Thursday, December 31, 2009
၂၀၀၉ ကို နှုတ်ဆက်ခြင်း
၂၀၀၉ ခုနှစ်ရေ...
ကြုံခဲ့ဖုံဖုံ၊ ဇာတ်လမ်းစုံကို
လုံခြုံသိမ်းဆည်း၊ သင့်ရင်ထဲ၌
ခွဲထားချန်ရစ်၊ မှတ်တမ်းဖြစ်ပြီ
နောင်ခေတ်ထိုလူ၊ ကြည့်လိုမူက
ယူထုတ်ဖော်ပြ၊ တို့ဘ၀အား
မခြွင်းမချန်၊ ရှိအမှန်ဖြင့်
သူတို့သိစေချင်ပါသည်။
၂၀၁၀ ခုနှစ်ရေ...
မျှော်လင့်အိပ်မက်၊ တပွေ့ဖက်ဖြင့်
လက်ကမ်းဆင့်ကြို၊ အပြုံးချိုသည်
ထိုထိုပီတိ၊ ဂွမ်းဆီထိဖြင့်
ငါတို့ကြိုဆိုကြပါသည်။
နှစ်သစ်ချိန်ခါ၊ ခုလိုခါမှာ
သူငါအများ၊ အေးစေငြားဟု
စိတ်ထားဆုမွန် ဆိုချင်သည်။
စိတ်ဝမ်းနှလုံး ရွှင်ရွှင်ပြုံးပြီး
အမုန်းတရား ကင်းပါစေ။
မျှော်လင့်တောင့်တ အိပ်မက်ညတို့
အမြန်မုချ ရောက်ပါစေ။
လိုရာဆန္ဒ ပြည့်စုံဝ၍
လောကကောင်းကျိုးသယ်နိုင်စေ...။
ကြုံခဲ့ဖုံဖုံ၊ ဇာတ်လမ်းစုံကို
လုံခြုံသိမ်းဆည်း၊ သင့်ရင်ထဲ၌
ခွဲထားချန်ရစ်၊ မှတ်တမ်းဖြစ်ပြီ
နောင်ခေတ်ထိုလူ၊ ကြည့်လိုမူက
ယူထုတ်ဖော်ပြ၊ တို့ဘ၀အား
မခြွင်းမချန်၊ ရှိအမှန်ဖြင့်
သူတို့သိစေချင်ပါသည်။
၂၀၁၀ ခုနှစ်ရေ...
မျှော်လင့်အိပ်မက်၊ တပွေ့ဖက်ဖြင့်
လက်ကမ်းဆင့်ကြို၊ အပြုံးချိုသည်
ထိုထိုပီတိ၊ ဂွမ်းဆီထိဖြင့်
ငါတို့ကြိုဆိုကြပါသည်။
နှစ်သစ်ချိန်ခါ၊ ခုလိုခါမှာ
သူငါအများ၊ အေးစေငြားဟု
စိတ်ထားဆုမွန် ဆိုချင်သည်။
စိတ်ဝမ်းနှလုံး ရွှင်ရွှင်ပြုံးပြီး
အမုန်းတရား ကင်းပါစေ။
မျှော်လင့်တောင့်တ အိပ်မက်ညတို့
အမြန်မုချ ရောက်ပါစေ။
လိုရာဆန္ဒ ပြည့်စုံဝ၍
လောကကောင်းကျိုးသယ်နိုင်စေ...။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်၊ ကြာသပတေးနေ့။
ည ၁၁ နာရီ ၅၀ မိနစ်တွင်ပြီး၏။

၂၀၀၉ ခုနှစ်ကို ဤကဗျာဖြင့် နှုတ်ဆက်ပါသည်။
၂၀၁၀ ပြည့်နှစ်ကို ကြိုဆိုကြတော့မည်
နှစ်သစ်ကူးပွဲတော်ကာလ (သို့မဟုတ်) ၂၀၀၉ ကို လက်ပြနှုတ်ဆက်တော့မည့်အချိန်
အသစ်ကို လူသားတွေစိတ်ဝင်စားကြသည်။ ပစ္စည်းအသစ်၊ နည်းပညာအသစ်၊ မင်းသားမင်းသမီးအသစ်၊ နေရာအသစ်၊ စနစ်အသစ် စသည်ဖြင့် အသစ်များစွာကို ကျွန်တော်တို့လူသားတွေ ခုံမင်တပ်မက်ကြသည်။ နှစ်သစ်မြတ်နိုးကြသည်။ ဤသည်ကိုက လူသားပီသသည်လား မပြောတတ်ပေ။ ယနေ့ခေတ်ကာလက ပိုဆိုးသည်။ အဟောင်းကို ဖက်တွယ်ထားသူများကို နေရာပေးသည့်ခေတ်မဟုတ်တော့။ သူ့ခေတ်ရေစီးနှင့်အတူ အလိုက်သင့်မျောပါနိုင်သူတွေကသာ နေရာဝင်ဆံ့သည်ဟု ယေဘုယျဆိုနိုင်သည်။ ဒီနေ့နည်းပညာက နောက်နေ့ဆိုလျှင် ဟောင်းသွားပြီ။ သူ့ထက်ကောင်းသော နည်းပညာအသစ်တစ်ခု ပေါ်နေပြီဆိုသည်ကို ယုံမှားသံသယဖြစ်စရာမရှိ။ အဲဒီလိုခေတ်မျိုးမှာ လူသားတွေ အသစ်ကို မက်မောကြတာ အထူးအဆန်းတော့လည်း မဟုတ်ပေ။
ဟော… အခုလည်း နှစ်သစ်ကူးပွဲတော်က လာပြန်ချေပြီ။ ခရစ်သက္ကရာဇ်နှစ်များဖြင့်သာ လုပ်ငန်းဆောင်တာများကို လုပ်ကိုင်ဆောင်ရွက်ကြရသည် ဖြစ်သည့်အတွက် နှစ်သစ်ကူးကာလသည် ကမ္ဘာလုံးဆိုင်ရာ ပွဲတော်တစ်ခုလို့တောင် ပြောလို့ရသည်။ တရုတ်မှာလည်း တရုတ်ရိုးရာနှစ်သစ်ကူးပွဲရှိသည်။ မြန်မာမှာလည်း မြန်မာနှစ်သစ်ကူးပွဲတော် ရှိသည်။ ထို့အတူ အခြားသော နိုင်ငံများတွင် သူ့နိုင်ငံအလိုက် ရိုးရာနှစ်သစ်ကူးပွဲတော်များ ရှိကြပါလိမ့်မည်။ အခုလို ခရစ်နှစ်သစ်ကူးကာလသည်လည်း အားလုံးအတွက် ပျော်ပွဲရွှင်ပွဲတစ်ခုအဖြစ် မြင်ထားကြသည်မှာ နှစ်ပေါင်းပင် မနည်းတော့ချေ။ အကြမ်းဖျဉ်းဆိုရလျှင် ခရစ်နှစ်သစ်ကူးပွဲတော်ဆိုတာထက် ပြက္ခဒိန်တစ်နှစ်ကူးပြောင်းသည့်ပွဲတော်ဟု ဆိုချင်သည်။ ပြက္ခဒိန်ကို ခရစ်သက္ကရာဇ်အရ ရေးသားထားခြင်းဖြစ်၍သာ ယခုလိုအချိန်ကို နှစ်သစ်ကူးပွဲတော်အဖြစ် ကျင်းပကြခြင်းဖြစ်မည်ဟု ကျွန်တော်ထင်သည်။
ဂလိုဘယ်ပွဲတော်ဖြစ်လာတဲ့ နယူးရီးယား
ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ ဂလိုဘယ်ပွဲတော်တစ်ခုဖြစ်သော နှစ်သစ်ကူးကာလမှာ လူတွေ ပျော်ကြ၊ ပါးကြ၊ စားကြ၊ သောက်ကြ၊ တီးကြ၊ ဆိုကြ၊ ကကြ၊ ခုန်ကြဖြင့် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုဆိုကြသည်မှာလည်း ဂလိုဘယ်ယဉ်ကျေးမှုတစ်ရပ်ပင် ဖြစ်နေချေပြီ။ ၂၀၁၀ ခုနှစ်သို့ ကူးပြောင်းတော့မည့် ဒီဇင်ဘာလ ၃၁ ရက်နေ့ ည ၁၂ နာရီရောက်ရန် စက္ကန့်ပိုင်းအလိုတွင် "၁၀… ၉… ၈… ၇… ၆… ၅… ၄… ၃… ၂… ၁… ဟက်ပီးနယူးရီးယား…" ဟု အော်သည်ကပင် ဂလိုဘယ်အမှတ်အသားတစ်ခု ဖြစ်နေလေပြီ။ တရုတ်ကလေးတွေလည်းအော်သည်၊ အာဖရိကန်လူမည်းလေးတွေလည်း အော်ကြသည်၊ ဥရောပက လူတွေလည်း အော်ကြသည်။ ဘာကြောင့်အော်ကြသည်ဆိုတာကိုတော့ ကျွန်တော်သေချာပြောမပြတတ်ပါ။ သို့သော် သေချာသည်ကတော့ ထိုကဲ့သို့ အော်လိုက်ရုံဖြင့် လာမည့် ၂၀၁၀ ပြည့်နှစ်ကြီးသည် ကောင်းမွန်သောနှစ်တစ်နှစ် ဖြစ်သွားမည်မဟုတ်ဆိုသည်ကိုပင်။ သို့သော် မျှော်လင့်ချက်ကို အဖော်ပြုတတ်သော လူသားတွေအတွက် မျှော်လင့်ချက်ဖြင့် အော်ဟစ်သံတွေဖြစ်မည်ဟု နားလည်ပေးလို့ရပါသည်။ ကမ္ဘာတစ်ခြမ်းတွင် ဟက်ပီနယူးရီးယားဟု အော်ဟစ်နေကြချိန်တွင် အခြားကမ္ဘာတစ်ခြမ်းကလူတွေကတော့ အလုပ်ခွင်များ၊ စတိုးဆိုင်များ၊ လမ်းမများပေါ်၌ သွားလာလှုပ်ရှားလို့ ကောင်းနေဆဲရှိနေဦးမည်။ ဒီဘက်ခြမ်းကလူက ၂၀၁၀ ပြည့်နှစ်ထဲသို့ရောက်နေပြီ၊ ဟိုဖက်ကလူက အခုအချိန်ထိ ၂၀၀၉ ခုနှစ်အတွင်းမှာပဲ ရှိနေသေးသည်။ အံ့သြစရာမကောင်းပေဘူးလား။
၂၀၁၀ ကို အားခဲထားကြသတဲ့လား
ကျွန်တော်တို့မြန်မာတွေအတွက် ၂၀၁၀ ပြည့်နှစ်သည် အလွန်အင်မတန်မှကို အရေးကြီးသော နှစ်တစ်နှစ်ဖြစ်ပါသည်။ အသစ်ပေါင်းများစွာကို ကြုံတွေ့ရမည်ဆိုသည်ကို သေချာပေါက်သိနေသည်။ မြန်မာပြည်သူတွေအားလုံး စိတ်အ၀င်စားဆုံးက ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲဖြစ်သည်။ အစိုးအသစ်၊ စနစ်အသစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တို့ဖြင့် ခရီးနှင်ကြရတော့မည်။ ကျွဲကူးရေပါဆိုသလို အခြားသော ပြောင်းလဲမှုတွေကလည်း အလိုလိုပါလာဦးမည်မှာ သေချာသည်။ မျှော်လင့်ခြင်းသည် လူသားတို့၏ အလုပ်ဖြစ်သည်။ ထို့အတွက် မျှော်လင့်နိုင်ကြပါသည်။ သို့သော် မျှော်လင့်သည်ဆိုရာ၌ ဖြစ်သင့်ဖြစ်ထိုက်သည်တို့ကိုသာ မျှော်လင့်ကြရန်ဖြစ်ပါသည်။ မဖြစ်နိုင်သည်တို့ကို မျှော်လင့်နေခဲ့ပြီး ဖြစ်မလာကာမှ ကိုယ်သာလျှင် စိတ်မချမ်းမသာဖြစ်ရခြင်းသည် ကောင်းလှသည် မဟုတ်ပါ။ ထို့အတွက် မျှော်လင့်ကြပါ… သို့သော် သိကြားမင်းဖန်ဆင်းပေးမှာပဲဟူသောစိတ်ဖြင့် မမျှော်လင့်ကြရန်တော့ ကြိုတင်သတိပေးလိုပါသည်။
ဆုမွန်ကောင်းတောင်းပေးပါသည်
၂၀၁၀ ပြည့်နှစ်တွင် မြန်မာ့သွေးမိတ်ဆွေများအားလုံး စိတ်ခွန်အားအသစ်များဖြင့် မိမိအကျိုး၊ မိသားစုအကျိုး၊ ပတ်ဝန်းကျင်အကျိုး၊ တိုင်းပြည်နှင့်လူမျိုးအကျိုး၊ လူသားမျိုးနွယ်တစ်ရပ်လုံး၏အကျိုးကို တရားမျှတပြီး မှန်ကန်ဖြောင့်မတ်သည့် နည်းလမ်းကောင်းများဖြင့် အစွမ်းကုန် သယ်ပိုးဆောင်ရွက်နိုင်ကြပါစေဟု ဆုမွန်ခြွေအပ်ပါသည်။ မြန်မာ့သွေး၏လုပ်ငန်းများကို ပိုမိုတိုးတက်ကောင်းမွန်အောင် ကြိုးစားသွားပါမည်ဟု ကတိပြုပါသည်။

ဆုမွန်ဖြင့်
ကိုဉာဏ် (ပန်းလောင်မြေ)
မြန်မာ့သွေးအဖွဲ့
၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်၊ ကြာသပတေးနေ့။
ည ၈ နာရီ ၁၇ မိနစ်တွင်ပြီး၏။

လုပ်နိုင်မှ အဓိဋ္ဌာန်ပြုပါ - လူထုစိန်ဝင်း
မကြာသေးမီတစ်ညက ကျောင်းသား၊ ကျောင်းသူဟောင်း ဇနီးမောင်နှံ လာရောက်နှုတ်ဆက်ပါတယ်။ ဗိုလ်တထောင်ဘုရားကအပြန် ၀င်လာကြတာလို့ ပြောပါတယ်။ ထူးထူးဆန်းဆန်း ဘုရားတွေ၊ ဘာတွေ သွားလို့ပါလားလို့ ပြောလိုက်တော့ တပည့်ကျောင်းသားဟောင်းက ဘုရားသွားပြီး သစ္စာဓိဋ္ဌာန်ပြုတာပါလို့ ဖြေပါတယ်။ ပြီးတော့ တစ်ဆက်တည်း ဘီယာမသောက်တော့ပါဘူးလို့ အဓိဋ္ဌာန်ပြုတာပါလို့ မလုံမလဲမျက်နှာလေးနဲ့ ပြောလိုက်ပါတယ်။
