Saturday, August 01, 2009

သတင်းမဟုတ်တဲ့ အတင်း၊ အတင်းမဟုတ်တဲ့ သတင်း

အတိုက်အခံခေါင်းဆောင်လို့ အမည်တပ်ပြီး စင်ပေါ်တင်ပေးထားတဲ့ အမျိုးသမီးကို စီရင်ချက်ချဖို့ ရက်ရွှေ့လိုက်တာနဲ့ ပတ်သက်ပြီး လေလှိုင်းကြားမှာ စီညံစီညံဖြစ်နေကြပြန်ပါရော။ ရက်ရွှေ့လိုက်တာကို မကျေနပ်ကြတာလား၊ အဲဒီအမျိုးသမီးကို အပြစ်မပေးသေးတာကို မကျေနပ်ကြတာလားဆိုတာ သူတို့ပဲ သိလိမ့်မယ်ထင်ပါတယ်။ သူတို့တွေ ပြောဖို့၊ ဆိုဖို့၊ ဆွေးနွေးဖို့ ပြင်ဆင်ထားတာက ရက်ရွှေ့လိုက်တဲ့သတင်းအတွက် မဟုတ်ဘူးလို့လည်း တီးတိုးသတင်းတွေထွက်နေသဗျ။

မန္တလေးမြို့က အဆောင်နေ မိုးကုတ်သူ အမျိုးသမီးငယ်တစ်ဦးကို လူမဆန်စွာ အက်ဆစ်နဲ့ပက်ကြတဲ့ သကောင့်သားသုံးယောက်ကိစ္စကို ထိထိရောက်ရောက် ဘယ်လိုအရေးယူမလဲဆိုတာ အားလုံးသိချင်နေကြပြန်ပါရောလား။ အဓိကကတော့ ဇာတ်ညွှန်းခွဲပေးပြီး ကပြခိုင်းခဲ့တဲ့ သကောင့်သားရဲ့ အလုပ်အကိုင်နဲ့ သူ့ပတ်ဝန်းကျင်ကြောင့်ပါတဲ့။

မြန်မာပြည်မှာ အကောင်းဆုံးလို့ သူတို့ကိုယ်သူတို့ ကြေညာထားတဲ့ ဂျာနယ်ကြီးတစ်စောင်က ဒီအပတ်ထုတ်မှာ လူငယ်တွေနဲ့ ပတ်သက်ပြီး ဆရာကြီးလုပ်ထားတဲ့ သတင်းဆောင်းပါးတစ်ပုဒ်ကြောင့် လူငယ်တွေကြားမှာ ပွက်လောရိုက်နေကြပြန်ပါရောလား။ အဲဒီလိုဖြစ်စေချင်လို့ကို သူတို့က လုပ်တာဆိုရင်တော့ အဲဒီဂျာနယ်အောင်မြင်တယ်ပေါ့နော်။

မြန်မာနေရှင်နယ်လိဂ်နဲ့ ပတ်သက်ပြီး အသံတွေထွက်လာပြန်ပါတယ်။ တကယ်လုပ်တဲ့လူတွေတော့ မသိဘူး။ ဘေးကနေ အကြံပေးသလိုလိုနဲ့ ဆရာကြီးလုပ်တဲ့လူတွေ အတော်များတယ်ဆိုတာ အားကစားဂျာနယ်တွေဖတ်မှ ကောင်းကောင်းကြီးသိရတယ်။ ဟိုတစ်နေ့က ဂျာနယ်တစ်ခုထဲမှာ ဖတ်လိုက်ရတဲ့ ကာတွန်းလေးကလည်း အတွေးများစေပြန်ပါရောလား။ ကာတွန်းထဲမှာ ရေးထားတာက ဘာတဲ့။ အခုတော့ မြန်မာနေရှင်နယ်လိဂ်၊ နောက်တော့ ဆီနီဂေါလိဂ်၊ အိုင်ဗရီကို့စ်လိဂ် ဆိုလားပဲ။

ပြည်ပကသွင်းတဲ့ စာအုန်းဆီအချို့ကို စားသုံးရန်မသင့် ကြေညာထားတဲ့သတင်းနဲ့ မကြာသေးမီကမှ စားသုံးရန်မသင့်လို့ ကြေညာထားတဲ့ လက်ဖက်အချို့ကို ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ကြောင်း ဂျာနယ်တွေမှာ ကြော်ငြာပြန်ထည့်လာကြတာနဲ့ ပတ်သက်ပြီး သတိထားမိသူတွေအတွက် သို့လောသို့လော ဖြစ်နေကြတယ်တဲ့။

နာမည်ရစပြုနေတဲ့ မင်းသမီးငယ်လေးတစ်ယောက်ရဲ့ အချစ်ကိစ္စနဲ့ ပတ်သက်ပြီး ဂျာနယ်တစ်စောင်မှာ ဖော်ပြထားတဲ့ အင်တာဗျူးကိုလည်း လက်ဖက်ရည်ဆိုင်တွေမှာ ပြောစရာဟာသတစ်ပုဒ် ဖြစ်နေပြန်ပါတယ်။ သူတို့တွေပြောကြတာကတော့ အဲဒီမင်းသမီးက အခုနှစ်မျိုး တော်ကြာသုံးမျိုး လုပ်တတ်တယ်ဆိုလားပဲ။

ဂျာနယ်တစ်စောင်မှာ အပတ်စဉ်ပါနေတဲ့ သင်တန်းခေါ်စာလိုလို၊ အလုပ်ခေါ်စာလိုလို ကြော်ငြာကိုလည်း လူတွေ စိတ်ဝင်စားကြပါသတဲ့။ လျှောက်ဖို့တော့ ဟုတ်ဟန်မတူကြပါဘူး။ တခြားအကြောင်းကြောင့် ဖြစ်ပါလိမ့်မယ်။

No comments:

Post a Comment