စင်ကာပူနိုင်ငံကို ပထမကမ္ဘာခေါ် ကြွယ်ဝချမ်းသာသည့် နိုင်ငံအဆင့်ထဲ ရောက်နေပြီဟု သတ်မှတ်ထားကြသည်။ စီးပွားရေးအရ ပထမတန်းစားနိုင်ငံ အဆင့်ထဲ ရောက်နေပြီဆိုခြင်းကို မငြင်းလိုပါ။ သို့သော် ယဉ်ကျေးမှု အဆင့်အတန်းမှာကား အငြင်းပွားစရာများ အကြောင်းများ ရှိသည်။
စင်ကာပူနိုင်ငံထုတ် The Straits Times သတင်းစာ ၂၃ ဇွန် ၂၀၁၀ နေ့ထုတ်တွင် လူထုအာဘော် ပေးစာတစ်ပုဒ် ပါရှိခဲ့သည်။ စင်ကာပူလူမျိုးတစ်ယောက်က ဘတ်စ်ကားမှတ်တိုင်တစ်ခုတွင် တန်းစီစောင့်နေရင်း ကြုံခဲ့ရသည့် မြင်ကွင်းလေးတစ်ခုအကြောင်းကို ပြန်လည်ရေးသားခြင်း ဖြစ်သည်။
အဖိုးတန်ဝတ်စုံ ၀တ်ထားသော အသက်ကြီးကြီး စင်ကာပူ အမျိုးသားကြီးတစ်ယောက်သည် တန်းစီနေသည့် သူ့ရှေ့က ဖိလစ်ပီနို အမျိုးသမီး (ကလေးငယ်လေးကို ချီပိုးထားသူ) ကို ကျော်ပြီး ရှေ့တိုးသွားကြောင်း၊ လူချင်းတွန်းတိုက်မိသွား၍ အမျိုးသမီးက မကျေမနပ် ပြောသည့်အခါ အဆိုပါ စင်ကာပူလူကြီးက ဖိလစ်ပီနို အမျိုးသမီးကို ဒေါသတကြီး အော်ကြီးဟစ်ကျယ် ကြိမ်းမောင်းတော့ကြောင်း၊ နောက်ဆုံးစကား တစ်ခွန်းမှာ နင်တို့ အလကား လာရှုပ်နေတယ်။ ကိုယ့်တိုင်းပြည် ကိုယ်ပြန်ဟု ပြောခြင်းဖြစ်ကြောင်း၊ ဖိလစ်ပီနို အမျိုးသမီးခမြာ ကလေးငယ်လေးကို ချီပြီး တန်းစီနေသည့်ထဲက ထွက်သွားရရှာကြောင်း ရေးသားထားသည်။
ပေးစာရေးသူက အော်ဟစ်ကြိမ်းမောင်းသော စင်ကာပူလူကြီး၏ အပြုအမူသည် ယဉ်ကျေးသော နိုင်ငံကြီးသား မပီသကြောင်း၊ ဖိလစ်ပီနိုတွေကတော့ စင်ကာပူသားများအပေါ် အများကြီး ခံစားသွားကြမှာ ဖြစ်ကြောင်းရေးကာ ရိုင်းပြသည့် စင်ကာပူသားများအတွက် သူက အားနာနေမိပုံကို ဖော်ပြခဲ့သည်။ နိဂုံးချုပ်၌ သူရေးလိုက်ပုံမှာ ဒဿနဆန်သည်။ "ကျွန်တော် ပိုပြီး စိတ်မကောင်း ဖြစ်ရတာကတော့ ကလေးလေး ချီးထားတဲ့ မိန်းမသားတစ်ယောက်ကို အဲဒီလူကြီး တရားလက်လွတ် နိုင့်ထက်ကလူ ပြောဆိုနေတာကို ကျွန်တော်အပါအ၀င် မည်သူကမှ ၀င်ရောက်ဟန့်တားခြင်း မပြုခဲ့ကြတာ ဖြစ်တယ်။ ၀င်ရောက်ဟန့်တားဖို့ မ၀ံ့ရဲခဲ့ကြတာ ဖြစ်တယ်။ အဲဒီအတွက် ကျွန်တော်တို့ ရှက်မိပါတယ်" လို့ ရေးထားခြင်း ဖြစ်သည်။
ဤကိစ္စနှင့် ဆက်စပ်၍ လွန်ခဲ့သော ၁၅ နှစ်ခန့်က စင်ကာပူခေါင်းဆောင်ကြီး လီကွမ်းယူ စထရိတ်တိုင်းမ် သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်း တစ်ခုတွင် ၁၉၇၉ ခုနှစ်ကစပြီး စင်ကာပူသားများ အပြောအဆို အပြုအမူ ယဉ်ကျေးသိမ်မွေ့ရေးကို လူထုလှုပ်ရှားမှု တစ်ရပ်အဖြစ် ပထမဆုံး တိုက်တွန်းဆော်သြခဲ့ရာ ၁၅ နှစ်ကြာမျှ အဆက်မပြတ် လှုံ့ဆော် ကြပ်မတ်ဆောင်ရွက် လာပြီးသည့်နောက်တွင် အတော်ပင် ယဉ်ကျေးသိမ်မွေ့လာကြပြီဖြစ်ကြောင်း၊ အထူးသဖြင့် လူငယ်လူရွယ်များသည် အပြုအမူ အပြောအဆို ယဉ်ကျေးသိမ်မွေ့လာကြကြောင်း လီကွမ်းယူကိုယ်တိုင်က ထုတ်ဖော်ပြောဆိုသည်ဟု မှတ်သားခဲ့ရဖူးသည်။