"ဘုရားကိုလိမ်တာ ဒါပါနဲ့ဆို အကြိမ် ၂၀ လောက်ရှိပြီဆရာ၊ အလကားပါ၊ သူ့အဓိဋ္ဌာန်က ဘယ်တော့မှ တစ်ပတ်ပြည့်အောင် မခံပါဘူး"
တပည့်မ ကျောင်းသူဟောင်းက တပည့်ရဲ့ "အိုးစရည်း"လောက် ရှိနေပြီဖြစ်တဲ့ ၀မ်းဗိုက်ကြီးကို လက်ညှိုးထိုးရင်း ၀င်ပြောလိုက်ပါတယ်။
"အမယ်၊ ဒီတစ်ခါ တကယ်ပါ၊ စောင့်ကြည့်နေ"
"စောင့်ကြည့်ရင် မျက်စိညောင်းရုံ ရှိတော့မှာပေါ့။ မကြည့်ပါဘူး"
တပည့်နှစ်ယောက် အချီအချပြောနေကြတာကိုကြည့်ပြီး ပြုံးနေမိတယ်။ ဘာမှတော့ ၀င်မပြောဖြစ်ပါဘူး။ သူတို့အလုပ်အကိုင်အကြောင်းကိုသာ မေးလိုက်ဖြစ်တယ်။ နှစ်ယောက်လုံးက ဆရာဝန်တွေပါ။ အသက်တွေလည်း ငယ်ကြတော့တာ မဟုတ်လေတော့ ဆုံးမစကားတွေ ဘာတွေပြောနေဖို့ မလိုတော့ပါဘူးလေ။ ပညာတတ်တွေပဲ ဟော့ဟော့ရမ်းရမ်းတော့ ဖြစ်မှာမဟုတ်ပါဘူးလို့ စိတ်ချယုံကြည်ထားပါတယ်။
သူတို့မောင်နှံပြန်သွားကြတော့ စောစောကပြောခဲ့တဲ့ "သစ္စာဓိဋ္ဌာန်" ဆိုတဲ့ အကြောင်းကို ဆက်ပြီးတွေးနေမိတယ်။ လူတော်တော်များများမှာ ဒီအလေ့အထ ရှိတတ်ကြပါတယ်။ နှစ်တစ်နှစ်ကုန်ဆုံးလို့ နှစ်သစ်တစ်ခု ရောက်တဲ့အခါမျိုးဖြစ်စေ၊ ကိုယ့်မွေးနေ့အချိန်အခါ ရောက်တဲ့အခါမျိုးမှာဖြစ်စေ သစ္စာဓိဋ္ဌာန်တစ်မျိုးမျိုး လုပ်လေ့ရှိကြတယ်။ အထူးသဖြင့် မြို့သားပညာတတ် အလွှာတွေမှာ ခေတ်စားတယ်။ နှစ်သစ်ကူးပွဲတို့၊ မွေးနေ့ပွဲတို့ ဆိုတာမျိုးကို အစဉ်အလာအားဖြင့် မြန်မာလူမျိုးများက လုပ်လေ့လုပ်ထ မရှိကြပါဘူး။
အဲဒီလိုမြို့သားတွေ လုပ်တတ်ကြတဲ့ သစ္စာဓိဋ္ဌာန်ဆိုတာမျိုးဟာ ဘယ်လောက်ကြာကြာခံတတ်ကြသလဲ။ တစ်ပတ်လား၊ ဆယ်ရက်လား၊ တစ်လလား။ သေချာတာကတော့ အဓိဋ္ဌာန်ပြုခဲ့တဲ့အတိုင်း တစ်နှစ်ပတ်လုံး မပျက်မကွက် လိုက်နာလုပ်ဆောင်နိုင်သူ တစ်ယောက်တလေရှိဖို့တောင် မလွယ်ဘူးဆိုတာဖြစ်တယ်။ ဘာ့ကြောင့် တစ်ယောက်တလေတောင် ရှိဖို့ခက်တာလဲ။ ရှည်ရှည်ဝေးဝေး စဉ်းစားနေဖို့မလိုပါဘူး။ ကိုယ့်ဘာသာကိုယ် ပြန်ဆန်းစစ်ကြည့်ရုံနဲ့ သိနိုင်ပါတယ်။ လူတိုင်းဟာ ဘယ်အခါမဆို အကောင်းဆုံးကိုသာ စဉ်းစားလေ့ရှိတယ်။ ဖြစ်နိုင်တာနဲ့ လုပ်နိုင်တာကို စဉ်းစားလေ့မရှိပါဘူး။ ကျောင်းသားက တစ်နေ့ကို ၅ နာရီ မပျက်မကွက် နေ့တိုင်းစာကျက်မယ်လို့ အဓိဋ္ဌာန်ပြုတယ်။ ဒါပေမယ့် လက်တွေ့ကျတော့ ကျောင်းချိန်၊ ကျူရှင်ချိန်နဲ့ အချိန်အများကြီး ကုန်နေရတာကြောင့် ၂ နာရီ၊ ၃ နာရီတောင် အနိုင်နိုင် ကျက်ရပါတယ်။
လခစားဝန်ထမ်းကလည်း ရရစားစား မဖြစ်ရလေအောင် တစ်လကို ဘယ်လောက်သုံးပြီး ဘယ်လောက်စုမယ်လို့ အဓိဋ္ဌာန်ပြုခဲ့တယ်။ လက်တွေ့ကျတော့ မစုနိုင်ခဲ့ဘူး။ ဘာ့ကြောင့်လဲဆိုတော့ စကတည်းက လုပ်နိုင်တာ၊ ဖြစ်နိုင်တာကို မစဉ်းစားဘဲ ကိုယ့်စိတ်ထဲ လုပ်ချင်တာ၊ ဖြစ်ချင်တာကိုသာ စဉ်းစားခဲ့တာကိုး။ ဘယ်အရာမဆို ကာလ၊ ဒေသ၊ ပယောဂအပေါ်မှီပြီး ဖြစ်ကြ၊ ပျက်ကြရပါတယ်။ ဘာလုပ်လုပ် ဒီအချက်သုံးချက်ကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။
အဓိဋ္ဌာန် ခဏခဏ ကျိုးပေါက်တာဟာ ပတ်ဝန်းကျင်ရဲ့ အထင်သေးပြက်ရယ်မှုကို ခံရစေရုံမက ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုလျော့ရဲစေပါတယ်။ နောက်ပြီးတော့ ဘာမဆို ပြီးပြီးရော ပြောတတ်၊ လုပ်တတ်တဲ့ အကျင့်ဆိုးကို ရစေတယ်။ ကိုယ့်ကိုယ်ကိုယ်တောင် ယုံကြည်စိတ်ချမှု မခိုင်မာတဲ့လူမျိုးကို တခြားဘယ်သူကလာပြီး ယုံကြည်စိတ်ချတော့မှာလဲ။ ယုံကြည်စိတ်ချမှုဆိုတာ လူတစ်ယောက်ရဲ့ တန်ဖိုးဖြစ်တယ်။ အောင်မြင်မှုရဲ့ သော့ချက်လည်းဖြစ်တယ်။
တစ်ခုခု လုပ်တော့မယ်ကြံရင် တစ်ခုခု ဆုံးဖြတ်တော့မယ်စိတ်ကူးရင် ကိုယ်လုပ်နိုင်စွမ်းရှိတာရဲ့ အနိမ့်ဆုံးက စတင်ပါ။ ဒါမှ မပျက်မကွက် သေချာပေါက်လုပ်နိုင်မှာ ဖြစ်တယ်။ ဥပမာ - ည ၁၂ ထက်ကျော်လွန်ပြီး နေနိုင်စွမ်းမရှိသူဟာ ညစဉ် ၁၂ နာရီထိ စာကျက်မယ်လို့ အဓိဋ္ဌာန်ပြုမယ့်အစား ည ၁၁ နာရီထိ စာကျက်မယ်လို့ပဲ အဓိဋ္ဌာန်ပြုသင့်တယ်။ ဒါဆိုရင် အဓိဋ္ဌာန်ပြုတဲ့အတိုင်း လုပ်ဖြစ်မှာ သေချာတယ်။ ဒီနည်းနဲ့ ကိုယ့်ကိုယ်ကိုယ် စိတ်ချယုံကြည်မှု အားကောင်းစေလိမ့်မယ်။ ဘေးပတ်ဝန်းရှိ လူများကလည်း ကိုယ့်ကို စိတ်ချယုံကြည်မှု တိုးလာစေနိုင်ပါတယ်။
မလုပ်နိုင်တဲ့အဓိဋ္ဌာန်မျိုး ဘယ်တော့မှ မချပါနဲ့။ လုပ်ရဲတဲ့သတ္တိမရှိဘဲ ဘယ်တော့မှ မခြိမ်းခြောက်ပါနဲ့။ အပြောသာရှိပြီး အလုပ်မဖြစ်တဲ့လူမျိုးကို ဘယ်သူကမှ အလေးမထားပါဘူး။ အထင်မကြီးပါဘူး။ "ဆိုခဲစေ မြဲစေ" ဆိုတဲ့စကားကို သတိချပ်သင့်ပါတယ်။ ပြောရင်ပြောတဲ့အတိုင်း လုပ်တဲ့လူမျိုးကိုမှ လူလေးစားပါတယ်။ မလုပ်နိုင်ဘူးထင်ရင် အစကတည်းက ဘာအဓိဋ္ဌာန်မှ မချပါနဲ့။ နှစ်သစ်တစ်ခါကူးတိုင်း၊ မွေးနေ့တစ်ကြိမ်ရောက်တိုင်း အဓိဋ္ဌာန်တွေ ချရမယ်လို့ ဥပဒေသတ်မှတ်ထားတာ မရှိပါဘူး။ အဓိဋ္ဌာန်ပြုတဲ့အတိုင်း မလုပ်နိုင်လို့ လူအထင်သေးခံ၊ ပြက်ရယ်ပြုခံရတာထက်တော့ စကတည်းကိုက ဘာအဓိဋ္ဌာန်မှမချဘဲ ပေါ့ပေါ့ပါးပါးနေလိုက်တာက ပိုကောင်းပါတယ်။ လူတိုင်းလုပ်လို့။ ထုံးစံရှိလို့ဆိုတိုင်း လိုက်လုပ်စရာမလိုပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှ၊ ကိုယ်တိုင်ဆန္ဒရှိမှ၊ အမှန်တကယ်လည်း စွမ်းဆောင်နိုင်မှလုပ်တာ အကောင်းဆုံးပါပဲ။ ခက်တာက လူတွေဟာ သူများလုပ်သလို လိုက်လုပ်မှ ခေတ်မီတယ်လို့ ထင်နေကြတာဖြစ်တယ်။

(မျှော်လင့်ချက်မဲ့ အခြေအနေဆိုတာ မရှိဘူး စာအုပ်မှ)
နိုင်ငံတော်ဝါဒ Statism
နိုင်ငံတော်က စီးပွားရေးရာနှင့် လူမှုရေးရာများကို လမ်းညွှန်ခြင်း၊ ထိန်းချုပ်ခြင်းပြုသည့်စနစ် ကျင့်သုံးခြင်းကို ခေါ်ဆိုသည်။ အစိုးရက အများပြည်သူဆိုင်ရာ စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်း၊ စီးပွားရေးစီမံကိန်းများကို ဗဟိုကကိုင်ထားခြင်း၊ အလုပ်အကိုင်ခန့်ထားရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ကန့်သတ်ခြင်း၊ ဈေးကွက်တွင် ဈေးနှုန်းကို ၀င်ရောက်ကစားခြင်း စသည်တို့သည် နိုင်ငံတော်ဝါဒ၏ လက္ခဏာများဖြစ်သည်။ စီးပွားရေးရည်မှန်းချက်များမှာ စက်မှုလုပ်ငန်းများကို အားပေးမြှင့်တင်ရန်နှင့် နိုင်ငံခြားမှယှဉ်ပြိုင်မှုများကို ကာကွယ်ရန်ဖြစ်သည်။ နိုင်ငံရေးအရမူ နိုင်ငံတော်နှင့် အစိုးရသည် ပြည်တွင်း၌ တရားဝင်ဖြစ်မှုကို ထိန်းသိမ်းနိုင်မည်ဖြစ်သည်။ နိုင်ငံတော်ဝါဒသည် ဆိုရှယ်လစ်ရေးထက် အမျိုးသားရေးဝါဒကို ပို၍ အားပြုသည်။ သို့ဖြင့် နိုင်ငံတော်အရင်းရှင်စနစ်နှင့် သဘောသဘာဝချင်း ပို၍ ဆင်တူသည်။ ၁၉၈၀ မှစ၍ နိုင်ငံတော်ဝါဒသည် စီးပွားရေးလစ်ဘရယ်ဝါဒနှင့် တည်ဆောက်ပုံပြန်လည်ထိန်းညှိရေး ပြုပြင်ပြောင်းလဲမှုများ၏ စိန်ခေါ်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။ ပြင်သစ်နှင့် ဂျပန်သည် နိုင်ငံတော်ဝါဒ၏ ဂန္ထ၀င်နမူနာများ ဖြစ်ခဲ့သည်။
(ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ ၅၊ အမှတ် ၅၁၊ မောင်ဝံသ၏ ကမ္ဘာ့နိုင်ငံရေး ဝေါဟာရအဘိဓာန်မှ ကောက်နုတ်ကူးယူဖော်ပြပါသည်)
ဟိုကဒီက သတင်းတွေ
(၁)
၂ နှစ်သက်တမ်းရှိ ငွေတိုက်စာချုပ်သစ်
(၂)
စင်ကာပူနိုင်ငံ၏ အစိုးရကျောင်းများဖြစ်သော မူလတန်း၊ အလယ်တန်းနှင့် တက္ကသိုလ်အကြိုသင်တန်းများတွင် ပညာသင်ကြားမည့် နိုင်ငံတကာမှ ကျောင်းသားများနှင့် အမြဲတမ်းနေထိုင်ခွင့် PR ကျောင်းသားများ၏ ကျောင်းလခများကို ၂၀၁၁ နှင့် ၂၀၁၂ ခုနှစ်များတွင် ဆက်တိုက် တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း စင်ကာပူပညာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၀ ရက်တွင် သတင်းထုတ်ပြန်သည်။
