Thursday, July 19, 2007

ဗုဒ္ဓ၀င် မှတ်တမ်း

သက္ကရာဇ်ဖြိုခြင်း

ဘုရားရှင်၏ဘိုးတော် (မာယာဒေ၀ီ၏ ခမည်းတော်) ဒေ၀ဒဟပြည့်ရှင် ဘုရင် အဉ္စနမင်းကြီးသည် ရောက်ဆဲသက္ကရာဇ် (၈၆၄၉) ကို ထိုနှစ် တပေါင်းလကွယ် စနေနေ့ အထိ ဖြို၍ တန်ခူးလဆန်းတစ်ရက် တနင်္ဂနွေနေ့ကို အစပြု၍ သက္ကရာဇ် တစ်ခု ထားခဲ့၏။ ထိုသက္ကရာဇ်ကို မဟာသက္ကရာဇ်ဟု ခေါ်ကြလေသည်။

မဟာသက္ကရာဇ် (၆၇) ၀ါဆိုလပြည့် ကြာသပတေးနေ့ မိုးသောက်ယံကာလ

ကပိလ၀တ်ပြည်ရှင် သုဒ္ဓေါဒနမင်း၏ မိဖုရား မယ်တော် မာယာဒေ၀ီ၌ ဘုရား အလောင်းတော်သည် ပဋိသန္ဓေ နေတော်မူသည်။ ထိုအချိန်၌ မယ်တော် မာယာဒေ၀ီ ၏ အသက်ကား ၅၅ နှစ် ၆ လ ၂၀ ရက် ရှိတော်မူ၏။

မဟာသက္ကရာဇ် (၆၈) ကဆုန်လပြည့် သောကြာနေ့ နံနက် တစ်ချက်တီးချိန်

ကပိလ၀တ်ပြည်နှင့် ဒေ၀ဒဟပြည်အကြား၊ လုမ္မိနီအင်ကြင်းဥယျာဉ်တော်၌ ဘုရားအလောင်းတော် ဖွားမြင်တော်မူသည်။ ထိုအချိန် အလောင်းတော်နှင့် တစ်ပြိုင်နက် ဖွားမြင်သူများမှာ -

၁။ ယသော်ဓရာမင်းသမီး

၂။ အာနန္ဒာမင်းသား

၃။ ဆန္ဒအမတ်

၎။ ကာဠုဒါယီအမတ်

၅။ ကဏ္ဍကမြင်း တို့ဖြစ်သည်။

မွေးလျှင်မွေးချင်း မြောက်အရပ်သို့ မျက်နှာမူ၍ ခုနစ်လှမ်း ကြွလှမ်းကာ၊ ယခုဘ၀ကား ငါ့အဖို့ နောက်ဆုံးဖြစ်ချေသည်ဟု ရဲရဲတောက်စကား ကြုံးဝါးတော်မူသည်။

မဟာသက္ကရာဇ် (၆၈) ကဆုန်လပြည့်ကျော် (၅) ရက် ဗုဒ္ဓဟူးနေ့

ဖွားမြင်ပြီး ငါးရက်မြောက်သောနေ့တွင် ခေါင်းဆေးမင်္ဂလာနှင့်အတူ အမည်ပေးခြင်းပြု၏။ လောက၏ အကျိုးစီးပွားကို ပြီးစီးအောင် ဆောင်ရွက်နိုင်မည့် ယောက်ျားမြတ်ဟူသော အဓိပ္ပါယ်နှင့် သိဒ္ဓတ္ထ မင်းသားဟု မှည့်ကြကုန်သည်။ ကောဏ္ဏာည ပုဏ္ဏားက ဘုရားစင်စစ် ဧကန်ဖြစ်မည့်သူဟု တထစ်ချ ဟောခဲ့သည်။

မဟာသက္ကရာဇ် (၆၈) ကဆုန်လပြည့်ကျော် (၇) ရက် သောကြာနေ့

ဖွားမြင်ပြီး ခုနစ်ရက်မြောက်သောနေ့တွင် မယ်တော်မာယာဒေ၀ီ ကွယ်လွန်တော် မူသည်။ ကွယ်လွန်ချိန်၌ သက်တော်ကား ၅၆ နှစ် ၄ လ ၂၇ ရက် ရှိ၏။ တုသိတာ နတ်ပြည်၌ သန္တုဿိတ အမည်ဖြင့် နတ်သားဖြစ်လေသည်။

(ဆရာသစ္စာနီ ရေးသားပူဇော်သော ဗုဒ္ဓ၀င်မှတ်တမ်း စာအုပ်မှ ပြန်လည်ဖော်ပြပါသည်)

No comments:

Post a Comment