Friday, October 09, 2009

ကျပ်ငါးထောင်တန်များကိုကြိုဆို

မြန်မာနိုင်ငံတွင် ယနေ့ခေတ်အစားဆုံးမေးခွန်းမှာ ကျပ်ငါးထောင်တန်ကြောင့် Inflation ခေါ် ငွေကြေးဖောင်းပွမှု ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုသော မေးခွန်းဖြစ်ပေသည်။ အမှန်အားဖြင့် ဤမေးခွန်းသည် ၀ါဂွမ်းတစ်ပိဿာနှင့် သံတစ်ပိဿာ ဘယ်အရာက ပိုလေးသနည်းဆိုသော မေးခွန်းမျိုးပင် ဖြစ်ပေသည်။

ငွေကြေးဖောင်းပွမှုဆိုသည်မှာ ကုန်ပစ္စည်းပြတ်လပ်မှုကြောင့်မဟုတ်လျှင် ရှိသင့်ရှိထိုက်သော Money in Circulation ခေါ် လှည့်ပတ်ငွေကြေးထက် မည်မျှပိုမိုရိုက်ထားသနည်းဆိုသော သဘောတရားဖြစ်ရာ မည်သည့်ငွေစက္ကူအမျိုးအစားကို ရိုက်နှိပ်သနည်းဆိုသောအချက်နှင့် သက်ဆိုင်ခြင်းမရှိလှပေ။

ယေဘုယျအားဖြင့် အစိုးရသည် ၎င်းအနေဖြင့် ရိုက်နှိပ်ရန်လိုအပ်သည်ဟု ယူဆသောပမာဏကို ကျပ်ငါးထောင်တန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ရိုက်နှိပ်မည်ဖြစ်ရာ ငွေကြေးဖောင်းပွရန်ရှိခဲ့လျှင်လည်း ထိုပမာဏကြောင့် (တစ်ပိဿာ) ဖြစ်ရိုးဖြစ်စဉ်သာဖြစ်ပြီး ကျပ်ငါးထောင်တန် ငွေစက္ကူများကြောင့်ဟု ပြော၍မရပေ။ အမှန်အားဖြင့် ယနေ့ထွက်ပေါ်ရန်ရှိသည့် အကြီးဆုံးငွေစက္ကူသည် ငါးဒေါ်လာတန်ငွေစက္ကူထက် သေးနေပါသေးသည်။

တစ်ဖက်တွင်လည်း ငွေစက္ကူတစ်ရွက်၏ Cost of Production ခေါ် ထုတ်လုပ်မှုကုန်ကျစရိတ်သည် ကျပ် ၇၀၀ နီးပါးရှိရာ ရိုက်နှိပ်ရန် ရည်ရွယ်ထားသည့်ငွေကြေးကို ကျပ်ငါးထောင်တန်ရိုက်နှိပ်ခြင်းက ကျပ်တစ်ထောင်တန် ရိုက်နှိပ်ခြင်းထက် ပို၍တွက်ခြေကိုက်ပြီး ရသုံးမှန်းခြေငွေစာရင်းတွင် ၀န်ထုပ်ဝန်ပိုးသက်သာစေသည်ကို တွေ့ရမည်ဖြစ်ပေသည်။

မည်သို့ပင်ဖြစ်စေ ငွေကြေးဖောင်းပွမှုဖြစ်ရန်ရှိလျှင် ၅၀၀၀ ကျပ်တန်ဖြင့် ဖြစ်ရခြင်းက ၁၀၀၀ တန်ဖြင့် ဖြစ်ရခြင်းထက် ဘတ်ဂျက်ဝန်ထုပ်ဝန်ပိုး ကုန်ကျစရိတ် သက်သာသောကြောင့် များစွာကြိုဆိုရမည့်ကိစ္စလည်း ဖြစ်ပေသည်။ နားလည်သလောက်ပြောရလျှင် အစိုးရသည် ဘတ်ဂျက်ပိုငွေပြရန် ကြိုးစားနေချိန်ဖြစ်ရာ ကျပ်ငါးထောင်တန်ကြောင့် သက်ရောက်မှုသည် သံတစ်ပိဿာကပိုလေးသည်ဟု ကောက်ယူသူအနည်းငယ်ကြောင့် မြင်ရသည့် Panic ခေါ် တုန်လှုပ်မှုထက် များစွာပိုမိုလိမ့်မည်ဟု မယူဆပါ။

Us Them ခွဲခြားမှုတွင် ပိတ်မိနေပုံရသော ပညာရှင်များကိုယ်တိုင် ၅၀၀၀ ကျပ်တန် ထုတ်ဝေခြင်းသည် ရေရှည်အတွက် ကောင်းပါသည်ဟု ပညာရှင်ပီသသည့် မှတ်ချက်မျိုးပေးရန် တွန့်ဆုတ်နေခဲ့ကြသည်ကို တွေ့ရသောကြောင့် အထူးပင် ၀မ်းနည်းမိပါကြောင်း….။
အယ်ဒီတာ (၂၈-၉-၂၀၀၉)

( The Voice Weekly ဂျာနယ် အတွဲ ၅၊ အမှတ် ၄၈ တွင် ဖော်ပြပါရှိသည့် Editorial ကို ပြန်လည်ကူးယူဖော်ပြပါသည် )

No comments:

Post a Comment