(Ref: 7Day News Journal)
(၃)
ရွှေတိဂုံစေတီတော်တွင် ဖိနပ်ထည့်ရန် ကြွပ်ကြွပ်အိတ်ရောင်းချခြင်း ပိတ်ပင်တော့မည် (Ref: 7Day News Journal)
(၄)
ထိုင်းအမျိုးသမီးအသင်းတွင် အမျိုးသားတစ်ဦးပါဝင်ကြောင်း သေချာပါက မြန်မာ ကန့်ကွက်စာတင်မည် (Ref: 7Day News Journal)
(၅)
လိုင်စင်ရ ပြည်ပအလုပ်အကိုင်အေဂျင်စီ ၁၉ ခုအား ခေါ်ယူသတိပေး (Ref: 7Day News Journal)
(၆)
နေအိမ်တွင် စီးပွားရေးလုပ်ကိုင်သူများအား လျှပ်စစ်မီးဖြတ်တောက်
(၇)
၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် အိမ်ရှင်အဖြစ် ကျင်းပခွင့်ရရန် မြန်မာကြိုးပမ်း (Ref: True News Journal)
(၈)
မြန်မာ့ရော်ဘာ အထွက်တိုး ထုတ်လုပ်နိုင်ရန် မလေးရှား၏ အဆင့်မြင့်နည်းပညာ Hevea (3)ကို သုံး၍ စတင်စမ်းသပ် စိုက်ပျိုးနေ (Ref: True News Journal)
(၉)
ပြန်လည်ဖွင့်လှစ်သော မေတ္တာရှင် အခမဲ့ဆေးကုခန်းအတွက် အလှူရှင်များလိုအပ်
(၁၀)
ကျည်ဆန်ရထားများ ပြည်ပသို့ တင်ပို့တော့မည်ဟု ဂျပန်ကြေညာ
(၁၁)
ကမ္ဘောဒီးယားတွင် အာဏာသိမ်းမှုဖြစ်ရန် ထိုင်းအစိုးရ စီစဉ်နေသည်ဟု ၀န်ကြီးချုပ်ဟွန်ဆန် စွပ်စွဲ
(Ref: Foreign Affairs Journal)
(၁၂)
တရုတ်လုပ် အပေါ့စားလေယာဉ်များ လာအိုသို့ တင်ပို့တော့မည်
(၁၃)
ရုရှားလက်ရွေးစင်ဂျူဒိုအသင်း၌ ပါဝင်ခွင့်ပြုရန် ၀န်ကြီးချုပ်ပူတင် အဆိုပြု
(၁၄)
A/H1N1 တုပ်ကွေးရောဂါ ခွေးသို့ကူးစက်မှု အမေရိကတွင် စတင်ဖြစ်ပွား
(၁၅)
ဆယ်နှစ်အတွင်း အင်တာနက်မှ ရှာဖွေကြည့်ရှုမှုအခံရဆုံးအဖြစ် ဘရစ်တနီစပီးယားစ် ရပ်တည်
(၁၆)
ပြင်သစ်ဗော့ဒ်ဂါ အရက်ကုမ္ပဏီတစ်ခုတွင် ဘရုစ်ဝီလီ အရင်းအနှီးထည့်
(၁၇)
ဂျိမ်းစ်ဘွန်း ဇာတ်ကားသစ်အတွက် ဇာတ်ညွှန်း ဒုတိယမူကြမ်း ရေးနေပြီ
၂ နှစ်သက်တမ်းရှိ ငွေတိုက်စာချုပ်သစ်
- မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂ နှစ်သက်တမ်းရှိ အစိုးရငွေတိုက်စာချုပ်များကို ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလကစပြီး ထုတ်ရောင်းမယ့်သတင်းကို လူပြောများနေတယ်။ ပညာရှင်အချို့က အခုလို ငွေတိုက်စာချုပ်များ ရောင်းချခြင်းမှာ အနာဂတ်ကာလ စတော့ဈေးကွက်များဖြစ်ထွန်းလာစေရေးအတွက် ကောင်းမွန်ကြောင်း မှတ်ချက်ပြု ပြောကြားနေကြောင်းလည်း သိရပါတယ်။ အဆိုပါ ငွေတိုက်စာချုပ်များကို တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းလိုက်ဖြစ်စေ လွတ်လပ်စွာ ၀ယ်ယူနိုင်ကြောင်း သိရှိရပါတယ်။ ငွေတိုက်စာချုပ်တွေရဲ့ အတိုးနှုန်းတွေကတော့ -
- (၂ နှစ်သက်တမ်းစာချုပ်)
- ကျန်တစ်သောင်း၊ တစ်သိန်း၊ တစ်သန်း၊ တစ်ဆယ်သန်းအတွက် ၁၀ ဒသမ ၅ ရာခိုင်နှုန်း
- (၃ နှစ်သက်တမ်းစာချုပ်)
- ကျန်တစ်သောင်း၊ တစ်သိန်း၊ တစ်သန်း၊ တစ်ဆယ်သန်းအတွက် ၁၁ ရာခိုင်နှုန်း
- (၂ နှစ်သက်တမ်းစာချုပ်)
- ကျန်တစ်သောင်း၊ တစ်သိန်း၊ တစ်သန်း၊ တစ်ဆယ်သန်းအတွက် ၁၁ ဒသမ ၅ ရာခိုင်နှုန်း
- အတိုးငွေများကို ခြောက်လတစ်ကြိမ် ထုတ်ပေးမည်ဖြစ်ပြီး နှစ်စဉ် မတ်လ ၁၅ ရက် နှင့် စက်တင်ဘာ ၁၅ ရက်တို့တွင် ထုတ်ယူနိုင်ကြောင်း သိရသည်။
(၂)
စင်ကာပူနိုင်ငံ၏ အစိုးရကျောင်းများဖြစ်သော မူလတန်း၊ အလယ်တန်းနှင့် တက္ကသိုလ်အကြိုသင်တန်းများတွင် ပညာသင်ကြားမည့် နိုင်ငံတကာမှ ကျောင်းသားများနှင့် အမြဲတမ်းနေထိုင်ခွင့် PR ကျောင်းသားများ၏ ကျောင်းလခများကို ၂၀၁၁ နှင့် ၂၀၁၂ ခုနှစ်များတွင် ဆက်တိုက် တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း စင်ကာပူပညာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၀ ရက်တွင် သတင်းထုတ်ပြန်သည်။
(Ref: 7Day News Journal)
(၃)
ရွှေတိဂုံစေတီတော်တွင် ဖိနပ်ထည့်ရန် ကြွပ်ကြွပ်အိတ်ရောင်းချခြင်း ပိတ်ပင်တော့မည် (Ref: 7Day News Journal)
(၄)
ထိုင်းအမျိုးသမီးအသင်းတွင် အမျိုးသားတစ်ဦးပါဝင်ကြောင်း သေချာပါက မြန်မာ ကန့်ကွက်စာတင်မည် (Ref: 7Day News Journal)
(၅)
လိုင်စင်ရ ပြည်ပအလုပ်အကိုင်အေဂျင်စီ ၁၉ ခုအား ခေါ်ယူသတိပေး (Ref: 7Day News Journal)
(၆)
နေအိမ်တွင် စီးပွားရေးလုပ်ကိုင်သူများအား လျှပ်စစ်မီးဖြတ်တောက်
- ရန်ကုန်မြို့နယ် နယ်နိမိတ်အတွင်းရှိ အသံနှင့် အနံ့ဆိုးရှိပြီး ပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်စေတတ်သော စက်မှုလက်မှုလုပ်ငန်း လုပ်ကိုင်နေသော နေအိမ်များကို လျှပ်စစ်ဓာတ်အား ဖြတ်တောက်လျက်ရှိကြောင်း သတင်းရရှိသည်။
(၇)
၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် အိမ်ရှင်အဖြစ် ကျင်းပခွင့်ရရန် မြန်မာကြိုးပမ်း (Ref: True News Journal)
(၈)
မြန်မာ့ရော်ဘာ အထွက်တိုး ထုတ်လုပ်နိုင်ရန် မလေးရှား၏ အဆင့်မြင့်နည်းပညာ Hevea (3)ကို သုံး၍ စတင်စမ်းသပ် စိုက်ပျိုးနေ (Ref: True News Journal)
(၉)
ပြန်လည်ဖွင့်လှစ်သော မေတ္တာရှင် အခမဲ့ဆေးကုခန်းအတွက် အလှူရှင်များလိုအပ်
- ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) တွင်ရှိသည်။
- ဆေးခန်းတည်ထောင်သူ - မကွေးပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ပါမောက္ခ
- "ဘုန်းကြီးဆီမှာ အမြဲတမ်း ဆေးအလှူကနေ လစဉ် သုံးသိန်းလောက်ပဲ ရတယ်။ ထိုးဆေး၊ စားဆေးက တစ်နေ့ကို လေးသောင်းလောက်ကုန်တော့ တစ်ပတ်မှာ လေးရက်ဆိုတော့ တစ်သိန်းခြောက်သောင်း ကုန်ကျတယ်။ တစ်လဆိုတော့ ခြောက်သိန်းလေးသောင်း ကုန်တယ်။ အလှူခံရတဲ့ ငွေနဲ့ ကုန်ကျငွေက တော်တော်ကွာနေတယ်။ အဲဒီတော့ ဘယ်လိုလုပ်ရင် ကောင်းမလဲစဉ်းစားတာ ဈေးပေါတဲ့ ဆေးလည်းမကိုင်ချင်ဘူး။ ဆေးခန်းဖွင့်ရက်လည်း မလျှော့ချင်ဘူး။ လူနာလည်း မလျှော့ချချင်ဘူး။ ဒါနဲ့ လူနာတစ်ယောက်ကို နှစ်ရာကျပ် သတ်မှတ်လိုက်ရတယ်။ မယူချင်ပေမယ့်လည်း မတတ်နိုင်ဘူး" ဟု ကြုံတွေ့နေရသော အခက်အခဲကို မိန့်ကြားသည်။
- လှူဒါန်းလိုသူများနှင့် လုပ်အားဒါနပြုလိုသော ဆရာဝန်၊ သူနာပြုများသည် ဆရာတော် ဘဒ္ဒန္တ ပါမောက္ခ၊ ဖုန်း ၀၉၃၃၄၃၃၆၉ နှင့် ဆရာတော် ဘဒ္ဒန္တ သူရိယ ၀၉၅၀၅၀၈၄၈ သို့ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
(၁၀)
ကျည်ဆန်ရထားများ ပြည်ပသို့ တင်ပို့တော့မည်ဟု ဂျပန်ကြေညာ
- တစ်စင်းလျှင် အလေးချိန်တန် ၇၀၀၊ အရှည် ၄ ဖာလုံရှိပြီး တစ်နာရီလျှင် အရှိန်မိုင် ၂၀၀ နှင့်အထက် ခုတ်မောင်းနိုင်သည့် "ရှင်ကန်ဆန်"ခေါ် ကျည်ဆန်ရထားများ
- ဂျပန်ကျည်ဆန်ရထား တည်ဆောက်ပြေးဆွဲစနစ်သည် ပြင်သစ်မှ Alstom ကျည်ဆံရထားစနစ်၊ ဂျာမနီမှ Siemens ကျည်ဆံရထားစနစ်တို့ကို ကောင်းစွာယှဉ်ပြိုင်နိုင်စွမ်းရှိ
- ဂျပန်နိုင်ငံတွင် ကျည်ဆန်ရထားပြေးဆွဲမှုကို ၁၉၆၄ ခုနှစ်က စတင်ခဲ့ပြီး ၁၉၈၇ ခုနှစ်တွင် ပုဂ္ဂလိကပိုင်လုပ်ငန်းတစ်ခုအဖြစ် ပြောင်းလဲခဲ့
- ၂၀၀၄ ခုနှစ်အတွင်းက ကျည်ဆန်ရထားတစ်စင်း ခုတ်မောင်းနေစဉ် ငလျင်လှုပ်မှုကြောင့် လမ်းချော်ခဲ့ရသည့် ဖြစ်စဉ်မှတစ်ပါး ကျည်ဆန်ရထားစနစ် စတင်ချိန်မှ မျက်မှောက်ကာလအထိ မတော်တဆဖြစ်ပွားမှု တစ်စုံတစ်ရာ မရှိသေး
(၁၁)
ကမ္ဘောဒီးယားတွင် အာဏာသိမ်းမှုဖြစ်ရန် ထိုင်းအစိုးရ စီစဉ်နေသည်ဟု ၀န်ကြီးချုပ်ဟွန်ဆန် စွပ်စွဲ
(Ref: Foreign Affairs Journal)
(၁၂)
တရုတ်လုပ် အပေါ့စားလေယာဉ်များ လာအိုသို့ တင်ပို့တော့မည်
- Xiaoying 500 အပေါ့စားလေယာဉ်
- တရုတ်မြို့ပြလေကြောင်း ပျံသန်းရေးဌာန (CAFI)၊ တရုတ်လေကြောင်းပို့ဆောင်ရေး စက်မှုကော်ပိုရေးရှင်း (AVIC) နှင့် ရှီဂျာဇောင်းလေယာဉ်တည်ဆောက်ရေး ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်
