ကျွန်တော်စိတ်ဝင်စားမိတဲ့ နိုင်ငံတကာသတင်းလေးတွေကို ကြုံရင်ကြုံသလို တင်ပေးဖြစ်ခဲ့ပါတယ်။ အဲဒီသတင်းလေးတွေကို သဘောကျတဲ့အကြောင်း၊ ဗဟုသုတဖြစ်ရကြောင်း ပြောလာတဲ့လူ အနည်းငယ်ရှိပါတယ်။ သူတို့နောက်တစ်ခု တောင်းဆိုတာက မြန်မာသတင်းတွေကိုလည်း အဆင်ပြေရင် တင်ပေးပါလားတဲ့။ အရင်ကတည်းက မြန်မာသတင်းတွေကို တင်ပေးချင်ပါတယ်။ ဒါပေမယ့် အများကြီးစဉ်းစားနေရလို့ပါ။ ကျွန်တော်တင်မယ့် သတင်းတွေဟာ သေချာပေါက် ကျွန်တော်လိုက်ထားတဲ့သတင်းတွေ မဟုတ်ကြပါဘူး။ အပတ်စဉ်ထုတ် ဂျာနယ်တွေ၊ စာစောင်တွေထဲကနေ ထုတ်နုတ်တင်ပြရမှာပါ။ ဒီနေရာမှာ တစ်ခုရှိတာက ဆောင်းပါးတွေလိုမျိုး အရှည်ကြီးရေး၊ ပြီးမှ အောက်ဆုံးမှာ ဘယ်ကနေကူးယူဖော်ပြတာဖြစ်ကြောင်း ရေးရတာမျိုးမဟုတ်ဘဲ သတင်းပေါင်းစုံ ထွေလီကာလီကို ဘယ်ကနေဘယ်လိုဖတ်ပြီး ပြန်တင်ပေးတာဖြစ်ကြောင်း ရေးရမှာက လက်တွန့်မိပါတယ်။ ညအိပ်မယ့်အချိန်လေးထဲကနေ တကူးတကန့်ဖဲ့ပြီး ရေးနေရတဲ့အနေအထားမှာ သတင်းအားလုံးရဲ့ ရင်းမြစ်တွေကိုသာ လိုက်ညွှန်းနေရရင် ဘယ်လိုမှကို အလုပ်တွင်မှာမဟုတ်ပါဘူး။ အပတ်စဉ်ပုံမှန် ကျွန်တော်ဖတ်နေတဲ့ ဂျာနယ်တွေထဲကနေ တစ်စောင်ကို တစ်ပုဒ်ပဲ ထုတ်နုတ်ပြီးရေးရင်တောင် စုစုပေါင်း ဂျာနယ် ၁၄ စောင်နဲ့ စဉ်းစားသာကြည့်ပါတော့ဗျာ။ အဲဒီအတွက် သတင်းကိုခေါင်းစဉ်သဘောမျိုးလောက်ပဲ ရေးပြမယ်လို့ စိတ်ကူးမိတယ်။ အဲဒီခေါင်းစဉ်သတင်းတွေထဲက စိတ်ဝင်စားတာရှိရင်လည်း အင်တာနက်ပေါ်မှာ အလွယ်တကူ လိုက်ရှာဖတ်လို့လွယ်မယ်လို့ ထင်တာပါပဲ။ မြန်မာသတင်းတွေတင်ထားတဲ့ ဘလော့ဂ်တွေ၊ အင်တာနက် စာမျက်နှာတွေ အများကြီးမှ တကယ့်အများကြီးပါပဲ။ အခုအစီအစဉ်အပေါ် ပိုကောင်းမယ့်နည်းလမ်းတွေရှိရင် ကွန်းမန့်မှာဖြစ်စေ၊ မကျော်မခွနိုင်သူတွေကတော့ စီဘောက်မှာဖြစ်စေ အကြံဉာဏ်ပေးကြပါဦး။ အခုတော့ ခေါင်းစဉ်တွေချည်းပဲ မဟုတ်ဘဲ စိတ်ကူးရသလို ရေးလိုက်ပါတယ်။
(၁)
အခုလောလောဆယ် လူပြောအများဆုံး သတင်းကတော့ မြန်မာကျပ်ငွေတန်ဖိုး တက်နေတဲ့သတင်းပါ။ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ အမေရိကန်တစ်ဒေါ်လာကို ၉၈၀ ကျပ်ဈေး ပေါက်ပါသတဲ့။ FEC တစ်ယူနစ်လျှင် ၉၇၀ ကျပ်၊ ထိုင်းတစ်ဘတ်လျှင် မြန်မာငွေ ၂၈ ကျပ်၊ မလေးရှားငွေ တစ်ရင်းဂစ်လျှင် မြန်မာငွေ ၂၈၅ ကျပ် ဈေးပေါက်လျက်ရှိကြောင်း ဖော်ပြထားပါတယ်။
(၂)
နောက်ထပ် လူပြောအများဆုံးဖြစ်နေတာကတော့ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်က အထူးကုဆေးခန်းတစ်ခုမှာ ခွဲစိတ်အထူးကု သမားတော်ကြီးတစ်ဦးရဲ့ အမှားကြောင့် န၀မတန်းကျောင်းသူတစ်ဦး အသက်ဆုံးရှုံးသွားရတဲ့အကြောင်းပါ။ သေဆုံးသွားရရှာတဲ့သူက သင်္ဃန်းကျွန်းမြို့နယ်၊ (၁၆) ရပ်ကွက်၊ ဇဋိလ (၁)လမ်း၊ အမှတ် (၉၈၂)မှာ နေထိုင်ပြီး အထက(၂)၊ ကမာရွတ်မှာ တက်ရောက်ပညာသင်ကြားနေတဲ့ န၀မတန်းကျောင်းသူတစ်ဦး ဖြစ်ကြောင်း ဖတ်ရပါတယ်။
