နိုင်ငံရေးသည် ဒီပလိုမေစီနှင့် အစစအရာရာ တူညီသည်မဟုတ်ပေ။ ခြားနားမှုတွေ တစ်ပုံကြီးရှိသည်။ ထိုအထဲ ဈေးဆစ်ပုံနှင့် ပတ်သက်ပြီး ဒီပလိုမေစီနည်းအရ ဈေးဆစ်ပုံနှင့် နိုင်ငံရေးအရ ဈေးဆစ်ပုံတို့သည် အထင်ကရ ခြားနားသည်။ ဒီပလိုမေစီနည်းအရ ဈေးဆစ်ရာ၌ တန်ဖိုး Value နှင့် ပကတိသရုပ်မှန်အခြေအနေ Reality တို့ကို ထည့်သွင်းစဉ်းစားပြီး ဘယ်လောက်အပေးအယူ ပြုလုပ်နိုင်မလဲဟု စဉ်းစားသည်။ သဘောမှာ မိမိ၏ ဈေးဆစ်နိုင်သောပါဝါကို မှန်းဆရသလို တစ်ဖက်မှ လိုက်လျောနိုင်သောအဆင့်ကိုလည်း နားလည်ပေးရသည်။
နိုင်ငံရေးဈေးဆစ်မှုတွင် နည်းဗျူဟာအမြင် Tactical Insight ကိုသာ အသုံးပြုရန်မဟုတ်ဘဲ မဟာဗျူဟာမြောက် ရုပ်ပြောင်းပွိုင့် Strategic Inflection Pont ကိုလည်း အခြေခံအဖြစ် ထည့်သွင်းစဉ်းစားရသည်။ မဟာဗျူဟာမြောက်ရုပ်ပြောင်းပွိုင့် ဆိုသည်မှာ ခေတ်တစ်ခုသို့ အလှည့်အပြောင်း ဖြစ်လာတော့မည့်ပွိုင့်ကို ဆိုလိုသည်။ မြန်မာ့နိုင်ငံရေးတွင် ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲသည် မဟာဗျူဟာမြောက်ရုပ်ပြောင်းပွိုင့်ဖြစ်သည်။ ခေတ်တစ်ခေတ်သို့ ကူးပြောင်းမည့်ပွိုင့်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေးဈေးဆစ်မှုတွင် မဟာဗျူဟာမြောက် ရုပ်ပြောင်းပွိုင့်ကို မထိခိုက်စေရန် သတိထားဖို့လိုသည်။
ခေါင်းတွဲနှင့်နောက်တွဲ
နိုင်ငံရေးဆိုသည်မှာ အင်အားကို ချိန်ဆတတ်ရမည်။ အလားအလာကို မျှော်မှန်းတတ်ရမည်။ ဤသို့ ချိန်ဆမျှော်မှန်းရာ၌ လက်တွေ့ကျရမည်။ ယထဘူတဖြစ်ရမည်။ စိတ်ကူးမယဉ်ရပေ။ အများလူထုက လိုက်နိုင်ရမည်၊ နားလည်နိုင်ရမည်။ အများလူထုက မလိုက်နိုင်သောလမ်းစဉ်နှင့် ကြွေးကြော်သံတို့ကို ရှောင်ရမည်။ မရှောင်နိုင်လျှင် ခေါင်းဆောင်နှင့် လူထုဝေးကွာသွားမည်။ ရထားခေါင်းတွဲနှင့် နောက်ဆက်တွဲတွေ အဆက်ပြုတ်သလိုဖြစ်သွားမည်။
နိုင်ငံရေးအခြေအနေကို တွက်ချက်ကြရာတွင် သိပ္ပံပညာလို မတိကျနိုင်။ ခံစားမှုအီမိုးရှင်းတို့ဖြင့် စိတ္တဇဆန်နေလိမ့်မည်။ ယခင် နိုင်ငံရေးစကားလုံးနှင့် ရေးရလျှင် Subjective ဖြစ်နေလိမ့်မည်။ နိုင်ငံရေးစိတ္တဇဆန်မှုထဲတွင် ကိုယ့်ကိုယ်ကိုယ် ပိုတွက်ခြင်းလည်း တစ်ပါးအပါအ၀င်ဖြစ်သည်။ မြန်မာနိုင်ငံရေးအနာဂတ်တွင် အိုင်ဒီအိုလိုဂျီကဏ္ဍ၊ သမိုင်းကဏ္ဍ၊ မဟာခေါင်းဆောင်တို့၏ ကဏ္ဍသည် ကုန်ဆုံးပြီ။ ပေါ်မည့် မြန်မာနိုင်ငံရေးပုံသဏ္ဍာန် (လမ်းညွှန်ဒီမိုကရေစီ)တွင် အင်စတီကျူးရှင်း (တပ်မတော်နှင့်လွှတ်တော်) တို့က အဆုံးအဖြတ်ပေးသော ကဏ္ဍအဖြစ် ဖြစ်တည်လာမည်။
သြဇာနှစ်မျိုး
ဆိုလိုသည်မှာ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲသည်လည်းကောင်း၊ ရွေးကောက်ပွဲအပြီးပေါ်လာမည့် လွှတ်တော်တို့သည်လည်းကောင်း မဟာဗျူဟာမြောက် ရုပ်ပြောင်းပွိုင့် ဖြစ်မည်။ ခေတ်အပြောင်းအလဲပွိုင့် ဖြစ်မည်။ ဤခေတ်အပြောင်းအလဲကို မိမိ၏ ဆန္ဒနှင့် မကြည့်အပ်ပေ။ အမာထည်အစစ်အမှန်အဖြစ် မြင်အပ်သည်။ ဂိမ်းသစ်ကို ပလေရာအသစ်တို့ဖြင့် ကစားကြမည်။
(The Voice Weekly ဂျာနယ် အတွဲ ၆၊ အမှတ် ၂ မှ ပြန်လည်ကူးယူဖော်ပြပါသည်)
No comments:
Post a Comment