Thursday, January 22, 2015

အာဆီယံထဲက မြန်မာ

ကိန်းဂဏန်းအချက်အလက်တွေက ပြောပြတဲ့ မြန်မာနိုင်ငံအကြောင်းကို မြန်မာ့သွေးမိတ်ဆွေတွေအတွက် ပြန်လည်ဝေမျှပါတယ်။ တချို့အချက်အလက်တွေက လက်ခံဖို့ ခက်ခဲကောင်း ခက်ခဲနိုင်ပေမယ့်လည်း လုံးလုံးကြီး လွဲသွားတာမျိုးတော့ မရှိဘူးလို့ ကျွန်တော်က မြင်မိပါတယ်။ ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ ဗဟုသုတအဖြစ် လေ့လာထားသင့်တယ်လို့ ထင်မြင်မိကြောင်းပါ။ ကိန်းဂဏန်းတွေက ခုနှစ်သက္ကရာဇ် တစ်ခုတည်းကဟာတွေ မဟုတ်တာကိုတော့ နားလည်ပေးစေလိုပါတယ်။ ဒါပေမယ့် အနီးစပ်ဆုံး နောက်ဆုံး ၃ နှစ်အတွင်းက အချက်အလက်တွေနဲ့ ရေးဆွဲထားတဲ့ ပုံလေးတွေကိုပဲ ရွေးတင်ပေးထားတာပါ။ အာဆီယံနိုင်ငံတွေအကြောင်း လေ့လာရင်းနဲ့ ကိုယ့်မြန်မာအကြောင်းလည်း သိနိုင်လိမ့်မယ်လို့ ယုံကြည်မိကြောင်းပါ။















Monday, January 19, 2015

လူသားဆန်မှုတွေ ပျောက်ဆုံးကုန်ပြီလား


နည်းပညာ အံ့မခန်း တိုးတက်လာမှုက လူသားတွေရဲ့ ဘ၀တွေကို ပြောင်းလဲသွားစေခဲ့တယ်လို့ ဆိုကြပါတယ်။ နည်းပညာပစ္စည်းတွေကြောင့် ကျွန်တော်တို့တွေရဲ့ လူနေမှုအဆင့်တွေ မြင့်မားလာတယ်၊ အရာရာကို အလွယ်တကူ ဆောင်ရွက်လုပ်ကိုင်နိုင်လာတယ်။ သိချင်တာတွေကို ခဏချင်းအတွင်းမှာ ရှာနိုင်၊ ဖွေနိုင်၊ သိနိုင်နေကြပြီလို့ ဂုဏ်ယူကြတယ်။ အခန်းထဲက အပြင်မထွက်ဘဲ အိမ်ကနေ ဈေးဝယ်လို့ ရနေပြီ။ ကမ္ဘာမြေကြီးရဲ့ ဘယ်နေရာမှာဖြစ်ဖြစ် ရောက်နေတဲ့ ဆွေမျိုးသားချင်း မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ ဆက်သွယ်လို့ရနေပြီ၊ စကားပြောလို့ရနေပြီ၊ မျက်နှာမြင်လို့ရနေပြီ။ လူနေမှုပုံစံတွေ ပြောင်းလဲသွားတာကတော့ အမှန်ပါပဲလေ။ ဒါပေမယ့် အဲဒါနဲ့အတူ ကျွန်တော်တို့တွေ ရှောင်လွှဲမရဘဲ ရင်ဆိုင်ကြုံတွေ့ နေရတာတွေလည်း ရှိပါသေးတယ်။ လူသားက လူသားမဆန်တော့ဘူးလို့ ငြီးတွားသူတွေလည်းရှိရဲ့။ လူသားရဲ့ အနှစ်သာရတွေ ပျောက်ဆုံးကုန်ပြီလို့ ၀မ်းနည်းနေကြသူတွေလည်း မရှား။ ရုပ်ဝတ္ထုပစ္စည်းတွေနောက်ကို ကောက်ကောက်ပါအောင် လိုက်ကုန်ကြတော့ သဘာဝတရားတွေကို ပစ်ပယ်လာကြပြီ၊ တန်ဖိုးထားရမှန်း မသိတော့ဘူးလို့ မချိတင်ကဲ ဖြစ်ကြသူတွေလည်း ဒုနဲ့ဒေးပေါ့။


