အပ္ပမာဒေါ အမတပဒံ၊ ပမာဒေါ မစ္စုနော ပဒံ။
အပ္ပမတ္တာ န မီယန္တိ၊ ယေ ပမတ္တာ ယထာ မတာ။
မေ့သူသေသူ အတူတူ
မမေ့ခြင်းဟာ မသေခြင်းရဲ့ အကြောင်းပါ။
မေ့ခြင်းကတော့ သေခြင်းရဲ့ အကြောင်းပေါ့။
မမေ့တဲ့သူတွေဟာ ဘယ်တော့မှ မသေကြရတော့ပါဘူး၊
မေ့တဲ့သူတွေကတော့ နောင်လည်း သေကြရမှာဖြစ်သလို အခုလောလောဆယ် အသက်ရှင်နေစဉ်မှာလည်း သေနေသူတွေနဲ့ ဘာမှ မထူးကြပါဘူး။
(တစ်နည်း)
ကုသိုလ်မမေ့ခြင်းဟာ မသေရာနိဗ္ဗာန် ရောက်ကြောင်းဖြစ်သလို၊
ကုသိုလ်မေ့ခြင်းဟာ အသေသံသရာလည်ကြောင်း ဖြစ်ပါတယ်။
ကုသိုလ်မမေ့ရင် အသေသံသရာက လုံးဝလွတ်မြောက်နိုင်ပါတယ်။
ကုသိုလ်မေ့နေရင်တော့ အသေသံသရာက လုံးဝမလွတ်နိုင်တဲ့အပြင် အခုလောလောဆယ်လည်း သေနေတာနဲ့ ဘာမှမထူးပါဘူး။
ဓမ္မပဒဂါထာ (၂၂)
ဧ၀ံ ၀ိသေသတော ဉတွာ၊ အပ္ပမာဒမှိ ပဏ္ဍိတာ။
အပ္ပမာဒေ ပမောဒန္တိ၊ အရိယာနံ ဂေါစရေ ရတာ။
မမေ့ရတာ ပျော်စရာ
မမေ့ခြင်းမှာ ရပ်တည်ပြီး မမေ့ခြင်းကို တိုးပွါးအောင် ပြုလုပ်နေကြတဲ့ ပညာရှိသူတော်ကောင်းတွေဟာ "မမေ့ရင် ဆင်းရဲလွတ်မယ်၊ မေ့ရင် ဆင်းရဲမလွတ်ဘူး" ဆိုတဲ့ မမေ့ခြင်းနဲ့ မေ့ခြင်းရဲ့ ခြားနားချက်ကို အထူးသိကြတဲ့အတွက် မမေ့ခြင်း (အပ္ပမာဒသတိ)နဲ့ နေရတာကို ရွှင်လန်းဝမ်းမြောက်ကြပါတယ်။ အရိယာပုဂ္ဂိုလ်တွေရဲ့ ကျက်စားရာ သတိပဋ္ဌာန်တရား၊ လောကုတ္တရာတရားတွေမှာ မွေ့လျော်ပျော်ပိုက်ကြပါတယ်။
ဓမ္မပဒဂါထာ (၂၃)
တေ ဈာယိနော သာတတိကာ၊ နိစ္စံ ဒဠပရက္ကမာ။
ဖုသန္တိ ဓီရာ နိဗ္ဗာနံ၊ ယောဂက္ခေမံ အနုတ္တရံ။
မမေ့မပျောက် နိဗ္ဗာန်ရောက်
မမေ့ခြင်း (အပ္ပမာဒသတိ)မှာ မွေ့လျော်ပျော်ပိုက်ကြတဲ့ ပညာရှိသူတော်ကောင်းတွေဟာ စူးစူးစိုက်စိုက် ရှုတတ်တဲ့ သမာဓိလည်းရှိ၊ အဆက်မပြတ်ကြိုးစားတဲ့ ကိုယ်ဝီရိယ၊ စိတ်ဝီရိယလည်းရှိ၊ ပန်းတိုင်မရောက်မချင်း နောက်မဆုတ်တဲ့ ခိုင်ခိုင်မြဲမြဲ အားထုတ်မှုမျိုးလည်း ရှိတဲ့အတွက် ယောဂလေးပါးတို့ရဲ့ကုန်ရာ နိဗ္ဗာန်ဆိုတဲ့ အမြတ်ဆုံးတရားကို ထိတွေ့ဆိုက်ရောက်နိုင်ကြပါတယ်။
[အရှင်ဆန္ဒာဓိက ၏ စိတ်အားဖြည့် ဓမ္မပဒ မှ]
No comments:
Post a Comment