"မြန်မာအစ တကောင်းက" ဟူ၍ ဆိုရိုးရှိခဲ့သည့်အတိုင်း မြန်မာရာဇ၀င်ကို တကောင်းခေတ်မှ စတင်၍ ဖော်ပြလေ့ရှိကြပေသည်။ မင်းအစဉ်အဆက် တိုင်းပြည်ထူထောင် အုပ်စိုးခဲ့ကြသည့် သမိုင်းကြောင်းကို လိုက်စစ်ရှာဖွေလျှင် တကောင်းခေတ်အထိ ပြန်လှန်ထောက်ဆနိုင်ပေသည်။ သို့ရာတွင် မြန်မာနိုင်ငံတွင် လူမျိုးများ စတင်အခြေစိုက် နေထိုင်ခဲ့ကြသည်မှာကား တကောင်းခေတ်မတိုင်မီ နှစ်ပေါင်းထောင်ပေါင်း များစွာကတည်းကဖြစ်ကြောင်းကို မြန်မာနိုင်ငံအရပ်ရပ်တွင် ကျောက်ခေတ်လူများ၏ ကျောက်လက်နက်များကို တူးဖော်တွေ့ရှိရခြင်းက ထင်းရှားဖော်ပြနေပေသည်။ ထိုလူသားများသည် ရေကြည်ရာ၊ မြက်နုရာတွင် အစဉ်တစိုက် ရွှေ့ပြောင်းနေထိုင်ခဲ့ကြပေမည်။ အစုအအုပ်ဖွဲ့၍ နေထိုင်ခဲ့ကြပေမည်။ နောက်ဆုံးတွင် နီဂရိုတိုလူမျိုးများ၏ ခေတ်သို့တိုင်ခဲ့ပေသည်။
ထို့နောက်တွင်ကား မြန်မာနိုင်ငံမြောက်ပိုင်း အာရှတိုက်အလယ် မောင်းဂွတ်ပြည်ခေါ် မွန်ဂိုလီးယားဒေသမှ မွန်ခမာ လူမျိုးများသည်လည်းကောင်း၊ တိဘက်မြန်မာ လူမျိုးများသည်လည်းကောင်း၊ ထိုင်းရှမ်း လူမျိုးများသည်လည်းကောင်း အဆင့်ဆင့် ၀င်ရောက်နေထိုင်ခဲ့ကြရာ ရှိရင်း နီဂရီတိုလူမျိုးတို့သည် တောင်ပိုင်းနှင့် တောင်ဘက် ပင်လယ်ကျွန်းဆွယ်များသို့ တရွေ့ရွေ့ ရွှေ့ပြောင်းသွားခဲ့ကြပေသည်။ ၀င်ရောက်လာသော လူမျိုးများသည် ဒေသအသီးသီးတွင် အခြေစိုက်နေထိုင်ခဲ့ကြရာမှာ လူမျိုးစုများအဖြစ် သီးခြားရပ်တည်လာခဲ့ကြ၍ ဘာသာစကားနှင့် ဓလေ့ထုံးတမ်းတို့လည်း ကွဲပြားလာခဲ့လေသည်။ မွန်အမျိုးသားများသည် မွန်ခမာ အဆက်အနွယ်များဖြစ်၍ ချင်း၊ ကချင်၊ ကဒူး၊ ပျူ၊ ကမ်းယံ၊ သက် လူမျိုးတို့သည် တိဘက်မြန်မာတို့၏ အဆက်အနွယ်များဖြစ်ပြီး ရှမ်း၊ ကရင်၊ တောင်သူ၊ ပဒေါင် စသောလူမျိုးတို့သည် ထိုင်းလူမျိုး အဆက်အနွယ်များ ဖြစ်သည်ဟု မှတ်ယူကြရလေသည်။ ထိုလူမျိုးများသည် အစဉ်အတိုင်း အုပ်စုအလိုက် မြို့ရွာတည်စိုက် နေထိုင်ခဲ့ကြလေသည်။ မြန်မာဟူသောအမည်မှာ ပျူလူမျိုးတို့ တိမ်ကောချိန်လောက်တွင် ပေါ်ထွန်းလာသဖြင့် ပျူမှ မြန်မာမျိုးနွယ်သို့ ပွားဆက်လာသည်ဟု ယူဆသူများလည်း ရှိလေသည်။
ထိုသို့ မြန်မာနိုင်ငံတွင် မွန်ဂိုလီးယားဒေသမှ မျိုးနွယ်များ ၀င်ရောက်နေထိုင်လျက်ရှိကြသော ကာလတွင် တကောင်းဒေသ ဧရာဝတီမြစ်ညာ၌ ရှေးဦးစွာ မြို့ပြတည်ထောင်စည်းရုံးလျက် မင်းအဖြစ် ထီးနန်းစိုက်တည်ခဲ့ကြရာမှ မင်းအစဉ်အဆက် နှစ်ကာလစဉ်တိုက် ဆက်လက်အုပ်ချုပ်လာခဲ့ကြသည်ကို တွေ့ရှိရလေသည်။ တကောင်းတွင် မြို့ပြတည်ထောင်၍ မင်းအဖြစ် စတင်စိုးစံခဲ့ကြသည့် အကြောင်းရင်းနှင့် ပတ်သက်၍ကား ဤသို့မှတ်သားကြရပေသည်။
စာကြွင်း
ဆရာလှသမိန် ၏ မြန်မာရာဇ၀င်အကျဉ်း စာအုပ်မှ ပြန်လည်ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။ မြန်မာစကား၊ မြန်မာစာကို ပြောဆိုရေးသားအသုံးပြုနေသည့် မြန်မာလူမျိုးတစ်ယောက်အနေဖြင့် မြန်မာပြည်တွင်မှ မဟုတ်ဘဲ မည်သည့်နေရာဒေသတွင် ရောက်ရှိအခြေချနေထိုင်နေသည်ဖြစ်စေ မြန်မာ့အကြောင်း၊ မြန်မာ့ရာဇ၀င်ကို သိသင့်သည်ဟု ယူဆသည့်အတွက် ပြန်လည်ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။ "လှသမိန်-မြန်မာရာဇ၀င်အကျဉ်း" ဟူ၍ သီးသန့်အခန်းကဏ္ဍတစ်ခုအဖြစ် ခွဲထုတ်ကာ ပုံမှန်တင်ပေးသွားနိုင်အောင် ကြိုးစားသွားမည်ဟု ဆုံးဖြတ်ထားပါသည်။ အချိန်အခက်အခဲကြားမှ တစ်ယောက်တည်း ပြန်ကူးရိုက်ရတာဖြစ်သည့်အတွက် စိတ်ဝင်တစား စောင့်ဖတ်သူများအနေဖြင့် သည်းခံစောင့်ဆိုင်းပေးကြပါရန် တောင်းပန်အပ်ပါသည်။
No comments:
Post a Comment