Sunday, April 27, 2008

ဆန္ဒခံယူပွဲ (၂)

ပထမဆုံး ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မူကြမ်း (၂၀၀၈)အကြောင်းကို ပြောလိုပါတယ်။ အချို့ဆိုရင် အဲဒီ စာအုပ်ကို မြင်တောင်မှ မြင်ဖူးကြမယ်မထင်ပါဘူး။ အင်တာနက်ပေါ်မှာ သူများတွေက ဒီလိုရေးထားလို့ အဲဒီစာအုပ်ထဲမှာ ဒါတွေပါတယ်ဆိုပြီး သိထားတဲ့လူတွေ အများကြီးနေမှာပါ။ ဒါကို အပြစ်မပြောလိုပါဘူး။ အခက်အခဲ အမျိုးမျိုးကြောင့် အဲဒီစာအုပ်ကို မဖတ်ဖြစ်တဲ့လူတွေအတွက် ကျွန်တော်ရေးပြီး တင်ပေးပါဦးမယ်။

ယခင်ထုတ်ထားတဲ့စာအုပ်က “ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရာတွင် အခြေခံရန် အမျိုးသားညီလာခံ စုံညီအစည်းအဝေးများက ချမှတ်သည့် အခြေခံမူများနှင့် အသေးစိတ် အခြေခံရမည့် မူများ” ဆိုပြီး ဖြစ်ပါတယ်။

ယခု နောက်ဆုံး ထုတ်ဝေလိုက်တဲ့ အစိမ်းရောင် စာအုပ်ကတော့ “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း (၂၀၀၈ ခုနှစ်)” ဆိုပြီး အမည်ပေးထားတဲ့ စာအုပ်ဖြစ်ပါတယ်။

စာအုပ်ဆိုင်တွေမှာ တစ်အုပ်လျှင် တစ်ထောင်ကျပ်နှုန်းဖြင့် မည်သူမဆို လွတ်လပ်စွာ ၀ယ်ယူနိုင်ပါတယ်။ ထောက်ခံမယ့်လူပဲဖြစ်ဖြစ်၊ ကန့်ကွက်မယ့်လူပဲ ဖြစ်ဖြစ် အဲဒီစာအုပ်လေးရှိထားသင့်တယ်ထင်မိပါတယ်။ ဒါမှသာ ဒီစာအုပ်ထဲက ဒီအချက်တွေက ဒီလိုကြောင့် ထောက်ခံတာ၊ ကန့်ကွက်တာ စသည်ဖြင့် လုပ်သင့်ပါတယ်။ အခုတော့ မသိတဲ့လူက မတတ်တဲ့လူကို ဆရာကြီးလုပ်နေတာကို အားလုံးက ဖတ်ပြီး အမှားကိုအမှန်ထင်ပြီး ရေလိုက်တွေ လွဲကုန်ကြဖြစ်ကြတော့မလို့ပေါ့။ တစ်ထောင်ပဲပေးရတဲ့ စာအုပ်ကိုတောင် ၀ယ်မဖတ်ဘဲနဲ့ သူများပြောတာကို ယုံလွယ်ကြတဲ့ လူတွေနဲ့ ဒီမိုကရေစီခရီးကို အတူ လျှောက်လှမ်းရမှာတော့ ရင်လေးမိပါတယ်။ မြတ်စွာဘုရားရှင်က ဟောကြားဖူးပါတယ်။ “ချစ်သားတို့၊ ငါဘုရားဟောကြားထားလို့ဆိုပြီးလည်း မယုံကြလင့်၊ ရှေးရိုးစဉ်ဆက် မိဘဘိုးဘွား ဆရာသမားများက ဆိုခဲ့ကြတယ်ဆိုပြီးလည်း မယုံကြည်ကြလင့်။ အရာရာကို မိမိကိုယ်ပိုင်ဉာဏ်ဖြင့်သာ စဉ်းခြင်စဉ်းစားပြီးမှ သင့်၏ မသင့်၏ ယုံကြည်ကြပါ” လို့ မိန့်ဆိုခဲ့ဖူးကြောင်း မှတ်သားဖူးပါတယ်။ အတော်ကို တန်ဖိုးရှိတဲ့ စကားဖြစ်ပါတယ်။ မြတ်စွာဘုရားဟောမြွက်ခဲ့လို့ တန်ဖိုးရှိတယ်လို့ ဆိုတာမဟုတ်ပါ။ တန်ဖိုးရှိတဲ့စကားကို ဆိုခဲ့တဲ့အတွက် အဲဒီစကားကပဲ တန်ဖိုးရှိတာဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း (၂၀၀၈ ခုနှစ်) စာအုပ်မှာ အခန်း (၁၅)ခန်း ပါဝင်ပါတယ်။

အခန်း(၁) - နိုင်ငံတော် အခြေခံမူများ

အခန်း(၂) - နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံ

အခန်း(၃) - နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ

အခန်း(၄) - ဥပဒေပြုရေး

အခန်း(၅) - အုပ်ချုပ်ရေး

အခန်း(၆) - တရားစီရင်ရေး

အခန်း(၇) - တပ်မတော်

အခန်း(၈) - နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ

အခန်း(၉) - ရွေးကောက်တင်မြှောက်ခြင်း

အခန်း(၁၀) - နိုင်ငံရေးပါတီများ

အခန်း(၁၁) - အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များ

အခန်း(၁၂) - ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း

အခန်း(၁၃) – နိုင်ငံတော်အလံ၊ အထိမ်းအမှတ်တံဆိပ်၊ သီချင်းနှင့် မြို့တော်

အခန်း(၁၄) - ကူးပြောင်းရေးကာလ ပြဌာန်းချက်များ

အခန်း(၁၅) - အထွေထွေပြဌာန်းချက်များ

No comments:

Post a Comment