ဒီနေ့ခေတ်ရဲ့ နည်းပညာတွေအကြောင်း အားလုံးက နောကျေအောင် သိထားပြီးသားမို့ အထူးအထွေ ပြောပြစရာ မလိုပါဘူးလေ။ ဒါပေမယ့် နည်းပညာတွေနဲ့အတူ ကျေနပ်မနေဘဲ ကျွန်တော်တို့တွေ ရင်ဆိုင်နေရတဲ့၊ အမှုမဲ့အမှတ်မဲ့ ဖြစ်နေကြတဲ့ ကိစ္စရပ်လေးတွေကို ထောက်ပြဝေဖန်ထားသူတွေရဲ့ လက်ရာလေးတွေကို ကြည့်ရှုခံစားကြည့်ပါဦး။ အတွေးတစ်ခုခု၊ ခံစားမှုတစ်ခုခုတော့ ရကောင်းပါရဲ့ဗျာ။










Thursday, January 15, 2015

လူပြောများနေတဲ့ အနုပညာ

Cristina Guggeri ဆိုတဲ့ အမျိုးသမီး ပန်းချီပညာရှင်တစ်ဦး ဖန်တီးထားတဲ့ အနုပညာလက်ရာတွေဟာ အခုလောလောဆယ် အွန်လိုင်းပေါ်မှာ လူပြောများလို့ နေပါတယ်။ ဖန်တီးသူက သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အဲဒီပုံတွေကို The Daily Duty လို့ နာမည်ပေးထားတဲ့ အယ်လ်ဘမ်နဲ့ ပြန်လည်ဝေမျှခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာပေါ်မှာတော့ အဲဒီဖန်တီးမှုတွေနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုကြတာ သိပ်မတွေ့ရဘဲ အခြားလူမှုကွန်ရက် စာမျက်နှာတွေမှာတော့ ချီးကျူးကြတာရော၊ ရှုံ့ချကြတာရော၊ ဝေဖန်ကြတာရော စုံလင်နေတာ တွေ့မြင်ရပါတယ်။ အချို့က ဆန်းသစ်တဲ့ ဖန်တီးမှုတွေအဖြစ် ချီးကျူးကြပြီး အချို့ကတော့ လက်ခံဖို့ အနည်းငယ် ခက်ခဲကြောင်း ဝေဖန်ကြပါတယ်။ ပြင်းပြင်းထန်ထန် ဝေဖန်ကြသူတွေကတော့ ဘာသာရေးအမြင်နဲ့ ကြည့်ကြသူတွေပါ။ သူတို့တွေ ပြောတာကတော့ ပုပ်ရဟန်းမင်းကြီးလို၊ ဒလိုင်းလားမားလို ပုဂ္ဂိုလ်မျိုးတွေကို အခုလို ရေးဆွဲထားတာဟာ အနည်းငယ် စော်ကားသလို၊ လှောင်ပြောင်သလို ဖြစ်စေတယ်လို့ ထောက်ပြကြသလို စော်ကားသလို ဖြစ်စေတယ်လို့လည်း မြင်ကြသူတွေ ရှိကြပါတယ်။ အချို့တွေကတော့ ရယ်စရာတစ်ခု၊ ဆန်းသစ်မှုတဲ့ ဖန်တီးမှုတစ်ခုအဖြစ်သာ ရှုမြင်ကြတာကို တွေ့ရပါတယ်။