- ထိုင်ခုံငါးလုံးနှင့် အင်ဂျင်တစ်လုံးတပ် လေယာဉ်များဖြစ်
- အမြင့်ပေ ၄၂၀၀ မှ တစ်နာရီ ကီလိုမီတာ ၃၀၀ နှုန်းဖြင့် ပျံသန်းနိုင်
- လေယာဉ်တစ်စင်း၏တန်ဖိုးမှာ ယွမ် ၂ဒသမ၂ သန်းမှ ၂ဒသမ၉ သန်း (အမေရိကန်ဒေါ်လာ ၃၂၂၁၈၂ မှ ၄၂၄၆၉၄) အကြားရှိမည်ဖြစ်
(၁၃)
ရုရှားလက်ရွေးစင်ဂျူဒိုအသင်း၌ ပါဝင်ခွင့်ပြုရန် ၀န်ကြီးချုပ်ပူတင် အဆိုပြု
- အသက် ၅၇ နှစ် အရွယ်ရှိ ပူတင်သည် ဂျူဒိုတွင် ခါးပတ်နက်အဆင့် ကျွမ်းကျင်တတ်မြောက်ထားသူဖြစ်
- မြင်းစီးခြင်း၊ ငါးမျှားခြင်းတို့ ၀ါသနာပါ
- ရုရှားနိုင်ငံ၌ နိုင်ငံရေးသြဇာအကြီးဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်လျက်ရှိ
- ရုရှားအိုလံပစ်အသင်း၌ ဂျူဒိုသမားတစ်ဦးအဖြစ် ပါဝင်လိုခြင်းဖြစ်
(၁၄)
A/H1N1 တုပ်ကွေးရောဂါ ခွေးသို့ကူးစက်မှု အမေရိကတွင် စတင်ဖြစ်ပွား
- အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ဘက်ဖို့ဒ်ဟေးလ်အရပ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်
- အသက် ၁၃ နှစ်ရှိပြီးဖြစ်သည့် ခွေးကို ပိုင်ရှင်ဖြစ်သူထံမှ ကူးစက်ခံရခြင်းဖြစ်
(၁၅)
ဆယ်နှစ်အတွင်း အင်တာနက်မှ ရှာဖွေကြည့်ရှုမှုအခံရဆုံးအဖြစ် ဘရစ်တနီစပီးယားစ် ရပ်တည်
- Ask Jeeves မီဒီယာက ထုတ်ပြန်ခြင်းဖြစ်
- ဘရစ်တနီစပီးယားစ်နောက်တွင် ရှာဖွေကြည့်ရှုမှုအခံရဆုံး ပုဂ္ဂိုလ်များအဖြစ် ရပ်တည်နေသူနှစ်ဦးမှာ အယ်လ်ကေဒါအဖွဲ့ခေါင်းဆောင် အိုစမာဘင်လာဒင်နှင့် အင်္ဂလိပ်ဘောလုံးသမား ဒေးဗစ်ဘက်ဟမ်းတို့ဖြစ်
- အခြားသော အင်တာနက်မှတစ်ဆင့် ရှာဖွေကြည့်ရှုမှု အခံရဆုံးပုဂ္ဂိုလ်များတွင် ပါဝင်နေသူများမှာ မင်းသမီး ဒိုင်ယာနာ၊ တိုနီဘလဲ၊ ဆိုင်မွန်ကိုဝဲလ်၊ ဂျိတ်ဂွတ်ဒီ၊ မယ်ဒလင်၊ မက္ကိန်း တို့ ဖြစ်သည်။
(၁၆)
ပြင်သစ်ဗော့ဒ်ဂါ အရက်ကုမ္ပဏီတစ်ခုတွင် ဘရုစ်ဝီလီ အရင်းအနှီးထည့်
- Belvedere ဟု အမည်ရသော ပြင်သစ်ဗော့ဒ်ဂါအရက်သည် ကမ္ဘာပေါ်တွင် သတ္တမမြောက်အကြီးဆုံး ဗော့ဒ်ဂါထုတ်လုပ်သောလုပ်ငန်းဖြစ်
- ကြွေးမြီ ယူရိုငွေ သ်နး ၅၈၀ တင်ရှိနေကာ ဒေ၀ါလီခံရလုနီးပါးဖြစ်နေ
- ဘရုစ်ဝီလီသည် ထိုလုပ်ငန်း၏ ရှယ်ယာ ၈၃၀၀၀ ကို ၀ယ်ယူခဲ့
(၁၇)
ဂျိမ်းစ်ဘွန်း ဇာတ်ကားသစ်အတွက် ဇာတ်ညွှန်း ဒုတိယမူကြမ်း ရေးနေပြီ
- ဂျိမ်းစ်ဘွန်းဇာတ်ကားများအနက် ၂၃ ကားမြောက်ဖြစ်မည်
- ဇာတ်ညွှန်းရေးဆရာ ပီတာမော်ဂန်
- ပထမမူကြမ်းကို ယခုနှစ် ဇူလိုင်လမှ အောက်တိုဘာလအတွင်း ရေးခဲ့ပြီး Bond 23 ဟု အမည်ပေးထား
- မင်းသား ဒန်နီယယ်ခရစ်အတွက် တတိယမြောက် ဂျိမ်းစ်ဘွန်းဇာတ်ကားဖြစ် (Casino Royale, Quantum of Solace)
နိုင်ငံရေးအဆိုအမိန့်များ - မောင်ဝံသ
The political process is not tied to any particular doctrine. Genuine political doctrines, rather, are the attempt to find particular and workable solutions to this perpetual and shifty problem of conciliation.
A conservative is a man with two perfectly good legs who, however, has never learned how to walk forward.
Politicians are people who, when they see light at the end of the tunnel, go out and buy some more tunnel.
We have, I fear, confused power with greatness.
A conservative is a man who just sits and thinks, mostly sits.
I'm not a leftist, I'm where the righteous ought to be.
Bernard Crick
နိုင်ငံရေးလုပ်ငန်းစဉ်ဆိုတာ အယူဝါဒတစ်ခုနဲ့ ချည်နှောင်မထားရဘူး။ တကယ်စစ်မှန်တဲ့ နိုင်ငံရေးဝါဒလမ်းစဉ်ဆိုတာ အမြဲတမ်း ပြောင်းလဲနေတတ်တဲ့ သင့်မြတ်ရေးပြဿနာတွေအတွက် အလုပ်ဖြစ်မယ့် ဖြေရှင်းနည်းလမ်းတွေရအောင် ကြိုးစားခြင်းဖြစ်တယ်။ဘားနတ်ခရစ်
A conservative is a man with two perfectly good legs who, however, has never learned how to walk forward.
Franklin D. Roosevelt
ကွန်ဆာဗေးတစ်ဆိုတာ ကျန်းမာသန်စွမ်းတဲ့ ခြေထောက်နှစ်ချောင်းရှိနေပါလျက် ရှေ့ကိုဘယ်လိုလျှောက်ရမယ်ဆိုတာ ဘယ်တော့မှ မသင်ကြားသူကိုခေါ်တယ်။ဖရန်ကလင်ရုစဗဲ့
Politicians are people who, when they see light at the end of the tunnel, go out and buy some more tunnel.
John Quinton
နိုင်ငံရေးသမားဆိုတာ ဥမင်လိုဏ်ခေါင်းရဲ့အဆုံးမှာ အလင်းရောင်ကိုတွေ့ရင် အဲဒီကနေ အပြင်ထွက်ပြီး နောက်ထပ်ဥမင်လိုဏ်ခေါင်းတွေ ထပ်ဝယ်တဲ့လူတွေကိုခေါ်တယ်။ ဂျွန်ကွင်တင်
We have, I fear, confused power with greatness.
Stewart Udall
အာဏာနဲ့ ကြီးမြတ်မှုကို ရောထွေးနေကြတာကို ကျွန်တော်စိုးရိမ်မိတယ်။ စတူးဝပ်အူဒါး
A conservative is a man who just sits and thinks, mostly sits.
Woodrow Wilson
ကွန်ဆာဗေးတစ်ဆိုတာ ထိုင်ပြီးစဉ်းစားနေတဲ့လူကို ခေါ်တာ။ တကယ်ကတော့ ထိုင်နေတာက များတာပါပဲ။ဝုဒရိုးဝီလ်ဆင်
I'm not a leftist, I'm where the righteous ought to be.
M. M. Coady
ကျွန်တော်ဟာ လက်ဝဲသမား မဟုတ်ပါဘူး။ ကျွန်တော်ဟာ မှန်တဲ့လူတွေ ရှိရမယ့်နေရာမှာ ရှိနေသူပါ။အမ်၊ အမ်၊ ကိုအာဒီ
(7Day News ဂျာနယ် အတွဲ ၈၊ အမှတ် ၄၂ မှ ပြန်လည်ကူးယူဖော်ပြပါသည်)
ကြည့်ဖြစ်ခဲ့သော မြန်မာဗီဒီယိုဇာတ်ကားများ
ပို့စ်မတင်ဖြစ်တွေမှာ ကြည့်ဖြစ်တဲ့ ဗီဒီယိုတွေအကြောင်းပါ ရေးပေးလိုက်ပါတယ်။
၂၆-၁၂-၂၀၀၉
(၁)
ဇာတ်ကားအမည် - မစဉ်းစားနဲ့ ချစ်လိုက်
ဇာတ်လမ်း၊ ဇာတ်ညွှန်း - အကြည်တော်
ဒါရိုက်တာ - သိန်းဟန် (ဖီးနစ်)
သရုပ်ဆောင်များ - ပြေတီဦး (နှစ်ကိုယ်ခွဲ)၊ န၀ရတ်၊ ခိုင်သင်းကြည်၊ မေတ္တာ၊ ကုသိုလ်၊ အေးသီတာ
ဇာတ်လမ်းသဘော
မိဘနှစ်ပါး ကားမတော်တဆမှုတစ်ခုဖြစ်ရာက အမြွှာညီအစ်ကိုနှစ်ယောက် တစ်ကွဲတစ်ပြားစီ ဖြစ်သွားရတယ်။ သူတို့နှစ်ယောက်ကို လူချင်းမှားကြတယ်၊ မဆီမဆိုင်ပြဿနာတွေကို ရှင်းကြရင်း သူတို့ချင်း ပြန်တွေ့ကြတယ်၊ နောက်ဆုံး မိဘတွေနဲ့ ပြန်တွေ့သွားကြတယ်။ ဒါပါပဲ။
ဝေဖန်သုံးသပ်ချက်
(၂)
မြိတ်တင်အောင် စီစဉ်သည်။ လပ်ကီးပလေ့စ် ရုပ်ရှင်နှင့်ဗီဒီယိုထုတ်လုပ်ရေး
ဇာတ်ကားအမည် - ဟာမိုနီ
ဇာတ်လမ်း - ဂေါ်စိန်
ဇာတ်ညွှန်း - ကိုကျော်
ဒါရိုက်တာ - ကျော်ဇောလင်း ၏ အတွေးပုံရိပ်
သရုပ်ဆောင်များ - ကျော်ရဲအောင်၊ မင်းမော်ကွန်း၊ စိုးမြတ်သူဇာ၊ စိုးပြည့်သဇင်၊ ဦးအောင်လွင်၊ ချိုပြုံး၊ ကိုပေါက်၊ ဦးဝင်းမြိုင်၊ ညောင်ညောင်၊ Kညီဦး၊ ငြိမ်းချမ်းနိုင်၊ ကြည်စိုး(IC)၊ အေးသီတာ၊ ယွန်းရွှေရည်၊ ကြူကြူသင်း၊ ကစ်ကစ်
ဇာတ်လမ်းသဘော
မင်းမော်ကွန်းက ဦးအောင်လွင်ရဲ့ မိတဆိုးသား၊ တီးတာခတ်တာ ၀ါသနာပါတယ်။ ကျော်ရဲအောင်က ချိုပြုံးရဲ့ ဖတဆိုးသား။ သီချင်းဆိုတာ ၀ါသနာပါတယ်။ ငယ်ချစ်တွေဖြစ်တဲ့ ဦးအောင်လွင်နဲ့ ချိုပြုံးတို့ ယူလိုက်ကြတဲ့အချိန်မှာ နောက်တော်ပါ သားနှစ်ယောက် မသင့်မမြတ်ဖြစ်ကြပုံ၊ အသက်တွေသာကြီးလာပေမယ့် စိတ်တွေက မရင့်ကျက်လာကြတဲ့အတွက် ကလေးလိုဖြစ်နေကြတဲ့ အဖေမတူအမေကွဲ သူတို့ညီအစ်ကိုနှစ်ယောက်ကို အားလုံးက ပူးပေါင်းပြီး သင်ခန်းစာပေး ပြင်ဆင်ပေးကြတဲ့ ဇာတ်လမ်းပါ။
ဝေဖန်သုံးသပ်ချက်
၂၈-၁၂-၂၀၀၉
(၁)
မျက်ခြယ် ရုပ်ရှင်နှင့်ဗီဒီယိုထုတ်လုပ်ရေး
ဇာတ်ကားအမည် - ဆုကြီးပန်
ဝတ္ထု - ရွှေဥဒေါင်း
ဇာတ်ညွှန်းနှင့် ဒါရိုက်တာ - ဇော်မြင့်ဦး
သရုပ်ဆောင်များ - ခန့်စည်သူ၊ ထွန်းအိန္ဒြာဗို၊ ခိုင်သင်းကြည်၊ နန္ဒကျော်စွာ
ဇာတ်လမ်းသဘော
