ထို့ကြောင့် ကိုယ့်ရှုထောင့်ကို ချဲ့ပြီးမြင်ရန်လိုသည်။ ကွက်ကွက်ကလေးကြည့်ပြီး ကိုယ်လိုရာဆွဲ၍မရ။ မြန်မာ့နိုင်ငံရေးရှုကွက်တို့က ရှုပ်ရှုပ်ထွေးထွေးရှိသည်။ စုတ်ချက်တွေက နုနုညက်ညက်တွေမဟုတ်။ သော့သော့ကြမ်းကြမ်းရှိသည်။ အရောင်တွေကလည်း ဒွေးရောယှက်တင် တောက်တောက်ရဲရဲတွေ ဖြစ်သည်။ လျှိုမြောင်ချောက်ကမ်းပါးတွေပါသည်။ တောကြီးမျက်မည်းတွေပါသည်။ တောင်တန်း၊ မြေပြန့်၊ ချိုင့်ဝှမ်းတွေပါသည်။ မြစ်ချောင်းတွေပါသည်။ စည်းရိုးတွေ၊ အကန့်တွေ၊ ဘောင်တွေ၊ နယ်နိမိတ်တွေပါသည်။ အနိမ့်အမြင့် ကွန်တိုလိုင်းတွေပါသည်။ ယဉ်ကျေးမှု၊ ဘာသာစကား၊ သမိုင်းနောက်ခံစသဖြင့် မြေပုံအညွှန်းတွေစုံသည်။ သို့ဖြစ်၍…. မြန်မာ့နိုင်ငံရေးကို ရှုမြင်လျှင် အမြင်မျှဖို့လိုသည်။
ရှုသူအနေဖြင့် ရှုရပ်မျှပြီး ရှုဖို့လိုသည်။ ရှုရပ်ကို တစ်နေရာတည်း ကျောက်ချထား၍မရ။ တစ်ဖက်မြင်၊ တစ်လမ်းသွားနှင့်မရ။ ဗဟုသဘောဆောင်ရမည်။ ရှေ့ကြည့်ရော၊ နောက်ကြည့်ရော၊ ၀ဲယာရော စုံအောင်ရှုရသည်။ အိမ်ထဲကအမြင်ရော၊ အိမ်ပြင်ရှုရပ်ကပါ ကြည့်ဖို့လိုမည်။ တောင်ပေါ်ရှုရပ်အမြင်ရော၊ တောင်အောက်ရှုရပ်အမြင်ပါလိုသည်။
ထိုသို့သော အမြင်များထဲတွင် စေတနာတွေပါဖို့လိုမည်။ အပြုသဘောတွေပါဖို့လိုမည်။ အရှိတရားတွေပါဖို့လိုမည်။
စေတနာကင်းသော၊ အပြုသဘောမဆောင်သော၊ အရှိတရားမပါသော အမြင်သည် အလုပ်ဖြစ်မည်မဟုတ်ပေ။ ဒေါသ၊ အာဃာတ အဖျက်သဘောတွေနှင့် (အရှိတရားမဟုတ်သော) ဟန်ဆောင်ပန်ဆောင် အတုတရားတွေက တိုင်းပြည်ကို များစွာဒုက္ခပေးခဲ့ဖူးပြီ။ သတိပြုကြရန်လိုသည်။
အခြေအနေအရ လိုက်ပါတည်ဆောက်ရခြင်းသည် ယုံကြည်ချက်အတုသာ ဖြစ်မည်။ ရေစိမ်ခံမည်မဟုတ်။ စေတနာ၊ အပြုသဘော၊ အရှိတရားတို့ဖြင့် ဒေါင်ဒေါင်မြည်ရေစိမ်ခံဖြစ်လာအောင် ကိုယ့်ဦးနှောက်ကို ဇကာ(ဆန်ခါ)စိပ်စိပ်ဖြင့် ဦးစွာစစ်ချသန့်စင်ပစ်ဖို့ လိုမည်။ ဦးစွာပထမ မိမိကိုယ်မိမိ ယုံကြည်ချက်တည်ဆောက်ကြဖို့လိုသည်။ မိမိကိုယ်မိမိ ယုံကြည်မှုမရှိလျှင် မိမိကိုယ်တိုင် ရှေ့ဆက်ဘာလုပ်ရမည်ကို သိနိုင်မည်မဟုတ်ပေ။
