(၁)
ပျင်းသောသူ အတတ်ပညာမရနိုင်။
အတတ်ပညာမရှိသောသူ ဥစ္စာမရနိုင်။
ဥစ္စာမရှိသောသူ မိတ်ဆွေမရနိုင်။
မိတ်ဆွေမရှိသောသူ ချမ်းသာမရနိုင်။
ချမ်းသာမရှိသောသူ ကောင်းမှုမပြုနိုင်။
ကောင်းမှုမရှိသောသူ နိဗ္ဗာန်မရနိုင်။
(၂)
အတတ်ပညာနှင့်တူသော ဥစ္စာမရှိ။
အတတ်ပညာကို သူခိုး မခိုးနိုင်။
အတတ်ပညာသည် ဤလောက၌ မိတ်ဆွေကောင်းမည်၏။
အတတ်ပညာသည် တမလွန်၌ ချမ်းသာကို ဆောင်တတ်၏။
(၃)
အကြားအမြင်ပညာကို နည်းသည်ဟူ၍ မအောက်မေ့ရာ၊ စိတ်၌ သိုမှီးသိမ်းဆည်းထားရာ၏။
ခြကောင်များစု၍ ကြီးထွားလာသော တောင်ပို့နှင့် အိုးစရည်း၌ ကျဖန်များ၍ပြည့်လာသော ရေပေါက်ကဲ့သို့ မှတ်အပ်၏။
(၄)
နှုတ်မှုပညာကိုဖြစ်စေ၊ လက်မှုပညာကိုဖြစ်စေ သေးငယ်၏ဟု မထင်မှတ်ရာ။
ကုန်စင်အောင်တတ်မြောက်ခဲ့သော် မိမိတတ်မြောက်ထားသော အတတ်ပညာတစ်မျိုးမျိုးက အသက်မွေးဝမ်းကျောင်းအတွက် အထောက်အပံ့ ဖြစ်နိုင်၏။
(၅)
အတတ်ပညာကို ဖြည်းဖြည်းသင်ရာ၏။
ဥစ္စာကို ဖြည်းဖြည်း ရှာရာ၏။
တောင်ကို ဖြည်းဖြည်းသာ တက်ရာ၏။
အိမ်ထောင်ပြုခြင်းကို ဖြည်းဖြည်းသာ စဉ်းစားရာ၏။
အမျက်ဒေါသကို ဖြည်းဖြည်းသာ ထွက်စေရာ၏။
No comments:
Post a Comment