ပြည်ပမှာ အခြေစိုက်တဲ့ မြန်မာသတင်းဌာနတစ်ခုက အဲဒီဖန်တီးမှုတွေကို ပြန်လည်ဝေမျှရာမှာ ကွန်းမန့်တွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ အပြိုင်အဆိုင် တိုက်ခိုက်နေကြတာကို မြင်တွေ့ရပါတယ်။ သတင်းဌာနက ရေးသားရာမှာလည်း မြန်မာနိုင်ငံမှာသာဆို ဒီလိုပုံမျိုးတွေ ရေးဆွဲခဲ့ရင် ဥပဒေအရ အရေးယူခံရနိုင်တယ်လို့ ဖွ ပေးထားတာကို ဖတ်ရပါတယ်။ အဲဒါကို ထောက်ခံတဲ့လူတွေက မြန်မာနိုင်ငံက လူတွေက အနုပညာကို နားမလည်သလို၊ မခံစားတတ်သလို၊ အမြင်မကျယ်သလို အပြစ်တင် ဝေဖန်ကြပြီး မြန်မာပြည်က နိုင်ငံရေးခေါင်းဆောင်တွေ၊ ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီးတွေလည်း အခုဖန်တီးမှုတွေမှာ ပြထားသလို နေ့စဉ်အလုပ်တွေ လုပ်နေကြတာပဲ။ သူတို့ကိုလည်း အဲဒီလိုဆွဲရင် လက်ခံရမယ်လို့ ပြောဆိုကြပါတယ်။ ဒီအမြင်ကို ကန့်ကွက်ကြသူတွေကတော့ အနောက်ယဉ်ကျေးမှုနဲ့ အရှေ့တိုင်းယဉ်ကျေးမှုကို တန်းမညှိဖို့နဲ့ ဓလေ့ ထုံးတမ်း ယဉ်ကျေးမှု အစဉ်အလာတွေ မတူညီတာကို နားလည်ကြဖို့ ပြန်လည်ဖြေရှင်းကြပါတယ်။ အချို့တွေကတော့ လူငယ်ပီပီ ပွင့်ပွင့်လင်းလင်းပဲ အဆိုပြု ကြပါတယ်။ ဒီလို ဖန်တီးမှု အနုပညာတွေကို လက်ခံတယ်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကိုပဲ အရင်ဆုံး ဆွဲကြည့်ပါလားတဲ့။

ကျွန်တော့်အမြင်ကတော့ အဲဒီဖန်တီးမှုတွေထဲက လူတွေနေရာမှာ ကိုယ့်အဖေ၊ ကိုယ့်အမေ၊ ကိုယ့်ဇနီး၊ ကိုယ့်သမီးဖြစ်နေရင် ဘယ်လိုမျက်စိနဲ့ ကြည့်ကြမလဲလို့ မေးခွန်းထုတ်ချင်တာပါပဲ။ ဒီလိုပုံတွေကို ဧည့်ခန်းထဲချိတ်ပြီး ဂုဏ်ယူဝံ့ကြွားစွာ ကြည့်ရှုခံစားနိုင်လောက်တဲ့အထိ ကျွန်တော်ကိုဉာဏ် အနုပညာအခံ မရှိတာ၊ အမြင်မကျယ်တာ၊ ခေတ်မမီတာကိုတော့ နားလည်ပေးကြပါဗျာ။

လူပြောများနေတဲ့ အနုပညာ ဖန်တီးမှုလေးတွေကို ကြည့်ရှုခံစားကြည့်ပါဦး။ ပုံတွေအားလုံးကို မူလဖန်တီးသူရဲ့ ဖေ့စ်ဘုတ် စာမျက်နှာ (Cristina Guggeri) ကနေ ကူးယူထားတာ ဖြစ်ပါတယ်။










Monday, January 05, 2015

ဦးနှောက်မုန်တိုင်းဆင်စေသော ဖန်တီးမှုများ

တစ်ခါတရံမှာ အာဏာရှင်တစ်ယောက်ကို ဖြုတ်ချလိုက်တာဟာ အခြားအာဏာရှင်တစ်ယောက်ကို ပေါ်ထွန်းလာစေတယ်လို့ ဆိုလိုချင်သလား။ ဒါမှမဟုတ် တစ်ပတ်လည်တတ်တဲ့ နိုင်ငံရေး အစဉ်အလာတွေကိုပဲ ရည်ညွှန်းချင်သလား။