နိုင်ငံရေးနာတာရှည်ဖြစ်မှုမှ အမြန်ဆုံး လွတ်မြောက်ရေးသည် ဘုံရပ်တည်ချက်ဖြစ်သင့်သည်။ သို့မှသာ ပြည်သူအများစုကြီးအတွက် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအခွင့်အလမ်းများကို ကျွဲကူးရေပါ ဆိုသလို ဖန်တီးပေးလာနိုင်မည်ဖြစ်သည်။ တစ်ဖက်မြင်၊ တစ်လမ်းသွား ဆိုလျှင်တော့ အထွေထွေအကျပ်အတည်းဝဲသြဃကြီး ထဲတွင် ပြည်သူအများစု ကြာလေနစ်လေ၊ ကြာလေမြုပ်လေကလွဲ၍ အခြားရှိမည်မဟုတ်ပေ။
ဤနေရာတွင် စေတနာသည် အလွန်အရေးကြီး၏။ စေတနာကောင်းလား၊ စေတနာဆိုးလား ခွဲခြားကြည့်ဖို့လိုမည်။ စေတနာကို ကံဟူ၍ မြတ်စွာဘုရားက ဟောကြားပြသဆိုဆုံးမခဲ့သည်။ ဘုရားက သိရုံဟောခဲ့တာမဟုတ်။ ကိုယ်တိုင်လက်တွေ့ ကျင့်ကြံဖို့ကိုပါ ဟောခဲ့သည်။ ထိုသို့လက်တွေ့ကျင့်ကြံကြပါမှလည်း မိမိကိုယ်တိုင်ရော၊ မိမိတို့တစ်တွေနှင့် ပေါင်းစပ်ဖွဲ့ထားသော လူ့အဖွဲ့အစည်းပါ အကျိုးဖြစ်ထွန်းပေမည်။
ထို့ကြောင့် ကျွန်တော်တို့သည် ကံ ဟူသော အလုပ် ကောင်းစေရန် စေတနာကောင်း တွေထားတတ်လာအောင် ကြိုးစားကျင့်ကြံကြဖို့လိုမည်။ တစ်ဦး၏စေတနာကို တစ်ဦးက မေတ္တာဖြင့် တုံ့ပြန်ရန် ခဲယဉ်၊ နှောင့်နှေး၊ တုံ့ဆိုင်း၊ ကြန့်ကြာ နေဖို့မသင့်ပေ။ စေတနာ ကို မေတ္တာဖြင့် မတုံ့ပြန်နိုင်ကြခြင်းသည် လူ့အဖွဲ့အစည်းအတွင်း အေးချမ်းတည်ငြိမ်ရေး ဖော်ဆောင်ရာ၌ ရလဒ်ကောင်းတွေရရှိဖို့ရာ ခက်ခဲလှပေမည်။
စေတနာ မပါကြလျှင်၊ စေတနာ ကို မတည်ဆောက်နိုင်ကြလျှင် ကံ တည်းဟူသော အလုပ် ဘယ်သောအခါမှ ပီပီပြင်ပြင် လှလှပပ ဖြစ်လာမည်မဟုတ်ပေ။ အလုပ် မလှမပ ဖြစ်လာလျှင် ဘ၀တွေလည်း အေးချမ်းသာယာဖို့ မမြင်။ ဘ၀တွေ ပူလောင်ကျပ်တည်းလာလျှင် လူ့ဘောင်အဖွဲ့အစည်းကြီးသည်လည်း တည်တည်ငြိမ်ငြိမ်၊ ချမ်းချမ်းမြေ့မြေ့ ဖြစ်လာနိုင်စရာမမြင်ပေ။ အကြောင်းတရား၊ အကျိုးတရားတို့သည် လက်တွေ့ကျသည်။ စိတ်ကူးလေး တယဉ်ယဉ်ဖြင့် ပြောနေ၍မရ။ လူပြိန်းကြိုက်စကားတွေဖြင့် ညာဖြီးနေ၍မရ။ ရလည်းခဏသာ။ ထို့ကြောင့် မိမိရော၊ သူတစ်ပါးရော၊ အများပြည်သူရော၊ အဆင်ပြေကြစေရေး၊ ချောင်လည်ကြစေရေး၊ စေတနာတင်းပြည့်ကျပ်ပြည့်ဖြင့် ဆုံးဖြတ်ဆောင်ရွက်ပေးသွားကြဖို့ လိုပေသည်။ ထို့ကြောင့် စေတနာကင်းသော၊ အပြုသဘောမဆောင်သော၊ ရှုထောင့်ကျဉ်းသော အမြင်များဖြင့် ကိုယ်လိုရာဆွဲ၍ သုံးသပ်ဝေဖန်ခြင်းများ မပြုသင့်ပေ။
