သေချာတာကတော့ ဒယ်လ်တာယူနိုက်တက်ဟာ ဗထူးကွင်းမှာ လာကန်ရရဲ့သားနဲ့ အနိုင်ရတယ်ဆိုတဲ့အတွက် ရတနာပုံအသင်းအပေါ်ကို နိုင်သင့်နိုင်ထိုက်လို့၊ အနိုင်နဲ့ထိုက်တန်လို့ နိုင်တယ်လို့ပဲ ကျွန်တော်က ယူဆပါတယ်။ ကျွန်တော်လည်း ရတနာပုံအသင်းပရိသတ်ပါ။ ကိုယ့်အသင်း နိုင်တာကိုပဲ ကြားချင်၊ မြင်ချင်တဲ့လူပါ။ ဒါပေမယ့် ရှုံးလာတယ်ဆိုရင်လည်း လက်ခံရပါမယ်။ စောစောက ပြောခဲ့သလို ရှုံးသင့်လို့ရှုံးတယ်လို့ ခံယူထားလိုက်ရင် ဘာမှဖြစ်စရာအကြောင်း မရှိပါ။
ထားပါတော့။ အဓိကပြောချင်တာကတော့ အဲဒီနေ့က ဘောလုံးပွဲအပြီးမှာ ရတနာပုံအသင်းအားပေးသူ ပရိသတ်အချို့ဟာ ဗထူးကွင်းရဲ့ ထွက်ပေါက်ကို ပိတ်ဆို့ထားခဲ့တဲ့အတွက် ဒယ်လ်တာအသင်းနဲ့ မီဒီယာသမားအချို့ဟာ ဘောလုံးကွင်းထဲမှာ အချိန်တစ်ခုအထိ ငုတ်တုတ်ထိုင်စောင့်နေခဲ့ရတယ်ဆိုတဲ့ သတင်းပါ။ အတော်လေးကို ရုပ်ပျက်ဆင်းပျက်ဖြစ်စေတဲ့ အပြုအမူ။ လူကြီးလူကောင်းမဆန်တဲ့ အပြုအမူလို့ ဆိုချင်ပါတယ်။ ရတနာပုံအသင်းကို ဘယ်လောက်ပဲ အားပေးသည်၊ ချစ်ခင်သည်ဖြစ်စေ အခုလို လုပ်ရပ်မျိုးကို အပြင်းအထန် ကန့်ကွက်ရှုံ့ချပါသည်။
သူများနိုင်ငံက ပရိသတ်တွေ ဆူပူသောင်းကျန်းတဲ့ သတင်းတွေကို ဖတ်ပြီးရင် ဒီကောင်တွေ အတော်ဆိုးတဲ့ကောင်တွေပါလား ဆိုပြီး စိတ်တိုရ၊ ဆဲရ၊ ဆိုရနဲ့။ ဟော... အခု ကိုယ့်မြန်မာတွေကလည်း ကမ္ဘာနဲ့အမီ ရင်ဘောင်တန်းနေကြပါရောလား။ ၀မ်းသာရမှာလား၊ ဂုဏ်ယူရမှာလားဗျာ။ အဲဒီပရိသတ်တွေကပဲ မြန်မာ့ဘောလုံးကို ကမ္ဘာ့အဆင့်မီစေချင်တယ်တဲ့။ ဟုတ်ပါပြီဗျာ။ အားပေးတဲ့ ပရိသတ်တွေကရော အဆင့်မီရဲ့လားလို့ ပြန်မေးခွန်းထုတ်ချင်ပါတယ်။ အင်္ဂလန်ကပရိသတ်တွေကို တစ်ကမ္ဘာလုံးက ကြောက်ကြပါသတဲ့။ အင်္ဂလန်အသင်း ပါဝင်ယှဉ်ပြိုင်တဲ့ပွဲတွေဆိုရင် လုံခြုံရေးကို အရင်ကထက် ပိုပြီးတိုးမြှင့်ချထားရတယ်ဆိုတာကို ဘောလုံးနဲ့ ရင်းနှီးသူတိုင်း သိကြပါတယ်။
အခုလည်း အာစီယံဒေသတွင်းပြိုင်ပွဲတွေမှာ မြန်မာအသင်းပါတယ်ဆိုတာနဲ့ အခြားနိုင်ငံတွေက "အရိုင်းအစိုင်းကောင်တွေလာပြီး စည်းမရှိ၊ ကမ်းမရှိ အားပေးကြတော့မယ်၊ သတိသာထားကြတော့"ဆိုပြီး မေးငေါ့ကြမှာ မြင်ယောင်နေမိပါတယ်။ နဂိုကမှ မြန်မာဆိုရင် အမြင်မကြည်ရတဲ့အထဲ အခုလို ပရိသတ်တွေက အမျိုးဂုဏ်ကို မြှင့်တင်နေကြတော့ အင်း.... ဆိုပြီး အများကြီး တွေးနေမိတယ်။ ရင်လေးနေမိတယ်။
မြတ်စွာဘုရားက ဟောကြားထားပါတယ်။ အစွန်းနှစ်ပါးကို ရောက်တာဟာ မကောင်းဘူးတဲ့။ အလယ်အလတ်ပဲ ကောင်းပါတယ်။ ကိုယ်ကြိုက်တဲ့အသင်းကို အားပေးတယ်ဆိုပေမယ့် အစွန်းတစ်ဖက်ကို ရောက်မသွားအောင် ထိန်းသိမ်းကြသင့်တယ်လို့ မြင်မိကြောင်း အကြံပြုရေးသားအပ်ပါသည်။
မြန်မာ့ဘောလုံး တိုးတက်အောင်မြင်နိုင်ပါစေဟု.....
လေးစားစွာဖြင့်
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်၊ သောကြာနေ့။
နေ့လည် ၂ နာရီ ၁၃ မိနစ်တွင် ပြီး၏။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်၊ သောကြာနေ့။
နေ့လည် ၂ နာရီ ၁၃ မိနစ်တွင် ပြီး၏။
No comments:
Post a Comment