ကျွန်တော်တို့တွေရဲ့ ဘ၀မှာ Facebook ရဲ့ အသုံးဝင်မှု၊ အရေးပါမှုက ငြင်းမရတဲ့ အချက်တစ်ခု ဖြစ်လို့လာပါပြီ။ ဒါပေမယ့် အရမ်းကာရော အလွန်အကျွံ အားထားလွန်းနေတယ်လို့များ ဒီပုံကို ဖန်တီးသူက ဆိုလိုချင်သလား။ တံခါးပေါက်ကလည်း စေ့ရုံလေးပဲ ကျန်တော့တယ်။ အဲဒါလေးကို ဖွင့်လိုက်တာနဲ့ တကယ့်အပြင်လောကကြီးကို ကိုယ်တွေ့မျက်မြင် ကြုံရမှာဖြစ်ပေမယ့် ကျွန်တော်တို့တွေက အတွင်းထဲမှာပဲ လှောင်ပိတ်မိနေပြီး တံခါးလေးတစ်ချပ်ပဲခြားတဲ့ ပြင်ပကမ္ဘာကို FB ကနေ တစ်ဆင့်များ ကြည့်နေကြသလားဗျာ။

ရပ်နေတဲ့လူက ဘာကို ကိုယ်စားပြုတယ်၊ ကျွဲက ဘာကို ကိုယ်စားပြုတယ်၊ ဒုံးလက်နက်က ဘာကို ကိုယ်စားပြုတယ်၊ မုန်လာဥနီက ဘာကို ကိုယ်စားပြုတယ် စတာတွေကို အထူးအထွေ ရှင်းပြစရာ မလိုတာမို့ ဒီပုံက ပေးချင်တဲ့ message က ဘာလဲဆိုတာ...။

ဘယ်နိုင်ငံက ရွေးကောက်ပွဲတွေပဲဖြစ်ဖြစ် ယေဘုယျအားဖြင့် အခုပုံမှာ ပြထားတဲ့အတိုင်းပဲဆိုတာ ငြင်းလို့မရပါဘူးလေ။ တုတ်ကိုင်ထားတဲ့ သိုးကျောင်းသား ရှိနေသလို၊ တစ်ခုခု အမှားအယွင်း လုပ်တာနဲ့ သခင့်အလိုကျ ပြေးကိုက်ပေးမယ့် သိုးထိန်းခွေးကလည်း အရန်သင့် ထိုင်စောင့်နေတာကို ကြည့်နေရင်းနဲ့ ရွေးကောက်ပွဲတွေရဲ့ သဘောသဘာဝကို ကွက်ကွက်ကွင်းကွင်း မြင်လိုက်မိပါတယ်။

ကောင်းဘွိုင်ဆိုတာ အမေရိကန်ရဲ့ သရုပ်သကန်။ ကုလားအုတ်စီးနေတဲ့ အာရပ်တွေကတော့ အရှေ့အလယ်ပိုင်းဒေသကို ပြောချင်တာ ဖြစ်မယ်ထင်ပါရဲ့။ စွမ်းအင်လိုအပ်ချက်အတွက် အာရပ်ကမ္ဘာကို အသည်းအသန် အာရုံစိုက်နေတဲ့ အမေရိကန်တို့ရဲ့ လုပ်ရပ်ကို သရော်ချင်တယ်လို့ မြင်မိကြောင်းပါ။

အင်တာနက်ရဲ့ အမှတ်သင်္ကေတတစ်ခုလို့ ပြောနိုင်တဲ့ @ လေးကို နေမင်းသဖွယ် ရေးဆွဲပြထားတာက စိတ်ဝင်စားစရာပါ။ အင်တာနက်က လူတွေကို အလင်းရောင်ပေးနေတယ်လို့ ဆိုလိုချင်သလား။ အဲဒီ အင်တာနက်ကမ္ဘာကို ဆက်သွယ်တဲ့နေရာမှာ အတားအဆီးတွေ၊ အပိတ်အဆို့တွေ၊ အဖြတ်အတောက်တွေ ရှိနေတယ်လို့ ဆိုလိုချင်သလား၊ ဒါမှမဟုတ် လွတ်လပ်စွာ ဆက်သွယ်ခွင့် မရဘဲ အချိန်မရွေး ဖြတ်တောက်ခံရနိုင်တယ် ဆိုတာကိုများ ပြောချင်တာလား။ အချို့တွေကတော့ ဒါဟာ အင်တာနက် အသုံးပြုမှုနဲ့ အမျိုးသား လုံခြုံရေးကို သရုပ်ဖော်ချင်တာလို့ ဆိုကြပြန်တယ်။ အဲဒါဆိုရင် အစောင့်အကြပ်နေရာမှာ ဘာဖြစ်လို့ စစ်သားပုံကို သရုပ်ဖော်ထားတာလဲလို့ ကျွန်တော်က ပြန်မေးချင်မိပါရဲ့။ တွေးလို့ကောင်းတဲ့ ပုံတစ်ခုပါပဲ။

