အမေး။
မိတ်ဆွေတစ်ဦးဦးအား ကူညီသည့် အနေဖြင့် တစ်ခါတစ်ရံသာ ငွေထုတ်ချေးခဲ့ခြင်းဖြစ်က ထိုသူကို ငွေချေးစားသူအဖြစ် သတ်မှတ်နိုင်သလား။
အဖြေ။
ငွေထုတ်ချေးခြင်းကို လုပ်ငန်းတစ်ခုအနေဖြင့် လုပ်ကိုင်မှသာ ထိုသူအား ငွေတိုးချစားသူဟု ခေါ်နိုင်မည် ဖြစ်သည်။
[ဦးထွန်းရွှေ နှင့် ဦးဝင်း၊ ၁၉၆၇၊ မြန်မာနိုင်ငံစီရင်ထုံး၊ စာ ၁၄၅]
- - - - - - - - - - - - - - -
အမေး။- - - - - - - - - - - - - - -
မြန်မာဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းအရ အယောင်ဆောင် ထိမ်းမြားခြင်း၊ အရှက်ပြေ လက်ထပ်ခြင်းကို အသိအမှတ် ပြုပါသလား။
အဖြေ။
အယောင်ဆောင်ထိမ်းမြားခြင်း၊ အရှက်ပြေ လက်ထပ်ခြင်း စသည့် လက်ထပ်ထိမ်းမြားမှုမျိုးကိုမူကား ဓမ္မသတ်များတွင်လည်းကောင်း၊ ထုံးတမ်းစဉ်လာ ဓလေ့များတွင်လည်းကောင်း မတွေ့ရှိရချေ။
[ဒေါ်တင် နှင့် ဒေါ်ခင်ခင်စော၊ ၁၉၆၇၊ မြန်မာနိုင်ငံစီရင်ထုံး၊ စာ ၃၃၆]
- - - - - - - - - - - - - - -
အမေး။- - - - - - - - - - - - - - -
အမှုသည်တစ်ဦးသည် မိမိအမှုကို လိုက်ပါဆောင်ရွက်ရန် ရှေ့နေတစ်ဦးအား ခန့်ထားပါက ထိုရှေ့နေ၏ လစ်ဟင်းမှုသည် အမှုသည်၏ လစ်ဟင်းမှုဖြစ်သည်ဟု ယူဆနိုင်သလား။
အဖြေ။
ထိုရှေ့နေ၏ လစ်ဟင်းမှုသည် အမှုသည်၏ လစ်ဟင်းမှု ဖြစ်သည်ဟု ယူဆရမည်ဖြစ်သည်။ ထို့ကြောင့် အမှုသည်သည် ထိုလစ်ဟင်းမှုအတွက် အနစ်နာခံရမည်ဖြစ်သည်။
[ဒေါ်ဘဲကွစ် နှင့် ချောင်ဒရီဘရားသားစ်၊ ၁၉၆၆၊ မြန်မာနိုင်ငံစီရင်ထုံး၊ စာ ၈၇၄]
- - - - - - - - - - - - - - -
အမေး။- - - - - - - - - - - - - - -
ဆရာသည် တပည့်အား ရိုက်နှက်ဆုံးမခွင့် ရှိသလား။
အဖြေ။
ဆရာသည် ကျောင်းတွင် တပည့်၏ အုပ်ထိန်းသူ ဖြစ်သည့်အလျောက် တပည့်၏ အကျိုးအတွက် လိမ္မာရေးခြား ရှိစေရန် ရက်ရက်စက်စက် မဟုတ်ဘဲ သင့်တင့်လျောက်ပတ်စွာ သဘောရိုးဖြင့် ရိုက်နှက်ဆုံးမခွင့်ရှိသည်။
[အစိုးရ နှင့် မောင်ဘသောင်း၊ အတွဲ ၃၊ ရန်ကုန်၊ ၆၅၉]
ဒေါသတကြီး ရက်ရက်စက်စက် ရိုက်နှက်ဆုံးမခြင်း မပြုနိုင်ပေ။[မောင်ခွေး နှင့် ပြည်ထောင်စု၊ ၁၉၆၆၊ မြန်မာနိုင်ငံစီရင်ထုံး၊ ၉၈၆]
- - - - - - - - - - - - - - -
အမေး။- - - - - - - - - - - - - - -
လာဘ်ပေးလာဘ်ယူမှုတွင် ပေးသူအား အပြစ်ကင်းသည်ဟု မှတ်ယူပါသလား။
အဖြေ။
လာဘ်ပေး လာဘ်ယူသည့် အမှုတွင် ပေးသူရော ယူသူပါ အပြစ်ကင်းသည်မဟုတ်။
[ဦးအေးသွင် နှင့် ပြည်ထောင်စု၊ ၁၉၆၆၊ မြန်မာနိုင်ငံစီရင်ထုံး(အထူး)၊ စာ ၆]
No comments:
Post a Comment