ပြည့်နှစ် မတ်လ ၂၁ ရက်၊ တနင်္ဂနွေနေ့။
နံနက် ၈ နာရီ ၄၀ မိနစ်တွင်ပြီး၏။
No comments:
Post a Comment