အခြားနိုင်ငံတွေမှာလည်း အဲဒီလို ဖြစ်နေလို့သာ ဒီလို သရုပ်ဖော်တယ်လို့ ကျွန်တော်က မြင်မိပါတယ်။ မြန်မာတစ်ယောက်ဖြစ်တဲ့ ကျွန်တော်က မြန်မာ့အရေးတွေနဲ့ နှိုင်းယှဉ်ပြီး တွေးမိပါတယ်။ ဒီနေ့ခေတ်ကာလမှာ တစ်ခုခု ဖြစ်ပြီဆိုတာနဲ့ မှန်သည် မှားသည် နောက်မှာထား အရင်ဆုံး FB ပေါ် ရောက်သွားတော့တာပါပဲ။ တစ်ခါတလေမှာ အဲဒီ အကြောင်းအရာတွေက မူလအဖြစ်အပျက်နဲ့ လုံးလုံး အံချော်သွားတဲ့အထိ ချဲ့ကားသွားတတ်ပြီး မလိုလားအပ်တဲ့ ပြသနာတွေ ဆိုးကျိုးတွေကိုပါ ဖြစ်ပေါ်စေခဲ့ပါတယ်။ အာရပ်နွေဦးဟာ ဆိုရှယ်မီဒီယာတွေကြောင့် ဖြစ်ပေါ်ခဲ့တာလို့ ပညာရှင်အချို့က သုံးသပ်ကြတာကိုလည်း ဒီပုံကိုကြည့်ရင်း ပြန်သတိရမိပါတယ်။ အချို့တွေကတော့ Facebook ဟာ တစ်ခါတရံမှာ လူတွေကို အထိနာစေတယ်၊ ထိခိုက်စေတယ်လို့ ပြောချင်တာဖြစ်နိုင်ကြောင်း ဆိုကြပြန်ပါတယ်။ ဘာပဲဖြစ်ဖြစ် တွေးစရာလေးပါ။

နိုင်ငံရေးသမားတွေ၊ ဒါမှမဟုတ် နိုင်ငံ့ခေါင်းဆောင်တွေကို သရော်ချင်တာလို့ ထင်ပါတယ်။ သူတို့တွေရဲ့ ကတိစကားတွေ၊ ပြောစကားတွေဟာ ဘာမှ အဖိုးမတန်တဲ့ အညစ်အကြေးတွေပဲလို့ ဆိုလိုချင်ဟန် ရှိပါတယ်။ သူတို့တွေ ဘာပဲပြောင်ပြော နောက်ဆုံးတော့ မြောင်းထဲရောက်ကုန်တယ်လို့များ ဆိုလိုချင်သလား မသိပါဘူး။

မြန်မာစကားပုံ (((ဆင်သေကို ဆိတ်သားရေဖုံး))) ဆိုတာနဲ့များ ဆင်တူရိုးမှား ဖြစ်မလား မသိပါဘူး။ နိုင်ငံကြီးတွေဟာ သဘာဝပတ်ဝန်းကျင် ထိခိုက်စေမယ့် အပြုအမူတွေကို သူတို့ကိုယ်တိုင် လုပ်နေပေမယ့်လည်း အများအမြင်မှာ အဲဒီလို မထင်ရအောင် မီဒီယာတွေကတစ်ဆင့် ပုံပြောင်းပြီး လိမ်ညာနေကြတယ်လို့ ဖန်တီးသူက ပြောချင်သလား တွေးနေမိကြောင်းပါ။