ရွှေဥဒေါင်းဝတ္ထုဖြစ်တဲ့အတွက် အများသိပြီးသားဇာတ်လမ်းပါ။ ပြောမနေတော့ပါဘူး။
ဝေဖန်သုံးသပ်ချက်
(၂)
ခရေဖြူ ဗီဒီယိုထုတ်လုပ်ရေး
ဇာတ်ကားအမည် - ရွှေနန်းမထိုက် ပန်းမိုက်
ဝတ္ထု - မျိုးကိုမျိုး
ဇာတ်ညွှန်း - ကိုကျော်
ဒါရိုက်တာ - ကျော်ဇောလင်း ၏ အတွေးပုံရိပ်
သရုပ်ဆောင်များ - ကျော်ရဲအောင်၊ န၀ရတ်၊ ငှက်ပျော်ကြော်၊ ညောင်ညောင်၊ ကိုပေါက်၊ ယွန်းရွှေရည်၊ တက္ကသိုလ်ဂွမ်းပုံ၊ ဒေါ်တင်တင်လှ၊ အေးသီတာ
ဇာတ်လမ်းသဘော
ကျော်ရဲအောင်က ရိုးရိုးအေးအေးနဲ့ သူငယ်ချင်းတွေနဲ့ပေါင်းပြီး အလုပ်လုပ်နေသူ။ သူ့မှာ အမေနဲ့ ညီမလေးတစ်ယောက် ရှိတယ်။ န၀ရတ်က ခပ်လည်လည်၊ ခပ်သွက်သွက်၊ ဆတ်ဆတ်ထိမခံ ကောင်မလေးတစ်ဦး။ သူ့မှာ ရောဂါသည် အဖေရယ်၊ တက္ကစီမောင်းနေတဲ့ အစ်ကိုမိသားစုရယ် ရှိတယ်။ တစ်အိမ်လုံးက န၀ရတ်ကို အဓိကမှီခိုနေရတယ် ဆိုပါတော့။ အဲဒီလို အသွင်မတူသူနှစ်ဦး ချစ်ကြိုက်မိကြတယ်။ လက်ထပ်ကြမယ်ဆိုတော့ ကျော်ရဲအောင်အမေက လုံးဝသဘောမတူဘူး။ ဒါပေမယ့် ကျော်ရဲအောင်နဲ့ န၀ရတ် မယူမဖြစ်တဲ့ အကြောင်းတစ်ခုကြောင့် အမေဖြစ်သူကို ဆန့်ကျင်ပြီး ယူလိုက်ကြတယ်။ အသွင်မတူတဲ့ ပတ်ဝန်းကျင်အသစ်မှာ ကျော်ရဲအောင်တစ်ယောက် အံ့သြဖွယ်အပြည့်နဲ့ ဖြတ်သန်းခဲ့ရတယ်။ နောက်ဆုံးတော့ အသွင်မတူရင် အိမ်သူမဖြစ်ဆိုတဲ့အတိုင်း လင်မယား ခွာပြဲပြီး အမေဆီကို ပြန်သွားခဲ့တယ်။ န၀ရတ်ကလည်း ကျော်ရဲအောင်နဲ့ ပြန်နီးချင်တဲ့အတွက် သူ့ကိုယ်သူ ပြုပြင်တယ်ဆိုပါတော့။ ဒီလိုနဲ့ နောက်ဆုံးတော့လည်း မြန်မာပရိသတ်အကြိုက် ဇာတ်သိမ်းသွားတယ်ဆိုပါတော့။
ဝေဖန်သုံးသပ်ချက်
၂၉-၁၂-၂၀၀၉
(၁)
ဇာတ်ကားအမည် - တစိမ့်စိမ့်စူး
ဇာတ်လမ်း - မောင်မောင်သင်း (အင်းစိန်)
ဇာတ်ညွှန်း - ဇော်ဇင်
ဒါရိုက်တာ - မိုးကြိုး
သရုပ်ဆောင်များ - ဟိန်းဝေယံ၊ စိုးမြတ်နန္ဒာ၊ စိုးပြည့်သဇင်၊ ဦးဇော်ဦး၊ ကျော်ဇင်ထွဋ်
ဇာတ်လမ်းသဘော
သပွတ်အူဇာတ်ခင်ဗျ။ ဘယ်လိုသပွတ်အူလဲ ပြောပြမယ်။ ဟိန်းဝေယံနဲ့ စိုးမြတ်နန္ဒာက လင်မယား။ သူတို့မှာ သားလေးတစ်ယောက် ရှိတယ်။ ဦးဇော်ဦးက သူတို့ဖခင်။ စိုးပြည့်သဇင်ကို ယောက်ျားပေးစားလိုက်ကြတယ်။ သူတို့အားလုံးက တစ်အိမ်တည်းမှာပဲ အတူတူနေကြတယ်။ မကြာပါဘူး။ ကားမတော်တဆတစ်ခုဖြစ်ပြီး အဲဒီယောက်ျား ဆုံးသွားတယ်။ စိုးမြတ်နန္ဒာက အတိတ်မေ့သွားတယ်။ အရူးတစ်ယောက်လို ဖြစ်သွားတယ်။ ဦးဇော်ဦးက ဟိန်းဝေယံနဲ့ စိုးပြည့်သဇင်ကို ပေးစားလိုက်တယ်။ သားယောက်ျားလေးတစ်ယောက် ထပ်မွေးတယ်။ ဦးဇော်ဦး သေသွားတယ်။ စိုးမြတ်နန္ဒာက ပြန်ကောင်းလာတယ်။ အိမ်ကိုပြန်လာတဲ့အချိန်မှာ အားလုံးက မသိအောင် ၀ိုင်းဝန်းဖုံးကွယ်ထားကြတယ်။ ဒါပေမယ့် တစ်နေ့ အဖြစ်မှန်တွေကို သိသွားတဲ့အခါ............။
ဝေဖန်သုံးသပ်ချက်
(၂)
စနိုးဝှိုက် ရုပ်ရှင်နှင့်ဗီဒီယိုထုတ်လုပ်ရေး
ဇာတ်ကားအမည် - နှိုင်း မ ရ
ဇာတ်လမ်း၊ ဇာတ်ညွှန်း - ကိုလွင် (စနိုးဝှိုက်)
ဒါရိုက်တာ - မောင်မောင်ဦး (စနိုးဝှိုက်)
သရုပ်ဆောင်များ - နိုင်းနိုင်း၊ အိန္ဒြာကျော်ဇင်၊ ထွန်းထွန်းနိုင်၊ နွဲ့နွဲ့မူ၊ ဟိန်းမင်း၊ ဒေါ်ခင်လေးဆွေ၊ ဦးဝင်းမြိုင်၊ ဦးခိုင်တင်၊ ဒေါ်တင်တင်လှ၊ ကြည်စိုး(IC)၊ တက္ကသိုလ်ဂွမ်းပုံ၊ သက်ထားဦး၊ စိုးရတနာ
ဇာတ်လမ်းသဘော
စိတ်ဆန္ဒမပါဘဲ လူကြီးတွေ အတင်းပေးစားတဲ့အတွက် နိုင်းနိုင်းနဲ့ အိန္ဒြာကျော်ဇင်တို့ ယူလိုက်ကြတယ်။ အဲဒီတော့လည်း ချစ်သွားတာပါပဲ။ ဒါပေမယ့် တစ်ချိန်က အတိတ်ရဲ့ အရိပ်တွေ လိုက်ပြီး ပြဿနာတွေ ကြုံလာကြရတဲ့အခါမှာတော့.........။
ဝေဖန်သုံးသပ်ချက်
"လူတွေက ပညာတတ်လေလေ၊ ကိုယ့်ကိုယ်ကိုယ် ချစ်လေလေပဲ" တဲ့။

- အိန္ဒိယဇာတ်ကားတစ်ခုကို တိုက်ရိုက်ကြီး ကူးချထားတာပါ။ ဇာတ်ကွက်တွေ ပြောင်းလိုက်တာကလွဲလို့ အားလုံးအတူတူပါပဲ။
- အကြည်တော်နဲ့ သိန်းဟန် ပေါင်းထားတဲ့ဇာတ်ကားမှန်း သိရက်နဲ့ သွားကြည့်မိတဲ့ ကျွန်တော့်အမှားပါ။ ပြေတီဦးဆိုတဲ့အတွက် ဇာတ်လမ်းလေးများ ကောင်းမလားလို့ သွားကြည့်မိတဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ မှားပါတယ် ကိုဉာဏ်ရယ်လို့ အော်မိပါတယ်။ အတင်းကလိထိုးပြီး ခါးအောက်ပိုင်း ပြက်လုံးတွေနဲ့ မဲပြာပုဆိုး ဇာတ်ကားတစ်ကားပဲ ဆိုပါတော့။
- န၀ရတ်ကတော့ သူ့ပုံစံနဲ့ ဇာတ်ကောင်စရိုက်က ကွက်တိမို့ ထင်ပါရဲ့။ အမှတ်ပေးမိပါတယ်။ တစ်ကားလုံးမှာ အကောင်းဆုံးက န၀ရတ်ဆိုပါတော့။
- သူများတွေက ရယ်ရတယ်လို့ ညွှန်းလို့များ သွားမကြည့်လိုက်ပါနဲ့နော်။ ကျွန်တော်က သတိပေးလိုက်ပါရဲ့။ အတင်းကလိထိုးမှ ရယ်တတ်တာဆိုရင်တော့ ကျွန်တော့်စကားကို ဗွေမယူပါနဲ့။ သဘောရှိပါဗျာ။
(၂)
မြိတ်တင်အောင် စီစဉ်သည်။ လပ်ကီးပလေ့စ် ရုပ်ရှင်နှင့်ဗီဒီယိုထုတ်လုပ်ရေး
ဇာတ်ကားအမည် - ဟာမိုနီ
ဇာတ်လမ်း - ဂေါ်စိန်
ဇာတ်ညွှန်း - ကိုကျော်
ဒါရိုက်တာ - ကျော်ဇောလင်း ၏ အတွေးပုံရိပ်
သရုပ်ဆောင်များ - ကျော်ရဲအောင်၊ မင်းမော်ကွန်း၊ စိုးမြတ်သူဇာ၊ စိုးပြည့်သဇင်၊ ဦးအောင်လွင်၊ ချိုပြုံး၊ ကိုပေါက်၊ ဦးဝင်းမြိုင်၊ ညောင်ညောင်၊ Kညီဦး၊ ငြိမ်းချမ်းနိုင်၊ ကြည်စိုး(IC)၊ အေးသီတာ၊ ယွန်းရွှေရည်၊ ကြူကြူသင်း၊ ကစ်ကစ်
ဇာတ်လမ်းသဘော
မင်းမော်ကွန်းက ဦးအောင်လွင်ရဲ့ မိတဆိုးသား၊ တီးတာခတ်တာ ၀ါသနာပါတယ်။ ကျော်ရဲအောင်က ချိုပြုံးရဲ့ ဖတဆိုးသား။ သီချင်းဆိုတာ ၀ါသနာပါတယ်။ ငယ်ချစ်တွေဖြစ်တဲ့ ဦးအောင်လွင်နဲ့ ချိုပြုံးတို့ ယူလိုက်ကြတဲ့အချိန်မှာ နောက်တော်ပါ သားနှစ်ယောက် မသင့်မမြတ်ဖြစ်ကြပုံ၊ အသက်တွေသာကြီးလာပေမယ့် စိတ်တွေက မရင့်ကျက်လာကြတဲ့အတွက် ကလေးလိုဖြစ်နေကြတဲ့ အဖေမတူအမေကွဲ သူတို့ညီအစ်ကိုနှစ်ယောက်ကို အားလုံးက ပူးပေါင်းပြီး သင်ခန်းစာပေး ပြင်ဆင်ပေးကြတဲ့ ဇာတ်လမ်းပါ။
ဝေဖန်သုံးသပ်ချက်
- ကြပ်မပြည့်တဲ့ပုံစံနဲ့ ကလေးလိုလို ဇာတ်ကောင်စရိုက်ကို ပီပြင်အောင် သရုပ်ဆောင်သွားကြတဲ့ ကျော်ရဲအောင်နဲ့ မင်းမော်ကွန်းကို အမှတ်ပေးမိပါတယ်။
- ဇာတ်လမ်းရဲ့ ရည်ရွယ်ချက်နဲ့ တင်ပြပုံလေးကို သဘောကျမိတယ်။
- အတင်းကလိထိုးတာမဟုတ်ဘဲ သဘာဝကျကျ ရယ်မောစရာတွေ အများကြီးပါတဲ့အတွက် ကျေနပ်မိတယ်။
- အမေဖြစ်သူ ယောက်ျားယူမယ်ဆိုတဲ့အတွက် ကျော်ရဲအောင် ခုံချတဲ့အခန်း၊ အိမ်ကို ရောင်းမှာကြောက်တဲ့အတွက် နည်းအမျိုးမျိုးသုံးပြီး ခြောက်လှန့်တဲ့ အခန်းတွေ၊ အစ်ကိုဖြစ်သူရဲ့ စကားကို မပယ်ရှားချင်လို့ ယောက်ျားယူဖို့ကိစ္စကို စိုးပြည့်သဇင် ခေါင်းညိတ်တဲ့သဘော လုပ်ခဲ့တဲ့အခန်းတွေကိုတော့ တစ်မျိုးဖြစ်မိတယ်။ အဲ... တစ်မျိုးဖြစ်တယ်ဆိုတာထက် သဘောမကျဘူးဆိုရင် ပိုမှန်မယ်။
- ဇာတ်ဝင်သီချင်းအဖြစ် သုံးထားတဲ့သီချင်းမှာ နာမည်ကြီးအဆိုတော်တွေရဲ့ နာမည်တွေပါနေတာကလည်း တစ်မျိုးကြီးပါပဲ။ မဖြစ်သင့်ဘူးထင်တာပဲ။ အဲဒီသီချင်းအစား အခြားအဆိုတော်မပါတဲ့ သီချင်းတွေ အများကြီးရှိတာပဲ။ ထည့်လို့ရပါတယ်။
- စိုးမြတ်သူဇာနဲ့ စိုးပြည့်သဇင်ကလည်း ဘာမှမတော်သေးပါဘဲ ကျော်ရဲအောင်နဲ့ မင်းမော်ကွန်းတို့ကို အိမ်အထိလာပြီး ကူညီနေတာကလည်း တစ်မျိုးဖြစ်နေသလားလို့ပါ။ ကျွန်တော်တောင် ရူးချင်သလိုလို၊ ကြောင်ချင်သလိုလို ဖြစ်ချင်သေးတော့တယ်။ အဲဒီလိုများ လာပြီး ပြုပြင်ပေးကြ၊ ထိန်းသိမ်းပေးကြမယ်ဆိုရင်ပေါ့။
- ဘာပဲဖြစ်ဖြစ် ဇာတ်လမ်းရည်ရွယ်ချက်လေးရော၊ တင်ပြပုံလေးရော၊ သရုပ်ဆောင်တွေရော အတော်လေးကိုကောင်းတဲ့ ဇာတ်ကားလို့ ဆိုချင်ပါတယ်။ ပညာပေးတဲ့ ဟာသဇာတ်မြူးလေးဖြစ်တယ်လို့ ဆိုချင်ပါတယ်။
- အားလပ်ချိန်လေးမှာ အပျင်းပြေမြန်မာဗီဒီယိုလေးတစ်ကားလောက် ကြည့်မယ်ဆိုပြီး အခွေငှားဆိုင်သွားလို့များ ဟာမိုနီဆိုတဲ့ ဇာတ်ကားကိုတွေ့ရင် ငှားပြီးကြည့်လိုက်ပါ။ သဘောကျစရာဇာတ်ကားလေးပါ။