(၃)
မြန်မာနိုင်ငံရဲ့ အကြီးဆုံးရေအားလျှပ်စစ်စီမံကိန်းတစ်ခုဖြစ်တဲ့ ရဲရွာရေအားလျှပ်စစ်စီမံကိန်းရဲ့ ရဲရွာ RCC ရေလှောင်တမံကို နိုဝင်ဘာလ ၁၂ ရက်နေ့ကစပြီး ရေစတင်သိုလှောင်နေပြီဖြစ်ပါတယ်။ ဒီဇင်ဘာလအတွင်းမှာ အဲဒီရေအားလျှပ်စစ်စက်ရုံက တာဘိုင်တစ်လုံးကို စမ်းသပ်လည်ပတ်မှာဖြစ်ကြောင်း သိရပါတယ်။ လောလောဆယ်တော့ အခုလို ရေသိုလှောင်မှုကြောင့် ဒုဋ္ဌ၀တီမြစ်ရေဟာ ၄၅ နှစ်တာ ကာလအတွင်းမှာ အနိမ့်ဆုံးရေမှတ်ကို စံချိန်တင်ရောက်ရှိသွားကြောင်း သတင်းများကဆိုပါတယ်။
(၄)
နေမျိုးထွန်းအမည်ရှိ ပုသိမ်-သက္ကယ်သောင် ခရီးသည်တင်သင်္ဘောနဲ့ ဓန အမည်ရှိ ဆီတွဲရေယာဉ်တို့ ပုသိမ်မြို့၊ ရှမ်းငူရွာအနီး၊ င၀န်မြစ်ကျဉ်းအတွင်း ရှမ်းငူကွေ့အနီးတွင် တိုက်မိကြသဖြင့် ခရီးသည်တင်သင်္ဘောပေါ်တွင်ပါသူ ၃၀ ကျော် သေဆုံးခဲ့ရပြီး ၂၀ ဦးခန့် ပျောက်ဆုံးနေကြောင်း သတင်းကလည်း အခုတလော လူပြောများနေပါတယ်။
(၅)
မန္တလေးကစခဲ့တဲ့ ကြွပ်ကြွပ်အိတ်အရေးကတော့ အခုအခါမှာ တစ်နိုင်ငံလုံးအတိုင်းအတာအထိ သက်ရောက်မှုရှိလာခဲ့ပြီဖြစ်ပါတယ်။ အခြားမြို့တွေမှာ ဘာသံမှမကြားရပေမယ့် ရန်ကုန်မှာကတော့ မကြာခဏဆိုသလို ဟိုသတင်းကြားလိုက်၊ ဒီသတင်းကြားလိုက်နဲ့ တစ်မျိုးဖြစ်နေသလားလို့ပါ။ နောက်ဆုံး သိရသလောက်ကတော့ ရန်ကုန်မှာ ကြွပ်ကြွပ်အိတ်ထုတ်လုပ်မှုကို သက်တမ်းတိုးပေးထားတယ် ဆိုလားပါပဲ။
(၆)
ဇော်ဂျီလက်ကွက်နဲ့ ဖောင့်များကို iPhone နဲ့ iPod Touch တွေမှာ ထည့်သွင်းအသုံးပြုနိုင်ပြီဆိုတဲ့ သတင်းကိုလည်း လတ်တလောစိတ်ဝင်စားနေကြတာ တွေ့ရပါတယ်။ အသေးစိတ်သိချင်ရင်တော့ http://www.saturngod.net မှာ သွားရောက်ကြည့်ရှုနိုင်ကြောင်း သိရပါတယ်။ သတိထားရမှာတစ်ခုက ဇော်ဂျီဖောင့်နဲ့လက်ကွက်တွေကို iPhone နဲ့ iPod Touch တွေမှာ သုံးစွဲနိုင်အောင် System ပိုင်းဆိုင်ရာတွေ ပြုပြင်ထားရတဲ့အတွက် နောက်ဆက်တွဲဖြစ်ပေါ်လာမယ့် ပြဿနာများကို တီထွင်သူက လုံးဝတာဝန်ယူမှာ မဟုတ်တဲ့အကြောင်း သတိပေးထားတယ်ဆိုတာပါ။
(၇)
ပုဂ္ဂလိကတွေကို အခြေခံပညာကျောင်းတွေ ဖွင့်ခွင့်ပေးမယ်ဆိုတဲ့ သတင်းကလည်း လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်တွေ၊ စကားဝိုင်းတွေမှာ ဆွေးနွေးစရာ၊ ငြင်းခုံစရာ ဖြစ်နေတဲ့အပြင် တကယ်ဖြစ်လာမလားဆိုတာတော့ စိတ်ဝင်စားစရာပါပဲ။
ဒီလောက်နဲ့ပဲ ကျေနပ်ကြပါဦးလို့ တောင်းပန်ရင်း…
No comments:
Post a Comment