Tuesday, October 06, 2009

ရွေးကောက်ပွဲနှင့် ယှဉ်ပြိုင်မှုအား လှိုင်းလေးလှိုင်း - မောင်စူးစမ်း

ယှဉ်ပြိုင်မှုအား
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်မှုအနေအထားကို အကဲခတ်ကြည့်ကြမည်မှာ သေချာသည်။ Electoral Competitive ရွေးကောက်ပွဲယှဉ်ပြိုင်မှုသည် ဒီမိုကရေစီထူထောင်ရေး၏ အရေးကြီးသော လက္ခဏာတစ်ပါးအဖြစ် အချို့ကယူဆကြသည်။ ဤရွေးကောက်ပွဲယှဉ်ပြိုင်မှု၏ ပုံသဏ္ဌာန်သည် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနှင့် နိုင်ငံရေးပါတီများဆိုင်ရာ ဥပဒေများပေါ်ထွက်လာပြီးမှ ပိုမိုပီပြင်လာစရာ ရှိမည်ဟု ခန့်မှန်းရသည်။

မြန်မာ့နိုင်ငံရေး၏ ထင်ရှားသောစရိုက်တစ်ခုသည် ပါတီတွေ မဟာမိတ်ဖွဲ့ကြခြင်း၊ တပ်ပေါင်းစုဖွဲ့ကြခြင်း ဖြစ်သည်။ နိုင်ငံရေးမဟာမိတ်၌ ရွေးကောက်ပွဲအတွင်း မဟာမိတ်နှင့် လွှတ်တော်အတွင်း မဟာမိတ်တို့ဆိုပြီး နှစ်မျိုးရှိသည်။ မည်သို့ပင်ဖြစ်စေ မဟာမိတ်ဖွဲ့၍ ဆောင်ရွက်ကြသော နိုင်ငံရေးသည် နိုင်ငံရေးပါတီခေါင်းဆောင်တို့၏ လုပ်ရိုးလုပ်စဉ်ဗီဇသဘောဖြစ်၍ မဟာမိတ် သို့မဟုတ် ညွန့်ပေါင်းပုံသဏ္ဌာန်တို့သည် မျှော်လင့်ထားရမည့်အရာဟု ယူဆသည်။

သံန္နိဋ္ဌာန်
သို့သော် မဟာမိတ်ဖွဲ့ခြင်းသည် သူ့အလိုအလျောက် ဒီမိုကရေစီဆန်သည်ဟု မယူဆနိုင်က များစွာသော ပြည်ပရောက်အင်အားစုတို့သည် မဟာမိတ်အမျိုးမျိုး ဖွဲ့စည်းကြသည်။ သို့သော် တရားဥပဒေကို လိုက်နာရန် ပျက်ကွက်သည်။ အချို့မဟာမိတ်အဖွဲ့တို့သည် နယ်မြေဒေသတစ်ခုခုကိုပင် ချုပ်ကိုင်နိုင်ခြင်းမရှိ။ အချို့အဖွဲ့တို့သည် ဒီမိုကရေစီစည်းမျဉ်းတို့နှင့် ဆန့်ကျင်သည်။ ထို့ကြောင့် မဟာမိတ်ဖွဲ့စည်းတိုင်း ယှဉ်ပြိုင်မှုရှိသည်ဟု မယူဆနိုင်ပေ။

မျှတစွာပြောရလျှင် ရွေးကောက်ပွဲယှဉ်ပြိုင်မှုသည် ရွေးကောက်ပွဲကို စပွန်ဆာလုပ်ပေးသူ၏ စေတနာပေါ်၌လည်း မူတည်သည်။ မြန်မာ့ဒီမိုကရေစီသည် လမ်းညွှန်ခံဒီမိုကရေစီဖြစ်လေရာ ဤလမ်းညွှန်ခံဒီမိုကရေစီ၌ ရွေးကောက်ပွဲယှဉ်ပြိုင်မှု၏ အကျယ်အ၀န်းကို မေးခွန်းထုတ်စရာရှိသည်။ ဤအချက်သည် ဒီမိုကရေစီစပွန်ဆာ၏ စေတနာအပေါ် မူတည်သည်။ စပွန်ဆာက ဒီမိုကရေစီနိုင်ငံသစ်ကို ထူထောင်နေသည်ဟု သံန္နိဋ္ဌာန်မဟာဗျူဟာ ပေါ်လစီအရ အတိအလင်း ထုတ်ဖော်ကြေညာထားသဖြင့် စပွန်ဆာ၏ စေတနာကို သံသယဖြစ်စရာ မရှိသင့်ဟု ယူဆသည်။

လှိုင်းလေးလှိုင်း
လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် လူထုတစ်ရပ်လုံး ပါဝင်နိုင်ရန်အတွက် အကျဉ်းသားတို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။ ထိုအချက်ကို ထောက်ချင့်၍ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မှု အားကောင်းစေလိုသော စေတနာအပြည့်ရှိနေကြောင်း သုံးသပ်၍ရရှိသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ်၌ တစ်ပါတီတည်းကိုသာပြုံပြီး မဲပေးသောစနစ်မှ ခြားနားလိုဟန်ရှိသည်ဟု သုံးသပ်နိုင်သည်။

ထို့အပြင် အသွင်ကူးပြောင်းရေးကာလဟု သတ်မှတ်ပြောဆိုသည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲကို မဟာဗျူဟာမြောက်ထွက်ပေါက် Strategic Exit အဖြစ် အသုံးပြုသည်ဟူ၍လည်း ဒိဋ္ဌဆိုနိုင်သည်။ အချို့က ရွေးကောက်ပွဲကို တရားမျှတမှုဘက်မှ ကြည့်၍သုံးသပ်သည်။ အချို့က ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများ ယှဉ်ပြိုင်ခွင့်ရပုံကိုကြည့်၍ ရွေးကောက်ပွဲ၏တန်ဖိုးကို အကဲဖြတ်သည်။

မြန်မာ့နိုင်ငံရေးသမိုင်း၌ သူပုန်ထသူများ အလင်းဝင်ပုံ လေးလှိုင်းရှိခဲ့သည်။

ပထမလှိုင်းသည် ပါလီမန်စနစ်ခေတ်၌ လက်နက်နှင့် ဒီမိုကရေစီ လဲခဲ့ကြသည်။

ဒုတိယလှိုင်း၌ ဆိုရှယ်လစ်လမ်းစဉ်တွင် ပါဝင်လို၍ အလင်းဝင်ခဲ့ကြသည်။

တတိယလှိုင်း၌ ငြိမ်းချမ်းရေးနှင့် လက်နက် လဲခဲ့ကြသည်။

စတုတ္ထလှိုင်း၌ လက်နက်နှင့် ဒီမိုကရေစီလဲလှယ်ရန် ဖြစ်လာသည်။

မောင်စူးစမ်း (၂၅-၉-၂၀၀၉)

( The Voice Weekly ဂျာနယ် အတွဲ ၅၊ အမှတ် ၄၈ မှ ပြန်လည်ကူးယူဖော်ပြပါသည် )

No comments:

Post a Comment