ဒီပုံနဲ့ ပတ်သက်လို့တော့ အမြင်အမျိုးမျိုး ကွဲပြားကြပါတယ်။ တချို့ကလည်း နိုင်ငံတွေက ပိုက်ဆံတွေကို စစ်ပွဲတွေအတွက် အဓိက သုံးနေကြတာကို ဖော်ပြချင်တာလို့ ဆိုကြပါတယ်။ အချို့ကတော့လည်း ဒါဟာ အမေရိကန်ရဲ့ အခြေအနေမှန်ကို ဖော်ပြတာတဲ့။ သူတို့တွေ ပြောကြတာကတော့ အမေရိကန်ဟာ စစ်လက်နက်ပစ္စည်းတွေ အများဆုံး တင်ပို့ရောင်းချပြီး သူ့နိုင်ငံရဲ့ စီးပွားရေးကို ကျားကန်ထားရတာတဲ့။ အဲဒါကြောင့် အမေရိကန်ဒေါ်လာကို အားပေးတာဟာ စစ်ကို အားပေးတာနဲ့ အတူတူပဲလို့ ဆိုကြတယ်။ သူတို့တွေက သူတို့အမြင်နဲ့သူတို့ တွေးကြသလို ကျွန်တော်တို့လည်း ကျွန်တော်တို့ဘာသာ တွေးကြတာပေါ့ဗျာ။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဖော်ပြချင်တယ်လို့ အများစုက လက်ခံကြတယ်။ သစ်ပင် သစ်တောတွေနဲ့ ရေဆိုတာ အမြဲတမ်း စည်းနှောင်ထားတယ်လို့ ဆိုလိုချင်တယ်လို့ အများစုက မြင်ကြပါတယ်။ ရေဆိုတာ သက်ရှိလူသားတွေရဲ့ ပြယုဂ် ဖြစ်ပါတယ်။ ရေမရှိတဲ့အရပ်ဟာ သက်ရှိ မရှိနိုင်ပါဘူး။ ပုံမှာ ပြထားတာက လွင်တီးခေါင်ပြင်ထဲမှာ ထီးတည်းကြီး ဖြစ်နေတဲ့ သစ်ပင်တစ်ပင်ရယ် ရေငုတ်တစ်ခုရယ် ဖြစ်နေတာကလည်း စိတ်ဝင်စားစရာပါ။ ဖန်တီးသူ ပြောချင်တာက အခြားအဓိပ္ပါယ်များ ဖြစ်နေလေမလားလို့လည်း တွေးမိပါတယ်။

အချိန်နာရီတွေက ကျွန်တော်တို့ရဲ့ သင်္ချိုင်းကို စက္ကန့်နဲ့အမျှ တူးနေတယ်လို့ သတိပေးချင်တာများလားဗျာ။ လူတိုင်း မလွန်ဆန်နိုင်တဲ့ ဒီလမ်းကို သွားဖို့အတွက် စက္ကန့်နဲ့အမျှ နီးကပ်လာနေပြီလို့ ဆိုလိုချင်တယ် ထင်ပါရဲ့။ တရားသဘောပါတဲ့ ဖန်တီးမှုလေးလို့ ထင်မိပါတယ်။

ဒီနေ့ခေတ်ကြီးမှာ အဓိကနဲ့ သာမညကို ခွဲခြားမသိတော့တာကိုများ ဆိုလိုချင်သလား။ ဆေးသုတ်တံကိုင်လျက် ပြုတ်ကျသေဆုံးနေတဲ့ လူသာူးကို ဘယ်သူမှ စိတ်မ၀င်စားနိုင်ဘဲ မှောက်သွားတဲ့ ဆေးပုံးကို အလေးထားနေကြပုံက တွေးစရာပါ။ နောက်တစ်ခု ကျွန်တော် တွေးမိတာက အပြာရောင်ဆိုတာ ငြိမ်းချမ်းရေးရဲ့သရုပ်သကန်ပါ။ အနီရောင်ကတော့ စစ်ပွဲတွေ၊ အနိဌာရုံတွေရဲ့ သင်္ကေတပေါ့။ ဒီနေ့ ကမ္ဘာကြီးက ငြိမ်းချမ်းရေး ငြိမ်းချမ်းရေးဆိုပြီး အသည်းအသန် ဆွေးနွေးကြ၊ အဖြေရှာကြ လုပ်နေကြပေမယ့် တကယ်တမ်း စစ်ပွဲတွေကြောင့် သေဆုံးရသူတွေ ခံစားရသူတွေကို လျစ်လျူရှု မေ့လျော့နေကြတာကိုများ သတိပေးချင်တာများလားလို့ပါ။ ကျွန်တော့်အတွေး သက်သက်ရယ်ပါ။