၂၈-၁၂-၂၀၀၉
(၁)
မျက်ခြယ် ရုပ်ရှင်နှင့်ဗီဒီယိုထုတ်လုပ်ရေး
ဇာတ်ကားအမည် - ဆုကြီးပန်
ဝတ္ထု - ရွှေဥဒေါင်း
ဇာတ်ညွှန်းနှင့် ဒါရိုက်တာ - ဇော်မြင့်ဦး
သရုပ်ဆောင်များ - ခန့်စည်သူ၊ ထွန်းအိန္ဒြာဗို၊ ခိုင်သင်းကြည်၊ နန္ဒကျော်စွာ
ဇာတ်လမ်းသဘော
ရွှေဥဒေါင်းဝတ္ထုဖြစ်တဲ့အတွက် အများသိပြီးသားဇာတ်လမ်းပါ။ ပြောမနေတော့ပါဘူး။
ဝေဖန်သုံးသပ်ချက်
- ဟူးးးးးးးးးးးးးးးးးးးးးးးးးးး ဘာပြောရမှန်းမသိဘူး။ ပြောရမှာ အားနာလို့။
- ရွှေဥဒေါင်းဝတ္ထုကို ဖတ်ဖူးထားရင်တော့ ဒီဇာတ်ကားကို လုံးဝ(လုံးဝ)ကို မကြည့်ပါနဲ့ဗျာ။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် စိတ်ဆင်းရဲနေမှာ ဆိုးတဲ့အတွက်ပါ။
- ဇာတ်လမ်းကတော့ ကောင်းတာပေါ့ဗျာ။ တကယ့်ကို အနှစ်သာရတွေပါတဲ့ ဇာတ်လမ်းပါပဲ။
- သို့ပေသော်လည်း ဇာတ်ညွှန်းက မီအောင်မခွဲနိုင်တော့ ဇာတ်ကားက ဘယ်လိုမှကို ကြွတက်မလာဘူး။ ဒီလိုဝတ္ထုတွေကို ရိုက်မယ်ဆိုရင်လည်း အသေအချာကို ပြင်ဆင်သင့်ပါတယ်။ အခုတော့ ကြည့်ရတာ ဗီဒီယိုမို့ အဖြစ်လုပ်လိုက်သလား မသိပါဘူး။
- ငှားကြည့်ဖို့ မတိုက်တွန်းချင်တဲ့ ဇာတ်ကားပါ။
(၂)
ခရေဖြူ ဗီဒီယိုထုတ်လုပ်ရေး
ဇာတ်ကားအမည် - ရွှေနန်းမထိုက် ပန်းမိုက်
ဝတ္ထု - မျိုးကိုမျိုး
ဇာတ်ညွှန်း - ကိုကျော်
ဒါရိုက်တာ - ကျော်ဇောလင်း ၏ အတွေးပုံရိပ်
သရုပ်ဆောင်များ - ကျော်ရဲအောင်၊ န၀ရတ်၊ ငှက်ပျော်ကြော်၊ ညောင်ညောင်၊ ကိုပေါက်၊ ယွန်းရွှေရည်၊ တက္ကသိုလ်ဂွမ်းပုံ၊ ဒေါ်တင်တင်လှ၊ အေးသီတာ
ဇာတ်လမ်းသဘော
ကျော်ရဲအောင်က ရိုးရိုးအေးအေးနဲ့ သူငယ်ချင်းတွေနဲ့ပေါင်းပြီး အလုပ်လုပ်နေသူ။ သူ့မှာ အမေနဲ့ ညီမလေးတစ်ယောက် ရှိတယ်။ န၀ရတ်က ခပ်လည်လည်၊ ခပ်သွက်သွက်၊ ဆတ်ဆတ်ထိမခံ ကောင်မလေးတစ်ဦး။ သူ့မှာ ရောဂါသည် အဖေရယ်၊ တက္ကစီမောင်းနေတဲ့ အစ်ကိုမိသားစုရယ် ရှိတယ်။ တစ်အိမ်လုံးက န၀ရတ်ကို အဓိကမှီခိုနေရတယ် ဆိုပါတော့။ အဲဒီလို အသွင်မတူသူနှစ်ဦး ချစ်ကြိုက်မိကြတယ်။ လက်ထပ်ကြမယ်ဆိုတော့ ကျော်ရဲအောင်အမေက လုံးဝသဘောမတူဘူး။ ဒါပေမယ့် ကျော်ရဲအောင်နဲ့ န၀ရတ် မယူမဖြစ်တဲ့ အကြောင်းတစ်ခုကြောင့် အမေဖြစ်သူကို ဆန့်ကျင်ပြီး ယူလိုက်ကြတယ်။ အသွင်မတူတဲ့ ပတ်ဝန်းကျင်အသစ်မှာ ကျော်ရဲအောင်တစ်ယောက် အံ့သြဖွယ်အပြည့်နဲ့ ဖြတ်သန်းခဲ့ရတယ်။ နောက်ဆုံးတော့ အသွင်မတူရင် အိမ်သူမဖြစ်ဆိုတဲ့အတိုင်း လင်မယား ခွာပြဲပြီး အမေဆီကို ပြန်သွားခဲ့တယ်။ န၀ရတ်ကလည်း ကျော်ရဲအောင်နဲ့ ပြန်နီးချင်တဲ့အတွက် သူ့ကိုယ်သူ ပြုပြင်တယ်ဆိုပါတော့။ ဒီလိုနဲ့ နောက်ဆုံးတော့လည်း မြန်မာပရိသတ်အကြိုက် ဇာတ်သိမ်းသွားတယ်ဆိုပါတော့။
ဝေဖန်သုံးသပ်ချက်
- ဇာတ်လမ်းရဲ့ စိတ်ကူးစိတ်သန်းလေးကို အသိအမှတ်ပြုမိပါတယ်။ စာရေးဆရာရဲ့ ပေးချင်တဲ့ message လေးကိုလည်း လှမ်းမြင်လိုက်သလိုပါပဲ။ သူ့ဝတ္ထုတွေကို မဖတ်ဖူးပါဘူ။ ဒါပေမယ့် ဒီဝတ္ထုလေးကိုတော့ သဘောကျမိပါတယ်။ ဆင့်ပွားတွေးစရာလေးတွေ အများကြီး ရလိုက်ပါတယ်။
- န၀ရတ်က ဒီဇာတ်ကားမှာလည်း ခပ်သွက်သွက်၊ ခပ်ဇတ်ဇတ် ဇာတ်ကောင်စရိုက်ကို အပီအပြင်ပေါ့ဗျာ။ သိတဲ့အတိုင်းပဲ။
- ကျော်ရဲအောင်တို့ သူငယ်ချင်းတစ်တွေ အလုပ်လုပ်တာကို ရိုက်ပြတာကိုတော့ နည်းနည်းဘ၀င်မကျချင်ဘူး။ ကလေးဆန်နေသလားလို့။ ဇာတ်ညွှန်းဆရာ နည်းနည်းသတိလွတ်သွားတယ် ထင်ပါရဲ့ဗျာ။
- န၀ရတ်ရဲ့ ယောင်းမလုပ်တဲ့ အေးသီတာဟာ ဒီဇာတ်ကားမှာ အတော်လေးကို ဇာတ်ကိုပံ့ပိုးပေးသွားနိုင်တာ တွေ့ရတယ်။ ဒါမှ ဇာတ်ပို့လို့လည်း တွေးမိတယ်။
- ကြည့်မယ်ဆိုရင် ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားအဖြစ် ညွှန်းလိုက်ပါတယ်။
၂၉-၁၂-၂၀၀၉
(၁)
ဇာတ်ကားအမည် - တစိမ့်စိမ့်စူး
ဇာတ်လမ်း - မောင်မောင်သင်း (အင်းစိန်)
ဇာတ်ညွှန်း - ဇော်ဇင်
ဒါရိုက်တာ - မိုးကြိုး
သရုပ်ဆောင်များ - ဟိန်းဝေယံ၊ စိုးမြတ်နန္ဒာ၊ စိုးပြည့်သဇင်၊ ဦးဇော်ဦး၊ ကျော်ဇင်ထွဋ်
ဇာတ်လမ်းသဘော
သပွတ်အူဇာတ်ခင်ဗျ။ ဘယ်လိုသပွတ်အူလဲ ပြောပြမယ်။ ဟိန်းဝေယံနဲ့ စိုးမြတ်နန္ဒာက လင်မယား။ သူတို့မှာ သားလေးတစ်ယောက် ရှိတယ်။ ဦးဇော်ဦးက သူတို့ဖခင်။ စိုးပြည့်သဇင်ကို ယောက်ျားပေးစားလိုက်ကြတယ်။ သူတို့အားလုံးက တစ်အိမ်တည်းမှာပဲ အတူတူနေကြတယ်။ မကြာပါဘူး။ ကားမတော်တဆတစ်ခုဖြစ်ပြီး အဲဒီယောက်ျား ဆုံးသွားတယ်။ စိုးမြတ်နန္ဒာက အတိတ်မေ့သွားတယ်။ အရူးတစ်ယောက်လို ဖြစ်သွားတယ်။ ဦးဇော်ဦးက ဟိန်းဝေယံနဲ့ စိုးပြည့်သဇင်ကို ပေးစားလိုက်တယ်။ သားယောက်ျားလေးတစ်ယောက် ထပ်မွေးတယ်။ ဦးဇော်ဦး သေသွားတယ်။ စိုးမြတ်နန္ဒာက ပြန်ကောင်းလာတယ်။ အိမ်ကိုပြန်လာတဲ့အချိန်မှာ အားလုံးက မသိအောင် ၀ိုင်းဝန်းဖုံးကွယ်ထားကြတယ်။ ဒါပေမယ့် တစ်နေ့ အဖြစ်မှန်တွေကို သိသွားတဲ့အခါ............။
ဝေဖန်သုံးသပ်ချက်
- ကြံကြံဖန်ဖန် စဉ်းစားတတ်ပါပေ့ ဇာတ်လမ်းရေးသူရယ်။
- သူကတော့ ဇာတ်လမ်းကို သပွတ်အူလုပ်ထားတယ်ဆိုပြီး ပျော်နေမလားမသိဘူး။ ကျွန်တော်ကတော့ ကြည့်နေရင်းနဲ့ စိုးမြတ်နန္ဒာရူးသွားတဲ့အခါ ဘာတွေဆက်ဖြစ်လာတော့မယ်ဆိုတာကို အလိုလိုကို သိသွားတယ်။ အဲဒီလောက်အထိ ဇာတ်လမ်းက ရိုးစင်းလွန်းတယ်။ ဇာတ်ညွှန်းခွဲတာ ညံ့တာလည်း ဖြစ်ချင်ဖြစ်မှာပါ။ (ကျွန်တော်က တော်နေတာလည်း ဖြစ်နေနိုင်တာပါပဲ။ ဤကား စကားချပ်)
- အလကားပြောတာ ခင်ဗျားကြည့်ရင်လည်း အဲဒီလိုပဲ အလိုလိုသိနိုင်တယ်။ အဓိကအားနည်းချက်တော့ မြန်မာကားတွေက ဇာတ်ကောင်က နည်းနည်းလေးလေ။ ဘာမှ ထပ်မလှည့်နိုင်ဘူးဆိုတာ ပရိသတ်က သိပြီးသား။ ဒီလူတွေနဲ့ပဲ ဇာတ်လမ်းကို ဆက်ဆွဲဆန့်ပြီး ရိုက်ပြမှာဆိုတာ သိနေပြီးသားကိုး)
- ကားတိုက်တာက စိုးပြည့်သဇင်နဲ့ သူ့ယောက်ျား။ ယောက်ျားသေသွားလို့ ပူဆွေးခံစားရမှာက စိုးပြည့်သဇင်။ ဒါပေမယ့် မူးမေ့ပြီးလဲကျသွားတာက စိုးမြတ်နန္ဒာ။ ဘယ်လိုကြီးလည်း မသိဘူးနော်။
- ကြိုက်တဲ့အချိန် သတိပြန်ကောင်းလာနိုင်တယ်လို့ ဆိုထားပါလျက် သားမက်နဲ့ သမီးအငယ်ကို ပေးစားလိုက်တဲ့ ဦးဇော်ဦးရဲ့ ဖခင်မေတ္တာကိုလည်း အံ့သြဘနန်းဖြစ်ရတယ်။ (ဟူးးးးးးးးးးးးးးးး မြန်မာကားတွေရယ်... )
- ညီမလေးလိုပဲ ချစ်တာပါဆိုတဲ့ ကိုရွှေဟိန်းဝေယံကလည်း မပြောလိုက်ချင်ပါဘူး။ စိုးပြည့်သဇင်ကလည်း အစ်ကိုကြီး၊ အစ်ကိုကြီးနဲ့ သားတစ်ယောက်တောင် မွေးလိုက်ပါရောလား။ ဟီးဟီး... မပြောချင်ပါဘူးဗျာ။ တကယ့်ကို ရှာမှရှားပါပဲ။
- ပြီးတော့ ဟိန်းဝေယံက စိုးပြည်သဇင်ကို ပြောသေးတယ်။ ကိုယ့်ကို နားလည်တယ်မလားတဲ့။ ကျွန်တော်ကပဲ ကြားထဲကနေ ဖြေပေးလိုက်ပါတယ်။ နားလည်ပါတယ်။ နားလည်ပါတယ်။ တော်တော်ကို နားလည်ပါတယ်ဗျာ။
- အဲ... အဆိုးထဲကအကောင်းလို့ ဆိုရမလားပဲ။ စိုးမြတ်နန္ဒာအိမ်ပြန်ရောက်တဲ့အချိန်မှာ သူငယ်ချင်းတစ်ယောက်အိမ်မှာ သွားဝှက်ထားတဲ့ သားလေးကို အိမ်ပြန်ပို့တဲ့အခန်းပေါ့။ အဲဒီအချိန်မှာ စိုးမြတ်နန္ဒာနဲ့တွေ့တယ်။ စိုးမြတ်နန္ဒာက ဒီအိမ်က ကလေးဆိုပြီး လာပို့သွားလို့ လက်ခံထားလိုက်တယ်။ အဲဒီအချိန်မှာ စိုးပြည့်သဇင်က အိမ်ထဲကနေ ထွက်လာတယ်။ ကလေးက မေမေဆိုပြီး ပြေးဖက်တယ်။ စိုးမြတ်နန္ဒာက သူ့ညီမ ယောက်ျားရသွားတာ မပြောပါလားပေါ့။ အဲဒီအချိန်မှာပဲ ဟိန်းဝေယံက သူငယ်ချင်းနဲ့ အပြင်ကပြန်လာတယ်။ ကလေးက ဖေဖေဆိုပြီး လှမ်းခေါ်ပြီး ပြေးသွားတယ်။ စိုးမြတ်နန္ဒာထင်တာက အခြားတစ်ယောက်။ ဒါပေမယ့် ကလေးက ဟိန်းဝေယံဆီကို ပြေးသွားတယ်။ အဲဒီအချိန်မှာ စိုးမြတ်နန္ဒာတစ်ယောက် အံ့သြ၀မ်းနည်းခံစားရတာတွေကို ရိုက်ပြထားတဲ့အခန်းလေးကတော့ အမှတ်ပေးချင်စရာပါ။ စာမေးပွဲဆိုရင်တော့ ဒီတစ်ချက်တည်းနဲ့တင် သနားမှတ်ကလေးပေးပြီး အောင်မှတ်ပေးလို့ရတယ်ဆိုပါတော့။
