စင်ကာပူနိုင်ငံတည်ထောင်စ အစောပိုင်းကာလများက ရန်ဘက်ပြိုင်ဘက်သဖွယ်ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် ပြန်လည်သင့်မြတ်လာသည့်တိုင် အငြင်းပွားမှုများ ရံဖန်ရံခါဖြစ်ပေါ်ခဲ့သည့် မလေးရှားနိုင်ငံနှင့် လူဦးရေ သန်း ၂၀၀ ကျော်ရှိ အင်ဒိုနီးရှားနိုင်ငံတို့သည် မလေးစကားပြောအနွယ်များဖြစ်ပြီး စင်ကာပူမှာမူ နိုင်ငံလူဦးရေ၏ ဒုတိယအများဆုံးမှာ မလေးများဖြစ်သောကြောင့် နိုင်ငံတွင်း အဓိကမျိုးနွယ်ကြီး သုံးခုဖြစ်သည့် တရုတ်၊ မလေးနှင့် အိန္ဒိယတို့အကြား လူဦးရေအချိုးအစား ပြောင်းလဲမသွားရေးကို အဓိက ဂရုစိုက်ကာ မျက်ခြည်မပြတ် စောင့်ကြည့်နေရသည်မှာလည်း စင်ကာပူနိုင်ငံ၏ ရှင်သန်ရပ်တည်ရေးမူဝါဒ၏ အဓိကအစိတ်အပိုင်းပင် ဖြစ်ပေသည်။
သေးငယ်ပြီး သယံဇာတမရှိသောကြောင့် အခြားနိုင်ငံများကို စီးပွားရေးတွင် အားထားရသည့် စင်ကာပူနိုင်ငံသည် နိုင်ငံတည်ငြိမ်မှသာ ရင်းနှီးမြှုပ်နှံလိုသူများအား ဆက်လက်ဆွဲဆောင်နိုင်မည်ဖြစ်သောကြောင့် ငြိမ်းချမ်းရေးကို အထူးလိုလားကာ အိမ်နီးချင်းများနှင့်လည်း ချစ်ကြည်ရေးထိန်းသိမ်းထားနိုင်အောင် ဆောင်ရွက်နေသည်မှာလည်း အထူးမှတ်သားဖွယ်ဖြစ်ပေသည်။ ငြိမ်းချမ်းရေးကို လိုလားသော်လည်း မိမိနိုင်ငံကို ထိပါးလာပါက ထိရောက်စွာတုံ့ပြန်နိုင်ရန် စင်ကာပူနိုင်ငံသည် သေးငယ်သော်လည်း ခေတ်မီထက်မြက်သော တပ်မတော်တစ်ရပ်ကို ထားရှိခြင်းဖြင့် ငြိမ်းချမ်းရေးကို အကောင်းဆုံးထိန်းသိမ်းရန် ကြိုးစားလျက်ရှိသည်။ ထိုနေရာတွင် စင်ကာပူနိုင်ငံသား အရွယ်ရောက်သူ အမျိုးသားတိုင်း စစ်မှုမထမ်းမနေရစနစ် ကျင့်သုံးသောကြောင့် တပ်မတော်၏ အရန်အင်အားမှာ တစ်နိုင်ငံလုံးပင်ဖြစ်နေပြီး တပ်မတော်နှင့် ပြည်သူအကြား တစ်သားတည်း ဖြစ်စေရေး ကြီးမားသောအထောက်အကူပင် ဖြစ်သည်။
ကြက်ဥအားလုံးကို ခြင်းတောင်းတစ်တောင်းတွင်း မထည့်ရ Don’t put all your eggs in one basket ဟူသော စကားအတိုင်း ဒေသအပြင်ဘက်မှ အင်အားကြီးနိုင်ငံများဖြစ်သော အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျ စသော နိုင်ငံများနှင့်လည်း စစ်ရေးပူးတွဲလေ့ကျင့်မှုများ ပြုလုပ်မှု၊ ရင်းနှီးသော ဆက်ဆံရေးများထားရှိမှုတို့ဖြင့် မိမိ၏ ရွေးချယ်ခွင့်များအား ဖြန့်ကြက်ထားသည်ကို တွေ့ရသည်။
အချုပ်ဆိုရသော် အင်အားကြီးနိုင်ငံများနှင့် အိမ်နီးချင်းအဖြစ် ရပ်တည်နေရသော နိုင်ငံငယ်များအနေဖြင့် ထိုးထွင်းတီထွင်သောမူဝါဒများ ချမှတ်ဆောင်ရွက်မှသာ အချုပ်အခြာအာဏာ အဓွန့်ရှည်စွာ တည်တံ့ခိုင်မြဲရေး ဆောင်ရွက်နိုင်မည်ဖြစ်ပြီး မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အဆိုပါနိုင်ငံများနှင့် Win Win အကျိုးတူ ဆောင်ရွက်နိုင်မည်ဟု The Voice Weekly က ရှုမြင်ပါကြောင်း။
အယ်ဒီတာ (၇-၉-၀၉)
( The Voice Weekly Journal အတွဲ ၅၊ အမှတ် ၄၅ Editorial ကိုပြန်လည်ကူးယူဖော်ပြပါသည် )
No comments:
Post a Comment