(၁)
မူလတန်းကျောင်းသားများနှင့် အဖွဲ့လိုက်ဓာတ်ပုံ ရိုက်ပြီးသည့်နောက် အဆိုပါ ဓာတ်ပုံအား တစ်ယောက်ချင်းစီ အားလုံးကူးယူထားကြရန် ဆရာမက တိုက်တွန်းလေ၏။
" ဒီဓာတ်ပုံကို မင်းတို့တွေ အရွယ်တွေရောက်ပြီး အလုပ်ကိုယ်စီနဲ့ ဖြစ်လာတဲ့အခါ ပြန်ကြည့်ရင် အင်မတန်မှကို ကြည်နူးစရာ၊ လွမ်းစရာကောင်းလိမ့်မယ်ကွဲ့။ ဒါကတော့ မောင်မြ၊ အခုတော့ အင်ဂျင်နီယာကြီး ဖြစ်နေပြီ။ ဒါက မလှလေ၊ ခွဲစိတ်ဆရာဝန်မကြီးတောင်ဖြစ်နေပြီ။ ဒါကတော့ မောင်ကောင်း၊ စီးပွားရေးလုပ်ငန်းရှင်ကြီး ဖြစ်နေပြီ စသဖြင့် မင်းတို့တွေ ပြန်ပြောပြီး လွမ်းကြရလိမ့်မယ် "
ထိုစဉ် နောက်နားဆီမှ အသံထွက်လာသည်။
" ဒါကတော့ ငါတို့ ဆရာမလေ၊ သေရှာပြီ " တဲ့။
(၂)
မေးသူ ။.....။ မင်း နောက်ဘ၀မှာ ဘာဖြစ်ချင်လဲ။
ဖြေသူ ။.....။ ကြွက် ဖြစ်ချင်တယ်။
မေးသူ ။.....။ ဟေ...ဘာဖြစ်လို့ ကြွက်ဖြစ်ချင်ရတာလဲ။
ဖြေသူ ။.....။ ငါ့မိန်းမ ကြောက်တာဆိုလို့ ကြွက်ပဲရှိတယ်ကွ။
(၃)
မေးသူ ။.....။ မင်းကြားပြီးပြီလား။ မွေးခါစလေးကို ဆင်နို့တိုက်တာ တစ်ပတ်ကို အလေးချိန် ပေါင်နှစ်ဆယ်တောင် တိုးလာသတဲ့။
ဖြေသူ ။.....။ မဖြစ်နိုင်တာပဲ၊ ဘယ်သူ့ကလေးလဲကွ။
မေးသူ ။.....။ အဲဒီ နို့တိုက်တဲ့ဆင်မကြီးရဲ့ကလေး ဆင်ပေါက်လေးလေ။
(၄)
စာသင်ခန်းတွင် ဖြစ်သည်။ ဆရာမက မြေပုံဖတ်နည်း သင်ကြားပို့ချလျက်ရှိ၏။ လတ္တီတွဒ်၊ လောင်ဂျီတွဒ်၊ ဒီဂရီ၊ မိနစ် စသည်တို့အကြောင်းကို ရှင်းပြပြီးနောက် အခန်းကို မေးမြန်းလိုက်၏။
" ကဲ နေ့လည်စာ စားဖို့အတွက် ဆရာမကို မြောက်လတ္တီတွဒ် ၂၃ ဒီဂရီ ၄ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၄၅ ဒီဂရီ ၁၅ မိနစ်မှာ လာတွေ့ပါဆိုရင် မင်းတို့ ဘယ်ကိုလာကြမလဲ "
တစ်ခန်းလုံး အပ်ကျသံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်သွားသည်။ ခဏအကြာတွင် အခန်းထောင့်မှ ကျောင်းသားတစ်ဦး မ၀ံ့မရဲနဲ့ ထလာသည်။
" ကျွန်တော့်အထင်ပြောရရင် နေ့လည်စာကို ဆရာမတစ်ယောက်တည်းပဲ စားရမယ်ထင်ပါတယ် "
(၅)
မေး ။.....။ ပထမဆုံးည (first night) နဲ့ နောက်ဆုံးည (last night) ဘာကွာသလဲဗျ။
ဖြေ ။.....။ ဘာမှမကွာပါဘူး။ အတူတူပါပဲဗျာ။ ပန်းပွင့်လေးတွေအပေါ်မှာ ခင်ဗျားအိပ်တယ်ဆိုရင် အဲဒါ ပထမဆုံးည (first night)။ အဲ... ပန်းပွင့်လေးတွေက ခင်ဗျားအပေါ်မှာ အိပ်တယ်ဆိုရင်တော့ အဲဒါ နောက်ဆုံးည (last night)ပဲ။
No comments:
Post a Comment