- ကြည့်ဖူးသမျှ ဟိန်းဝေယံဇာတ်ကားတွေထဲမှာ အတော်ကို ကြောင်တောင်တောင်နိုင်တဲ့ ဇာတ်ကားလို့ ဆိုလို့ရပါတယ်။ အဲဒီလို ဇာတ်ကားတွေ ရိုက်ဖို့အတွက် ဟိန်းဝေယံ အသင့်မဖြစ်သေးပါဘူး။ ကြိုးစားရပါဦးမယ်။
(၂)
စနိုးဝှိုက် ရုပ်ရှင်နှင့်ဗီဒီယိုထုတ်လုပ်ရေး
ဇာတ်ကားအမည် - နှိုင်း မ ရ
ဇာတ်လမ်း၊ ဇာတ်ညွှန်း - ကိုလွင် (စနိုးဝှိုက်)
ဒါရိုက်တာ - မောင်မောင်ဦး (စနိုးဝှိုက်)
သရုပ်ဆောင်များ - နိုင်းနိုင်း၊ အိန္ဒြာကျော်ဇင်၊ ထွန်းထွန်းနိုင်၊ နွဲ့နွဲ့မူ၊ ဟိန်းမင်း၊ ဒေါ်ခင်လေးဆွေ၊ ဦးဝင်းမြိုင်၊ ဦးခိုင်တင်၊ ဒေါ်တင်တင်လှ၊ ကြည်စိုး(IC)၊ တက္ကသိုလ်ဂွမ်းပုံ၊ သက်ထားဦး၊ စိုးရတနာ
ဇာတ်လမ်းသဘော
စိတ်ဆန္ဒမပါဘဲ လူကြီးတွေ အတင်းပေးစားတဲ့အတွက် နိုင်းနိုင်းနဲ့ အိန္ဒြာကျော်ဇင်တို့ ယူလိုက်ကြတယ်။ အဲဒီတော့လည်း ချစ်သွားတာပါပဲ။ ဒါပေမယ့် တစ်ချိန်က အတိတ်ရဲ့ အရိပ်တွေ လိုက်ပြီး ပြဿနာတွေ ကြုံလာကြရတဲ့အခါမှာတော့.........။
ဝေဖန်သုံးသပ်ချက်
- စနိုးဝှိုက်ထုံးစံအတိုင်း နိုင်းနိုင်းကို မင်းသားတင်ထားပေမယ့် ဦးခိုင်တင်ကလွဲရင် အခြားပါနေကျ စနိုးဝှိုက်အဖွဲ့သားတွေ မပါတာတစ်ခုတည်းနဲ့တင် ဇာတ်ကားက တစ်မူထူးခြားသွားတယ်။ တစ်ခါလာလည်း ဒီလူတွေကို မြင်နေရတဲ့ဒုက္ခဟာ ဘယ်လောက်ဆိုးသလဲဆိုတာ နိုင်းနိုင်းကားတွေကို မပြတ်တမ်းကြည့်နေတဲ့လူတွေကို မေးကြည့်။
- ကြည်စိုး(အိုင်စီ)ကြီးလည်း ထူးထူးခြားခြား ဒီဇာတ်ကားမှာ ဗီလိန်နေရာမှာ ပါလို့ပါလားဗျ။ အဲဒါကတော့ အတော်ထူးဆန်းသဗျို့။ အဲဒီလူက ဘယ်တော့မှ အဲဒီလိုဇာတ်ကောင် မရိုက်ဘူး။ သူ့ကြည့်လိုက်ရင် ရှေ့နေ၊ သူဌေး၊ ပွဲစားကြီး၊ ဆရာဝန်၊ စီးပွားရေးလုပ်ငန်းရှင် စတဲ့ဇာတ်ကောင်တွေကိုပဲ ရိုက်တာများတယ်။ အခုကျမှ စနိုးဝှိုက်က ဘယ်လိုစည်းရုံးလိုက်သလဲ မသိဘူး။ ဟားဟားဟား ရယ်ချင်စရာကြီး။
- ထွန်းထွန်းနိုင်ကြီးကို မြင်ရတော့ လွမ်းတောင်လွမ်းမိသေးတယ်။ နှမြောမိပါတယ်ဗျာ။
- နွဲ့နွဲ့မူကြီးကတော့ သားကိုချစ်တဲ့ အမေတစ်ယောက်ဇာတ်ကောင်ကို အပီအပြင်ပါပဲ။ အဲဒါကြောင့်လည်း တစ်ခေတ်တစ်ခါက နွဲ့နွဲ့မူကို ပုရိသတွေ အသည်းစွဲခဲ့ကြတာဖြစ်မယ်။
- အိန္ဒြာကျော်ဇင်ကတော့ ပြောစရာမလိုပါဘူး။ သူက ရုပ်ရှင်ကဝေပျို ဖြစ်နေပြီပဲ။ ကျရာဇာတ်ရုပ်ကို ကွက်တိပါပဲ။ ကြည့်နေတဲ့ ကိုကိုမောင်မောင်တွေကို အသည်းတယားယားဖြစ်အောင် သရုပ်ဆောင်ပြတဲ့ အခန်းတွေလည်း အများကြီးပါပါ့ဗျား။ ကြည့်နေရင်းနဲ့ အိန္ဒြာကျော်ဇင်ကို ပြေးဖက်ချင်စိတ် ပေါက်သွားအောင် ကညုတုတု သရုပ်ဆောင်ထားတာလေးတွေက အူဝဲခရေဇီတွေအတွက် ရူးသွပ်ရဦးမှာ အသေအချာပါပဲ။
- တစ်ခုသတိထားမိတာက စနိုးဝှိုက်က ဇာတ်ကားတွေမှာ ဇာတ်ပို့တွေက ဇာတ်လမ်းကို ပို့တဲ့နေရာမှာ အတုံးလိုက်၊ အတစ်လိုက်ကြီးတွေ ပို့ကြတယ်ဗျ။ စကားကို ဘာမပြောညာမပြော အတင်းကြီးဝင်ပြောတာတို့၊ သူငယ်ချင်းလည်းဆိုသေး အိမ်တွင်းရေးကိစ္စတွေမှာ လူကြီးတွေကို အတင်းဝင်ပြီး အကြံပေးတာတို့၊ သူများအတင်းကို ဗြောင်ကျကျ လူရှေ့သူရှေ့မှာ အားပါးတရပြောတာတို့ စသဖြင့်ပေါ့။ တကယ့်ကို အမှတ်ထင်ထင် သတိထားမိစရာပါ။
- စကားလုံးတွေရွေးချယ်မှုကိုတော့ အတော်လေးကို သဘောကျတယ်။ အတော်လေးလည်း ပြောင်မြောက်တယ်။
- အိမ်ထောင်သည်ဘ၀ကို ဆင်ဆာလွတ်အောင် အကောင်းဆုံးရိုက်ပြသွားတာတွေကလည်း ပညာသားပါလှပါတယ်။ ခါးအောက်ပိုင်းစကားလုံးတွေကို အတင်းကာရော အတုံးလိုက်အတစ်လိုက် သုံးပြီးရိုက်နေကြတဲ့ သူတွေအတွက် အတုယူစရာပါ။
- ဇာတ်လမ်းလေးလည်း ကောင်းပါတယ်။ တင်ပြပုံလေးလည်း မဆိုးပါဘူး။ သင်ခန်းစာယူစရာတွေလည်း ပါပါရဲ့ဗျာ။
- မကြည့်မဖြစ် ငှားကြည့်သင့်တဲ့ဇာတ်ကားတစ်ကားလို့ ညွှန်းချင်ပါတယ်။ တစ်ခုခုတော့ ရလိုက်မှာပါ။ အနည်းဆုံးတော့ အပျင်းပြေစေမှာပါ။
"လူတွေက ပညာတတ်လေလေ၊ ကိုယ့်ကိုယ်ကိုယ် ချစ်လေလေပဲ" တဲ့။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်၊ ကြာသပတေးနေ့။
နံနက် ၁ နာရီ ၀၂ မိနစ်တွင် ပြီး၏။

Wednesday, December 30, 2009
ကျေးဇူးစကားနှင့် သောင်းပြောင်းထွေလာ
(၁)
မြန်မာ့သွေးဘလော့ဂ်ကို လာရောက်ဖတ်ရှုသူအပေါင်းကို ကျေးဇူးတင်ပါသည်။ ပို့စ်မတင်နိုင်သည့် (၃)ရက်ခန့် ကာလအတွင်း ဘလော့ဂ်ဖတ်သူ လျော့နည်းသွားမည်ဟု ယူဆခဲ့သည့် ကျွန်တော့်အမြင်များ တက်တက်စင်အောင် လွဲမှားခဲ့ရပါသည်။ ဘလော့ဂ်ဖတ်သူ လျော့မသွားသည့်အပြင် ထပ်မံတိုးလာကြောင်း တွေ့ရှိရသည့်အတွက် ၀မ်းမြောက်ဝမ်းသာဖြစ်ရကြောင်း မညာတမ်းဝန်ခံလိုပါသည်။ ဘယ်သူပဲဖြစ်ဖြစ် ကိုယ်လုပ်တဲ့အလုပ်နဲ့ ပတ်သက်ပြီး အသိအမှတ်ပြုတာကို ခံချင်ကြမှာ သဘာဝဟု ထင်ပါသည်။ ချီးကျူးသည်၊ မချီးကျူးသည်က အရေးမကြီးပါ။ ကျွန်တော့်ဘလော့ဂ်ကို လာဖတ်သည်ဆိုကတည်းက ကျွန်တော့်ဘလော့ဂ်ကို အသိအမှတ်ပြုခြင်းဟု ခံယူပါသည်။ လမ်းကြုံလို့ ၀င်လာသည်ပဲဖြစ်ဖြစ်၊ သူများညွှန်း၍ ၀င်လာသည်ပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ကြိုဆိုပါသည်။ လာပါ၊ ကြည့်ပါ၊ ဖတ်ပါဟု တိုက်တွန်းလိုပါသည်။
(၂)
ကျွန်တော်မကြာခဏ ပြောခဲ့သလိုပင် ဤဘလော့ဂ်တွင် တင်ပေးထားသော ပို့စ်အများစုသည် ကျွန်တော်ဖတ်ပြီးသားများဖြစ်ပါသည်။ ငှားရမ်းဖတ်ရှုသည်များကလွဲ၍ ၉၀%ခန့်သည် ကျွန်တော့်တွင် ကိုယ်ပိုင်ရှိသည့် ဂျာနယ်၊ မဂ္ဂဇင်း၊ စာအုပ်များမှ ဖြစ်ပါသည်။ ထို့အတွက် လက်အညောင်းခံကာ ပြန်ရိုက်၍ တင်ပေးခြင်းသည် ကျွန်တော့်အတွက် မဟုတ်ပါ။ အခြားသူများကိုလည်း ကျွန်တော်ဖတ်သလို ဖတ်စေချင်၊ ကျွန်တော်သိသလို သိစေချင်၍သာ ဖြစ်ပါသည်။ ဤစကားအတွက် ကျွန်တော်သစ္စာဆိုပါသည်။ ကျွန်တော်မကြာခဏပြောဖူးသလို... သူများတွေက အစားကောင်းစားရရင် ချစ်တဲ့သူကို သတိရတယ်တဲ့။ ကျွန်တော်ကတော့ စာကောင်းလေးများဖတ်ရလျှင် အခြားသူများလည်း ကျွန်တော့်လိုဖတ်စေချင်လိုက်တာဟု ဖြစ်မိပါသည်။ ထို့ကြောင့်လည်း ကျွန်တော်ကြိုက်သောစာတိုင်းကို အချိန်ပေးပြီး ပြန်တင်ပေးခဲ့ခြင်းဖြစ်ပါသည်။ ဘလော့ဂ်တစ်ခုတွင် ရေးထားသည်ကို ကျွန်တော်ဖတ်ဖူးပါသည်။ သူများရေးထားတာတွေကို ပြန်တင်ပေးတာ အဆင့်မရှိဘူးဟု။ ဟုတ်ကဲ့... ကျွန်တော်ကတော့ ရှင်းပါသည်။ မြန်မာ့သွေးဘလော့ဂ်သည် အဆင့်အတန်းရှိမရှိကို ဘလော့ဂ်ဖတ်သူများကသာ ဆုံးဖြတ်ပါလိမ့်မည်။ နေ့စဉ် ၁၀၀ ၀န်းကျင်ခန့် ပုံမှန်လာဖတ်နေသော ဘလော့ဂ်ဖတ်သူများသည် အဆင့်အတန်းမရှိသည့်ဘလော့ဂ်ကို အချိန်ကုန်ခံကာ လာနေကြခြင်းတော့ ဟုတ်ဟန်မတူပါ။
(၃)
