အမှန်အားဖြင့်ကို လွန်ခဲ့သော အနှစ် ၂၀ က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က ဖွင့်ပေးခဲ့သော စီးပွါးရေးအခွင့်အလမ်းများတွင် ဈေးကွက်စီးပွားရေးစနစ်ဆီသို့ များစွာဦးတည်ခဲ့သော်လည်း တစ်သက်လုံး မှောင်ခိုဖြစ်နေခဲ့သော ဈေးကွက်တွင် အရင်းအနှီး၊ အဆက်အသွယ်နှင့် စွမ်းဆောင်ရည်များ မရှိခဲ့သောကြောင့် အကန့်အသတ်ဖြင့်သာ ဖွံ့ဖြိုးနိုင်ခဲ့သည်ကို တွေ့ရသည်။ တစ်နည်းအားဖြင့် စနစ်က အသင့်ဖြစ်သော်လည်း လူက အသင့်မဖြစ်သည့် သဘောဖြစ်သည်။ ထိုကာလတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၊ ဘဏ်များနှင့် ယနေ့မြင်တွေ့နေရသော ဆလွန်းကားများ ပေါ်ထွန်းလာခဲ့ခြင်းဖြစ်သည်။
ကုမ္ပဏီထူထောင်ရန် ငွေကြေးသောင်းဂဏန်းသာလိုအပ်ပြီး ရက်ပိုင်းအတွင်း ပြီးစီးသည်။ ပို့ကုန်ရငွေကို ရာနှုန်းပြည့် ခံစားခွင့်ရှိခဲ့သည်။ အကြွေးပေးသူရှိက Import First စနစ်ဖြင့် သွင်းကုန်များ သွင်းယူလာနိုင်သည်။ သွင်းကုန်/ပို့ကုန် လိုင်စင် နေ့တစ်ဝက်သာကြာမြင့်သည်။ ကုမ္ပဏီတစ်ခုသည် Line of Business များစွာ လုပ်ကိုင်ခွင့်ရှိသည်။
မြန်မာနိုင်ငံသည် ယခုအခါ စီးပွားရေးတံခါးကို ဒုတိယအကြိမ် ဖွင့်လှစ်နေချိန် ဖြစ်ပါသည်။ ယခုတစ်ကြိမ်တွင် ဈေးကွက်ကြီး၌ ငွေကြေးအရင်းအနှီး၊ အတွေ့အကြုံ၊ လုပ်ရည်ကိုင်ရည်၊ အဆက်အသွယ်များ အသင့်ရှိနေသော စီးပွားရေးလုပ်ငန်းရှင်တို့ ရှိနေပါသည်။
ယနေ့ နိုင်ငံတည်ဆောက်ရေးတွင် ယခုဈေးကွက်နှင့် ယခင်လုပ်ထုံးလုပ်နည်းစနစ်တို့ ပေါင်းစည်းပေးနိုင်လျှင် များစွာ ခရီးပေါက်နိုင်လိမ့်ဦးမည်ဟု ထင်မြင်မိပါသည်။
အယ်ဒီတာ (၁၁-၂-၂၀၁၀)
(The Voice Weekly ဂျာနယ် အတွဲ ၆ အမှတ် ၁၅ မှ အယ်ဒီတာ့အာဘော်ကို ပြန်လည်ကူးယူဖော်ပြပါသည်)
No comments:
Post a Comment