အမှား (၁)
ဂစ်ဆင်ကန်တင်ပေးလိုက်သောဘောလုံးကို ဗီဒစ်ရပြီး ညာခြေဖြင့်ကန်သွင်းရာ ဂိုးရရှိခဲ့သည်။
အမှန်ကဒီလို
ဂစ်ဆင်ကန်တင်ပေးလိုက်တဲ့ ထောင့်ကန်ဘောကို ဗီဒစ်က ခေါင်းတိုက်ပြီး သွင်းယူတာဖြစ်ပါတယ်။ ဂိုးသမားဆီကို တည့်တည့်ကြီးရောက်ပေမယ့် ဂိုးသမားပုတ်ထုတ်လိုက်တဲ့ ဘောလုံးဟာ ဂိုးစည်းထဲကို တန်းတန်းမတ်မတ် ၀င်သွားခဲ့တာဖြစ်ပါတယ်။ ဂိုးသမားရဲ့ ဘယ်ဖက်ထောင့်ကိုပါ။
အမှား (၂)
တတိယမြောက်ဂိုးကို ဖလက်ချာဖန်တီးပေးသော ဘောလုံးမှတစ်ဆင့် ဗလင်စီယာက ပွဲချိန် ၆၆ မိနစ်တွင် သွင်းယူခဲ့သည်။
အမှန်ကဒီလိုပါဗျာ
စောစောက ဗီဒစ်ခေါင်းတိုက်တာကို ခြေထောက်နဲ့ ကန်သွင်းတယ်ပြောတာက တော်သေးတယ်ဗျ။ အခုဟာက တော်တော်ဆိုးတယ်။ ပေါစခိုးလ် ခင်ပေးတဲ့ဘောလုံးကို ဘာဘာတော့ဗ်က အသာလေးခေါင်းပေါ်ကနေ နောက်ပြန်ချပေးတဲ့ဘောလုံးကို ဗလင်စီယာက မြေကြီးမှာထောက်ဘောလေး မနားတမ်းကန်သွင်းသွားတာပါဗျာ။ အတော်လေးကို လှတဲ့ဂိုးပါ။ ဂိုးသမားခမြာ ကန်မယ်လို့ လုံးဝမထင်ထားတဲ့အတွက် လှုပ်တောင်မလှုပ်လိုက်နိုင်ပါဘူး။ အဲဒါကို ဘယ်က ဖလက်ချာကထပြီး ဗလင်စီယာကို ချပေးရတာတုန်း။
မူရင်းသတင်းစာမှာရေးထားတာကို အောက်မှာဖတ်ကြည့်ပါ။
အမှားလိုက်ရှာပြီးပြောတာမဟုတ်ပါ။ စိတ်ဝင်တစား ကျွန်တော်ဖတ်မိတာကိုက လာမှားနေတာတော့ မတတ်နိုင်ပါဘူး။ မြင်တာကို မြင်တဲ့အတိုင်း ပြောပြတဲ့သဘောပါ။ ကိုယ်မကျွမ်းကျင်ရင်လည်း နားလည်တတ်ကျွမ်းတဲ့သူ၊ ဒါမှမဟုတ် ကိုယ်တိုင်ကြည့်ခဲ့တဲ့ လူတစ်ယောက်ကို မေးမြန်းတိုင်ပင် စစ်ဆေးခိုင်းလို့ရပါတယ်။ အခုတော့ အောက်မှာရေးထားတာက (အင်တာနက်)ဆိုတော့ အင်တာနက်မှာ သူတို့ကိုးကားတဲ့ သတင်းဆိုဒ်ကပဲ မှားနေသလားလို့ တွေးနေမိတယ်။ ကျွန်တော်လိုက်ဖတ်ကြည့်သလောက် ဘယ်စာမျက်နှာမှာမှ ဖလက်ချာဖန်တီးပေးတာကို ဗလင်စီယာသွင်းတယ်လို့ ရေးထာတာ မမြင်မိပါ။ အင်တာနက်စာမျက်နှာ၊ အားကစားဂျာနယ်ဆိုရင် ကျွန်တော်တကူးတက ရေးဖြစ်မည်မထင်ပါ။ သတင်းစာဖြစ်နေသည့်အတွက် ထောက်ပြခြင်း ဖြစ်ပါသည်။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်၊ ကြာသပတေးနေ့။
ည ၁၁ နာရီ ၁၈ မိနစ်တွင် ပြီး၏။
၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်၊ ကြာသပတေးနေ့။
ည ၁၁ နာရီ ၁၈ မိနစ်တွင် ပြီး၏။
No comments:
Post a Comment