ဘတ်စ်ကားစီးရာမှာလည်းကောင်း၊ အမ်အာရ်တီခေါ် အမြန်ဓာတ်ရထား စီးရာမှာလည်းကောင်း၊ ဓာတ်လှေကားထဲ ၀င်ရာမှာလည်းကောင်း၊ စားသောက်ခန်းထဲ ၀င်ရာမှာလည်းကောင်း၊ အများနှင့် သွားလာဆောင်ရွက်ရသည့် နေရာများတွင် တစ်ယောက်နှင့်တစ်ယောက် လုယက်တိုးဝှေ့ နေရာဦးကြခြင်းသည် ပင်ပန်းဆင်းရဲစရာ ဖြစ်သည်ဟု လီကွမ်းယူက ပြောကြားခဲ့သည်။
လူအများ၏ အမူအကျင့် ရိုင်းစိုင်းကြမ်းတမ်းခြင်းသည် ကီယာဆုအစ်ဇင်း (Kiasuism) ဟုခေါ်သော မိမိရရှိမည့် အခွင့်အရေး လက်လွတ် ဆုံးရှုံးရမည်ကို စိုးရိမ်ကြောင့်ကြမှု စိတ်အစွဲကြောင့်လည်း ဖြစ်နိုင်သည်။ စင်ကာပူသားများသည် ဆင်းရဲမွဲတေမှုကို ကျော်ဖြတ်ခဲ့ရစဉ်က ထိုသို့သော စိုးရိမ်ကြောင့်ကြမှု စိတ်အစွဲများ ရှိခဲ့သည်။ ဂျပန်ခေတ်နှင့် စစ်ပြီးခေတ် တစ်လျှောက်လုံး ယင်းသို့ စိုးရိမ်ကြောင့်ကြ နေခဲ့ကြရသည့် အတွေ့အကြုံကြောင့် အရာရာတွင် အလုအယက် လုပ်တတ်ကိုင်တတ် လာခဲ့ကြခြင်း ဖြစ်သည်ဟု လီကွမ်းယူက သုံးသပ်ခဲ့သည်။
ယဉ်ကျေးသိမ်မွေ့စွာ နေထိုင်ဆက်ဆံတတ်ရေးတွင် ဂျပန်များကို အတုယူရမည်ဟု သူက ညွှန်းဆိုသည်။
"ပညာပေး လေ့ကျင့်မှုတွေကြောင့် အမူအရာ အပြောအဆို ယဉ်ကျေးသိမ်မွေ့တဲ့ ဂျပန် လူ့အဖွဲ့အစည်း ပေါ်ထွက်လာတာ ဖြစ်တယ်။ သူတို့မှာ ဦးညွတ်အလေးပြုတာတောင် ဘယ်လို ကိုယ်နေကိုယ်ထားနဲ့ မှန်မှန်ကန်ကန် အရိုအသေ ပေးရမယ်ဆိုတာတွေကို သင်ကြားလေ့ကျင့်ပေးတဲ့ ကျောင်းတွေ ရှိတယ်။ ဒါတွေကို သူ့အလိုလို တတ်လာကြတာ မဟုတ်ဘူး" ဟု လီကွမ်းယူက ပြောခဲ့သည်။
ဤအကြောင်းအရာများကို လေ့လာရာတွင် ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး အခြေအနေနှင့် နှိုင်းယှဉ်ကြည့်သင့်သည်။ မိမိတို့ဆီမှာလည်း "ကီယာဆုအစ်ဇင်း" ဖြစ်နေကြပါသလား။ နေရာတကာမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် တစ်ကိုယ်ကောင်းဆန်သည့် စိတ်နှင့် သူ့ထက်ငါဦး အလုအယက် လုပ်တတ်ကြသော အကျင့်ကို ပြည်သူ့နီတိ ပြန်လည်ထွန်းကားအောင် ကြိုးပမ်းခြင်းဖြင့် ပြုပြင်ကြရပေမည်။ လူလူချင်း စာနာထောက်ထားသည့် ကိုယ်ချင်းစာနာစိတ်ဖြင့် ပြုပြင်ကြရပေမည်။
Can you post the original comment in ST in
ReplyDeleteEnglish please? Want to share with friends.