ဤသို့ဖြင့် တရားမျှတပြီး ဖွံ့ဖွံ့ဖြိုးဖြိုး၊ တိုးတိုးတက်တက်ဖြင့် သိက္ခာသမာဓိပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်သို့ အရောက်သွားကြရာတွင် ရှေ့ကြည့်သာမက၊ နောက်ကြည့်မှန်ရော ဘေးဝဲယာကိုပါ သတိထားကြည့်ရှုမောင်းနှင်ပါမှ ဘေးအန္တရာယ်ကင်းစွာဖြင့် လိုရာခရီးရောက်ပေမည်။ ရှေ့ကိုသာလောပြီး နောက်ကြည့်ကို သတိမထားပါက အကျော်အနင်း အ၀င်အထွက် အရပ်အပြုတို့ဖြင့် ပွတ်တိုက်မိခြင်းများ၊ ဒဏ်ရာအနာတရဖြစ်ခြင်းများ ရှိလာနိုင်ပေသည်။
လောကသဘာဝအရ အငိုလွယ်သော်လည်း အရှိုက်ခက်တတ်ပေသည်။ ဘေးကဝေဖန်ရေး၊ လေကန်ရေးပြုဖို့ကလွယ်သည်။ ကွင်းထဲလက်တွေ့ ``ကန်``နေရသူတွေအတွက်က မလွယ်။ ထင်တိုင်းမပေါက်။ အပိတ်အဆို့ပေါသည်။ အတားအဆီးများသည်။ ``စည်း``အကန့်တွေရှိသည်။ မောပန်းနေသည်။ ချွေးတို့ရွှဲနစ်နေသည်။ သွင်းချင်တိုင်းသွင်း၍မရ။ ဂိုးချင်တိုင်းဂိုး၍မရ။ အားမလိုအားမရသံတွေ၊ အော်ဟစ်ဝေဖန်သံတွေက ပွဲကြည့်စင်ထက်မှာ ဆူညံနေသည်။ အော်သူတို့က အော်နေကြသည်။ ကန်သူတို့က ကန်နေကြသည်။ ဂိုးကဖြင့်မရသေး။ ပွဲချိန်လည်း ပြည့်တော့မည်။
နေပူထဲ တကူးတက စောင့်ကြည့်အားပေးကြသော သူတွေအနေဖြင့်လည်း အသင်းစွဲ၊ ဂိုဏ်းစွဲ၊ ဂဏစွဲစိတ်ဓာတ် မပြင်းထန်ကြဖို့ လိုပါမည်။ အားမလိုအားမရ ဖြစ်မှုများ၊ ဒေါသအာဃာတများ၊ စည်းမဲ့ကမ်းမဲ့၊ မင်းမဲ့စရိုက်များ ပွဲဆူဆောင်သွေးထိုး၊ ရန်စ၊ လှုံ့ဆော်ခြင်းများ ရှောင်ရှားပြီး တရားသဖြင့်သာ မျှမျှတတ အားပေးကြဖို့ လိုပါမည်။
ကွင်းထဲလက်တွေ့ ကန်နေကြသူတွေ အနေဖြင့်လည်း အလေ့အကျင့်ပြည့်ဝမှု၊ သက်လုံကောင်းမှု၊ ဖြတ်ထိုးဉာဏ်၊ အသန့်ရှင်းဆုံး အားကစားသမားစိတ်ဓာတ်များဖြင့်သာ ယှဉ်ပြိုင်သွားကြဖို့လိုမည်။ ခြေထိုးခြင်းများ၊ သေးသိမ်သောစိတ်ထားများဖြင့် ညစ်ပတ်စုတ်ပဲ့ခြင်းများ၊ ဘောလုံးမကန်၊ လူကိုကန်ခြင်းများ မပြုလုပ်ကြဘဲ ``မြန်မာ``ဆိုသော ဂုဏ်သိက္ခာကို ထိန်းသိမ်းလျက် တရားသဖြင့်သာလျှင် ယှဉ်ပြိုင်သင့်ပေသည်။
(The Voice Weekly ဂျာနယ် အတွဲ ၆၊ အမှတ် ၁ မှ ပြန်လည်ကူးယူဖော်ပြပါသည်)
No comments:
Post a Comment