ကျွန်တော်တို့ကိုယ်တိုင်ရော အဲဒီလိုမျိုး ကိုယ့်အခွင့်အရေးတွေကို ကိုယ်တိုင်မီးရှို့ဖျက်ဆီးပြီး တဒင်္ဂ အဆင်ပြေဖို့အတွက် ဖြေရှင်းဆောင်ရွက်နေကြသလားလို့ မေးခွန်းထုတ်မိပါတယ်။

အောက်ခြေမှာ ပြထားတာက စစ်ပွဲတွေရဲ့ သရုပ်သကန်...တင့်ကားတွေ၊ အမြောက်တွေပေါ့။ အဲဒီ စစ်ပွဲတွေကနေ သေဆုံးသူတွေကို စားမယ့် ၀ါးမယ့် အကောင်တွေက သစ်ပင်ပေါ်မှာ စောင့်ကြည့်နေတဲ့ ဠင်းတကြီးတွေ။ ငြိမ်းချမ်းရေး ချိုးငှက်ကလေးခမျာ စစ်ပွဲတွေကြောင့် မလုံမခြုံ ဖြစ်နေရရှာတာကို အသားစား ဠင်းတကြီးတွေက အကာအကွယ် ပေးထားပုံက ရယ်ချင်စရာတောင် ကောင်းပါသေးရဲ့။ လက်ရှိ ဖြစ်ပျက်နေတဲ့ နိုင်ငံတကာ အရေးတွေကို စိတ်ဝင်တစား ဖတ်ရှုလေ့လာသူတွေ ဆိုရင်တော့ ဒီပုံလေးဟာ အင်မတန်မှကို သဘောကျစရာ၊ တွေးစရာ ဖြစ်ပါလိမ့်မယ်။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၅ ရက်၊ တနင်္လာနေ့။
ည ၈ နာရီတွင်ပြီး၏။

Sunday, January 04, 2015

67th Anniversary Independence Day of the Republic of the Union of Myanmar

မြန်မာ့လွတ်လပ်ရေးအတွက် အသက်သွေးချွေးများဖြင့် ကြိုးစားရယူပေးခဲ့ကြသော ကျွန်တော်တို့ ဘိုးဘေးဘီဘင်များ၏ ကျေးဇူးကို ဦးစွာအောက်မေ့သတိရ ကျေးဇူးတင်မိပါသည်။

ရရှိပြီးသား လွတ်လပ်ရေးကို မဆုံးရှုံး မပျောက်ပျက်ရအောင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပေးခဲ့ကြသူ အားလုံးကို ကျေးဇူးတင်မိပါသည်။

လွတ်လပ်ရေးကြိုးပမ်းမှု၊ လွတ်လပ်ရေးထိန်းသိမ်းမှု သမိုင်းအဆက်ဆက်တွင် တစ်ထောင့်တစ်နေရာမှ ပါဝင်ခဲ့ကြရင်း အသက်စွန့်လွှတ်ခဲ့ကြရသူ၊ ကိုယ်လက်အင်္ဂါများ စွန့်လွှတ်ခဲ့ကြရသူ၊ မိသားစုဘ၀များ စွန့်လွှတ်ခဲ့ကြရသူများ အားလုံးကို အသိအမှတ်ပြု အောက်မေ့သတိရ ကျေးဇူးတင် ဦးညွတ်ရပါကြောင်း...။

Happy New Year 2015

ပြက္ခဒိန်နှစ်သစ် ၂၀၁၅ သို့ ရောက်ရှိခဲ့ပြီဖြစ်ပါသည်။
မြန်မာ့သွေး မိတ်ဆွေများအားလုံး နှစ်သစ်တွင် စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် မိမိတို့၏ လုပ်ငန်းဆောင်တာများကို အခက်အခဲမရှိ အဆင်ပြေပြေ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။