ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြဋ္ဌာန်းအတည်ပြုပြီးဖြစ်သည်။ ထို့ကြောင့် ဤသို့အတည်ဖြစ်ပြီးသားဥပဒေကို ပြင်ဆင်ပေးရန် တောင်းဆိုချက်သည် မူလပထမကတည်းက လိုက်လျောရန် မဖြစ်နိုင်သည့်သဘောရှိသည်ကို သိပြီးသားဖြစ်ထိုက်သည်။ နိုင်ငံရေးဈေးဆစ်မှုတို့သည် ဈေးကွက်ထဲက ဈေးဆစ်မှုတို့နှင့် မတူပေ။ အပျော်သဘော ဈေးမဆစ်ရပေ။ နိုင်ငံရေးဈေးဆစ်မှုတွင် ပထမအားဖြင့် တောင်းဆိုမှုသည် တစ်ဖက်က လိုက်လျောနိုင်သော တောင်းဆိုမှုမျိုးဖြစ်ရမည်။ လိုက်လျောဖို့ ဘယ်လိုမှ မဖြစ်နိုင်သောအရာကို တောင်းဆိုလျှင် ပြဿနာကို တမင်ခက်ခဲအောင် ဖန်တီးခြင်းသာဖြစ်မည်။
ပြန်ဆုတ်မရ၊ စွမ်းပကား
ဖွဲ့စည်းပုံအခြေခံဥပဒေသည် အတည်ပြုပြီးဖြစ်၍ နောက်ပြန်ဆုတ်လို့မရသောအရာ irreversible ဖြစ်သည်။ နောက်ပြန်ဆုတ်လို့ မရသောအရာတို့တွင် ဈေးဆစ်လေ့မရှိကြပေ။ နောက်ပြန်ဆုတ်လို့မရခြင်းကို အသိအမှတ်ပြုလျက် တခြားနည်းလမ်းရှာကြသည်။ နောက်ပြန်ဆုတ်လို့မရသောအရာကို ဈေးဆစ်ခြင်းသည် ဈေးဆစ်သူ၏ အိုင်ဒီယာဆင်းရဲမှုကိုလည်းပြသည်။ စေတနာကိုလည်း ပြသည်။
နိုင်ငံရေးဈေးဆစ်မှုတွင် ပလေရာတို့၏ စွမ်းပကား Capacity က အတော်စကားပြောသည်။ မိမိ၏ ဈေးဆစ်မှုသည် မိမိ၏ စွမ်းပကားနှင့် ကိုက်ညီရမည်။
မိမိ၏ စွမ်းပကားက ဆင်းရဲနေချိန်တွင် မိမိက အမြင့်ကြီးဈေးဆစ်နေလျှင် ရူးသွပ်ရာသာကျမည်။ နိုင်ငံရေးဈေးဆစ်မှုတွင် ပင်မရေစီးကြောင်း mainstream ကို နှောင့်နှေးအောင်၊ ဖရိုဖရဲဖြစ်အောင် မကြံအပ်ပေ။ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲသည် ပင်မရေစီးကြောင်း၏ ဗဟိုချက်မဖြစ်နေလေရာ နိုင်ငံရေးဈေးဆစ်မှုတို့သည် ဤပင်မရေစီးကြောင်း သန်စွမ်းရေးကိုသာ အထောက်အကူဖြစ်စေရမည်။ ပင်မရေစီးကြောင်းကို ပြောင်းပြန်လှန်စေလိုသော စေတနာဖြင့် ဈေးမဆစ်သင့်ပြီ။
ဖိုရမ်
၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအပြီး၌ လွှတ်တော်တွေ ပေါ်လာမည်ဖြစ်လေရာ လွှတ်တော်တို့သည် နိုင်ငံရေးဈေးဆစ်မှုအတွက် ဗဟိုဖိုရမ်တို့ ဖြစ်လာမည်။ ထို့ကြောင့် နိုင်ငံရေးဈေးဆစ်မှုတို့ကို ရွေးကောက်ပွဲအကြို၌ ပြုလုပ်မလား၊ သို့တည်းမဟုတ် ရွေးကောက်ပွဲအပြီး ပေါ်ထွန်းမည့် လွှတ်တော်တို့၌ ပြုလုပ်မလားဟု ချိန်ဆရွေးချယ်ရန် ရှိနေသည်။
နိုင်ငံရေး၏ သဘာဝထဲတွင် နိုင်ငံရေးဈေးဆစ်မှုတို့ ပါဝင်သည်။ သို့ဖြစ်၍ အောက်ပါအချက်တို့ကို ပလေရာတို့က စဉ်းစားထားရန် လိုအပ်ပါလိမ့်မည်။
(၁) နောက်ပြန်ဆုတ်လို့မရသောလမ်းကို ဈေးဆစ်လို့ အကျိုးထူးမှာလား။
(၂) ပင်မရေစီးကြောင်းကို လမ်းကြောင်းပြောင်းရန် ဈေးဆစ်သင့်သလား။
(၃) ဈေးဆစ်နိုင်သောပါဝါ Bargaining Power ပလေရာတို့လက်ထဲ ဘယ်လောက်ရှိကြသလဲ။
(၄) နိုင်ငံရေးဈေးဆစ်မှုများ ပြုလုပ်နိုင်သော ဖိုရမ်(လွှတ်တော်)တွေပေါ်ရန် ဘယ်လိုကြိုးပမ်းအားထုတ်မလဲ။
( The Voice Weekly ဂျာနယ် အတွဲ ၅၊ အမှတ် ၅၂ မှ ပြန်လည်ကူးယူဖော်ပြပါသည် )
No comments:
Post a Comment