၂။ နိုင်ငံသားတိုင်း၌ နိုင်ငံသားဖြစ်ထိုက်သော ဂုဏ်အင်္ဂါအရည်အချင်းများ ရှိကြပါသလောဟု စိစစ်ကြည့်ပါမူ အရေအတွက် ယုတ်လျော့သွားမည်မှာ ယုံမှားဖွယ်မရှိချေ။ နိုင်ငံတစ်ခု၏ ယဉ်ကျေးခြင်းအဆင့်အတန်းမှာ ဂုဏ်အင်္ဂါနှင့် ပြည့်စုံသော နိုင်ငံသားအရေအတွက် အနည်းအများပေါ်တွင် အထောက်အထား ပြုတန်ရာ၏။
၃။ နိုင်ငံသားပီသစေရန် ရှိသင့်သော ဂုဏ်အင်္ဂါ အရည်အချင်းများမှာ အရေအတွက်အားဖြင့် များပြားလှပေရာ အဓိကအားဖြင့် အသိဉာဏ် ပြည့်စုံစေ၍ အကောင်းအဆိုး အကျိုးအပြစ်တို့ကို ဝေဖန် ပိုင်းခြားတတ်သော ဉာဏ်ရှိရပေမည်။ သို့မှ လူထူ မဖြစ်ဘဲ လူထု ဖြစ်ရာ၏။
၎။ ဒီမိုကရေစီခေတ်တွင် လူထု၏ဆန္ဒမှာ အရေးကြီးသော အစိတ်အပိုင်းဖြစ်၍ ကောင်းကျိုး၊ မကောင်းကျိုးမှာ လူထု၏ အသိဉာဏ်ပေါ်တွင် တည်ပေသည်။
၅။ ထို့ပြင် မိမိကိုယ်ကို ထိန်းသိမ်း စောင့်စည်းတတ်ခြင်း၊ ယဉ်ကျေးသိမ်မွေ့ခြင်း၊ စိတ်သဘောကြီးခြင်း၊ စည်းကမ်းသေ၀ပ်ခြင်း၊ ရိုသေကျိုးနွံခြင်းစသည့် ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးလုံး စောင့်စည်းထိန်းသိမ်းနိုင်သော အရည်အချင်းများလည်း ရှိရမည်ဖြစ်ပေသည်။
၆။ နိုင်ငံသားဆိုသည်မှာ နိုင်ငံတော်ကို တန်ဖိုးထား လေးစားခြင်း၊ တရားဥပဒေအရ လိုက်နာဆောင်ရွက်ခြင်း၊ အသိဉာဏ်နှင့်ယှဉ်၍ ရိုးသားဖြောင့်မတ်စွာ ဆန္ဒမဲပေးခြင်း စသည့် ပြည်သူ့တာဝန်များကို သိရှိနားလည်ပြီး လိုက်နာကြရမည့်အပြင် နိုင်ငံတော်၏ အကျိုးစီးပွား ပျက်ပြားစေမည့် ပြည်တွင်းရန်၊ ပြည်ပရန် ဟူသမျှကို ကာကွယ်တွန်းလှန် တိုက်ဖျက်ရမည်ဟူသော သဘောထား၊ နိုင်ငံ၏ ကာကွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိစွမ်းဆောင်နိုင်သည့်ဘက်မှ ပါဝင်ဆောင်ရွက်ရမည်ဟူသော သဘောထားများ ရှိရပေမည်။
၇။ နောက်ဆုံး ဖော်ပြလိုသောအချက်မှာ တစ်မြေတည်းနေ တစ်ရေတည်းသောက် သွေးချင်းများဖြစ်သည့် တိုင်းရင်းသား လူမျိုးအားလုံးသည် အညီအညွတ် ပူးပေါင်းလက်တွဲလျက် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သားစဉ်မြေးဆက် ဆောင်ရွက်လိုသောစိတ်များ အမြဲမပြတ် ကိန်းအောင်းနေစေရန် မွေးမြူထိန်းသိမ်းသွားကြရန် လိုအပ်လှပေသည်။
( ရင်နှစ်သည်းချာ နိုင်ငံ့ရတနာ ဆုံးမစာများ မှ )
No comments:
Post a Comment