တစ်ခါက ကျွန်တော့်ပို့စ်တစ်ခုတွင် ရေးခဲ့ဖူးပါသည်။ ဘောလုံးအကြောင်းရေးထားသည့် ဆောင်းပါးများကို ဖတ်ပြီးသောအခါ ကျွန်တော့်ဘလော့ဂ်ကို ဘောလုံးဘလော့ဂ်ကြီးဟု ပြောကြပါသည်။ နောက် ဗီဒီယိုဇာတ်ကားများအကြောင်း ရေးထားတာများလာတော့ ဗီဒီယို၊ ရုပ်ရှင် ဝေဖန်ရေး ဘလော့ဂ်ဟု ဆိုကြပြန်ပါသည်။ ပြောချင်သည်က အမျိုးမျိုး ခေါင်းစဉ်တပ်ကြခြင်းဖြစ်ပါသည်။ ကိုယ်ထင်ရာကို ကိုယ်ပြောခွင့်ရှိပါသည်။ ကျွန်တော်နားလည်ပေးလို့ ရပါသည်။ အခုတစ်ခါ မြန်မာ့သွေးကို နိုင်ငံရေးဘလော့ဂ်ဟု ခေါင်းစဉ်တပ်လာကြပြန်ပါသည်။ စောစောကပြောသလို နားလည်ပေးလို့ ရပါသည်။ သို့သော် နိုင်ငံရေးဘလော့ဂ်ဟု အမည်တပ်ခံရလျှင် အခြားသော မလိုလားအပ်သည့် နောက်ဆက်တွဲတွေ အများကြီးဖြစ်ရပါသည်။ မြင်သာအောင် ဥပမာပြောရလျှင် စီဘောက်တွင် မေတ္တာပို့ခြင်း၊ ကျွန်တော့်ထံ အီးမေးလ်များပို့၍ ကောင်းချီးပေးခြင်းများ ဖြစ်ပါသည်။ ကျွန်တော်ဘယ်လိုပြောရမှန်းပင် မသိပါ။ ကျွန်တော်သည် နိုင်ငံရေးသမားမဟုတ်ပါ။ ပါတီနိုင်ငံရေးကင်းရှင်းရသည့် ၀န်ထမ်းတစ်ဦးဖြစ်ပါသည်။ မည်သည့်ပါတီကိုမျှလည်း သစ္စာခံထားသူမဟုတ်ပါ။ ဒီလိုလုပ်ပါဟု မည်သူကမျှစေခိုင်း၍လည်း လုပ်နေခြင်းမဟုတ်ပါ။ ကျွန်တော်စိတ်မပါလျှင် မရေးဘဲနေလို့ရပါသည်။ ထို့အတူ ရေးချင်လျှင်လည်း ရေးချင်သည့်အကြောင်းအရာ ရေးခွင့်ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်၏ ကိုယ်ပိုင်ယုံကြည်ချက်၊ ကိုယ်ပိုင်ခံယူချက်များဖြင့် အလုပ်လုပ်နေသောကြောင့် ဖြစ်ပါသည်။ မြန်မာ့သွေးတွင် တင်သမျှပို့စ်အားလုံးသည် ကျွန်တော့်စိတ်ကူး၊ ကျွန်တော့်ယုံကြည်ချက်များ ဖြစ်ပါသည်။ ဘယ်သူက ဘယ်လောက်ပဲကောင်းတယ်ပြောပြော ကျွန်တော်မယုံကြည်သော၊ ကျွန်တော်မနှစ်သက်သော အကြောင်းအရာများကို တင်ပေးလိမ့်မည်မဟုတ်ပါ။ ကျွန်တော်နိုင်ငံရေးလုပ်နေခြင်း မဟုတ်ပါ။ လုပ်မည့်သူများ၊ လုပ်နေသူများ၊ စိတ်ဝင်စားသူများအတွက် ကျွန်တော်ဖတ်မိသမျှကို share လုပ်နေခြင်းသက်သက်သာ ဖြစ်ပါသည်။ နိုင်ငံရေးဘလော့ဂ်ဟု အမည်တပ်ခြင်း ခံရတာကိုတော့ နည်းနည်းလန့်ပါသည်။ ဒါက အမှန်အတိုင်းပြောခြင်း ဖြစ်ပါသည်။ တကယ်ဆို အရူးလွယ်အိတ်ဟု ပြောတာကမှ အများကြီး ကောင်းပါသေးသည်။ တကယ်လည်း အရူးလွယ်အိတ်အတိုင်းပါပေ။ စုံစီနဖာ တွေ့သမျှ တင်ပေးနေလို့ဖြစ်ပါသည်။
(မျက်မမြင် ပုဏ္ဏားများခင်ဗျား... ကိုယ်စမ်းမိတဲ့အပိုင်းကိုလိုက်ပြီး ကျွန်တော့်ဘလော့ဂ်ကို ခေါင်းစဉ်မတပ်ကြပါနဲ့။ မြန်မာ့သွေးက မြန်မာ့သွေးပဲ ဖြစ်ပါတယ်)
(၄)
ကျွန်တော့်ကွန်ပျူတာ ပြင်ဆင်ခြင်းလုပ်ငန်းများ ပြီးစီးသွားပြီဟု ဆိုနိုင်ပါသည်။ USB Ports များအားလုံး အလုပ်မလုပ်တော့ပါ။ စုစုပေါင်း (၆)ခုပါသော ပို့(တ)အားလုံး အလုပ်မလုပ်သည်ကတော့ တကယ်ကို စိတ်တိုစရာဖြစ်ပါသည်။ မတတ်နိုင်ပါ။ ကျွန်တော်တောင် တစ်နေ့သေရဦးမည်ပဲ။ သူလည်း ပျက်မှာပေါ့။ အဆစ်အနေဖြင့် အသံပါမထွက်တော့ပါ။ ကောင်းပါ၏။ သီချင်းလည်း နားထောင်လို့မရတော့၊ ဗီဒီယိုလည်း ကွန်ပျူတာဖြင့် ကြည့်လို့ မရတော့ပါ။ တီဗီနှင့် အီးဗီဒီ ပလေယာလေး ရှိနေသေး၍ တော်သေး၏။ သို့သော် အချို့သော ဒေါင်းလုဒ်ဖိုင်များက ကွန်ပျူတာတွင် ကြည့်မှသာ အဆင်ပြေသည်မဟုတ်ပါလား။ အခုတော့ ရုပ်မြင် အသံမကြားခေတ်သို့ ကျွန်တော်ပြန်ရောက်နေပါပြီ။ ဘာပဲဖြစ်ဖြစ် USB Ports များ ပြန်မကောင်းလာသည့်အတွက် စိတ်ညစ်ရပါသည်။ ကဒ်ဝယ်၍ slot တွင် တပ်လို့ရသည်ဟု ပြောပါသည်။ ကြိုးစားကြည့်ပါဦးမည်။ အခုတော့ ၀င်းဒိုးအသစ်လေးတင်ပြီး ဘလော့ဂ်ရေးခြင်းများ ပြန်လုပ်နေပါပြီ။ ထုံးစံအတိုင်း စီဒီဖြင့်ရိုက်၍ တင်ရဦးမည်ပေါ့။ ခက်ခဲပင်ပန်းသည်မှန်သော်လည်း တစ်နေ့တစ်နေ့ လာရောက်ဖတ်ရှုသော visitor အရေအတွက်ကို ကြည့်လိုက်တာနဲ့ အမောပြေသွားရမြဲဖြစ်ပါသည်။
(၅)
ကျွန်တော့်ဘလော့ဂ်သို့ လာရောက်လည်ပတ်သူအရေအတွက်၊ လာရောက်လည်ပတ်သည့်နိုင်ငံများ၊ ဖတ်ရှုသည့်အကြောင်းအရာများ၊ ရှာဖွေသည့် အကြောင်းအရာများကို (getclicky)မှ ကြည့်ပါသည်။ အခမဲ့သုံးသည့်အတွက် function အားလုံးတော့ မရပါ။ ဘာပဲဖြစ်ဖြစ် တစ်နေ့ကို ဘလော့ဂ်ဖတ်သူ ဘယ်လောက်လာသလဲဆိုတာကို သိရတာတစ်ခုနဲ့တင် ကျေနပ်ပါသည်။ getclicky ရဲ့ ကျေးဇူးကြောင့် ကျွန်တော်သိရတာတစ်ခုကတော့ ကျွန်တော့်ဘလော့ဂ်ကို လာကြသူအများစုက နိုင်ငံရေး၊ ဗီဒီယို၊ မောင်စူးစမ်း စသည့်အကြောင်းအရာများကို ရှာဖွေကြသူများကြခြင်း ဖြစ်ပါသည်။ မြန်မာ့သွေးဆိုသည့် စကားလုံးကို ရှာဖွေကြသူက အင်မတန်မှကို ကြုံတောင့်ကြုံခဲ တစ်ခါတရံမှာသာ တွေ့တတ်ပါသည်။ သို့သော် search engine များမှ မဟုတ်ဘဲ တိုက်ရိုက်လာဖတ်ကြသူက ၅၀ ကျော်ရှိသည့်အတွက်တော့ ကျေနပ်ရပါသည်။
(၆)
ပို့စ်တွေ ပြန်တင်ပေးနေပါသည်။ လာဖတ်သူအားလုံး၊ အကြံပြုသူအားလုံး၊ ကွန်ပျူတာပြင်နေစဉ်ကာလအတွင်း ကွန်ပျူတာအသုံးပြုခွင့်ပေးပြီး တတ်နိုင်သမျှ ၀ိုင်းဝန်းပြင်ဆင်ပေးကြသော သူငယ်ချင်းအားလုံးကို ကျေးဇူးတင်ရှိပါသည်။ ကျွန်တော်ပြောဖူးပါသည်။ မြန်မာ့သွေးဘလော့ဂ်ကို ကျွန်တော်အပျော်လုပ်နေခြင်း မဟုတ်ပါ။ ကျွန်တော့်ယုံကြည်ချက်အရ ကျွန်တော်လုပ်နေခြင်းဖြစ်ပါသည်။ ကျွန်တော့်လိပ်ပြာကို ကျွန်တော်သန့်ပါသည်။ ကျွန်တော့်စေတနာကို ကျွန်တော်သိပါသည်။ ဘလော့ဂ်ရေးခြင်းကို တာဝန်တစ်ရပ်အနေဖြင့် ခံယူပြီး ကျွန်တော်ရေးပါသည်။ ဘလော့ဂ်ကို လာဖတ်နေကြသူတွေကို လေးစား၍၊ အသိအမှတ်ပြု၍ ဖြစ်ပါသည်။ တင်ပေးသည်များတွင် စာဖတ်သူအတွက် သဘောကျသည်များရှိသလို၊ သဘောမတူနိုင်စရာများလည်း ရှိနေပါလိမ့်မည်။ ထမင်းစားသည့်အခါတွင် စပါးလုံးများကို ၀ါးစားကြလိမ့်မည်မထင်ပါ။ ရွေးထုတ်ကာ ပစ်လိုက်ကြမည်ပဲ ဖြစ်ပါသည်။ ယခုလည်း ထိုနည်းတူစွာပင် သဘောမကျသည်များကို မဖတ်ဘဲ ကျော်သွားလိုက်ပါ။ ခေါင်းထဲတွင် မထားပါနှင့်။ အသားဟင်းကြိုက်လျှင် အသားဟင်းကို စားပါ၊ အတို့အမြှုပ်ကြိုက်လျှင် အတို့အမြှုပ်ကို လှမ်းလိုက်ပါ။ နင်နေလျှင် ဟင်းရည်ပူပူလေးကို မှုတ်သောက်လိုက်ပါ။ တစ်ခုတော့ ရှိပါသည်။ ကျေညက်စွာ ၀ါးစားစေလိုပါသည်။ သို့မှသာ အစာမကြေခြင်းဘေးမှ ကင်းဝေးမည်ဖြစ်ပါသည်။

ကြိုးစားလျက်
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။
ည ၁၁ နာရီ ၈ မိနစ်တွင်ပြီး၏။

နိုင်ငံရေးနှင့် နိုင်ငံသားတို့၏ အခန်းကဏ္ဍ - ကိုကိုလှိုင်
နိုင်ငံရေးလောကတွင် အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတို့၏ နိုင်ငံရေးလောကတွင် မှားယွင်းနေသော အယူအဆတစ်ခု ရှိသည်။ ယင်းအယူအဆမှာ နိုင်ငံရေးသမားတို့က နိုင်ငံသားများကို ၎င်းတို့၏နောက်လိုက်များဟု ယူဆခြင်းဖြစ်၏။ အချို့နိုင်ငံရေးသမားများက နိုင်ငံသားတို့ကို ဘဲအုပ်ကြီးတစ်အုပ်နှင့် တူသည်ဟုပင် ဆိုကြသည်။ ဘဲအုပ်အတွင်း၌ ဘဲတစ်ကောင်က ဦးဆောင်သွားသည့်အတိုင်း နောက်ဘဲများက ချောက်မှန်းကမ်းမှန်းမသိဘဲ စိုက်လိုက်မတ်တတ် လိုက်သွားလေ့ရှိသည်ကို ရည်ညွှန်းခြင်းဖြစ်၏။ တစ်နည်းအားဖြင့် လူမှုစိတ်ပညာဝေါဟာရအရ အုပ်စုအဟုန် (Group Dynamic) ကို အသုံးချကာ အများမိုးခါးရေသောက်လျှင် လိုက်၍ သောက်လေ့ရှိကြသော လူတို့၏ သဘောသဘာဝအရ လူအုပ်စု၏ အပြုအမူကို နည်းအမျိုးမျိုးဖြင့် ပဲ့ကိုင်ထိန်းကျောင်းရန် ကြိုးစားခြင်းဖြစ်သည်။
ယေဘုယျအားဖြင့် နိုင်ငံသားတို့၌ ဆင်ခြင်တုံတရားထက် စိတ်လှုပ်ရှားမှုက လွှမ်းမိုးနေသောအခါ သို့တည်းမဟုတ် ထူးထူးခြားခြား လူကြိုက်များသော ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ သြဇာလွှမ်းမိုးမှုက ကြီးမားနေသောအခါ သို့တည်းမဟုတ် နည်းလမ်းတကျ မှန်ကန်စွာ ဆင်ခြင်သုံးသပ်နိုင်လောက်သည့် ဉာဏ်ပညာအရည်အချင်းနှင့် မပြည့်စုံသေးသောအခါ အဆိုပါ နိုင်ငံရေးသမားတို့ တွေးထင်ပြောဆိုသကဲ့သို့ပင် နိုင်ငံသားလူအများကို လိုသလို ပဲ့ကိုင်ထိန်းကျောင်း ဦးဆောင်သွားရန် လွယ်ကူပေလိမ့်မည်။
သို့သော် စင်စစ်၌ နိုင်ငံသားတို့ကို နိုင်ငံရေးသမားများတို့၏ နောက်လိုက်များဟု ပြောဆိုပါက ရာနှုန်းပြည့် မမှန်နိုင်ပေ။ နိုင်ငံသားတို့နှင့် ရွေးကောက်ခံနိုင်ငံရေးသမားများ (တစ်နည်း) အစိုးရတို့အကြား ဆက်ဆံရေးမှာ အပြန်အလှန်ထိန်းချုပ်ထားသည့် လူမှုပဋိညာဉ် (Social Contract) အရ လိုက်နာဆက်ဆံကြခြင်းဖြစ်သည်။ ရွေးကောက်ပွဲတွင် နိုင်ငံသားမဲဆန္ဒရှင်များ (တစ်နည်းအားဖြင့်) ရွေးကောက်သူများ (Electors) က ရွေးကောက်ခံ (Elected) ကိုယ်စားလှယ်များကို ရွေးချယ်သည်။ တစ်ဖန် ထိုရွေးကောက်ခံကိုယ်စားလှယ်များက နိုင်ငံသားပြည်သူများကိုယ်စား အုပ်ချုပ်ရေးစီမံခန့်ခွဲရေးနှင့် ဥပဒေပြုရေး လုပ်ငန်းများကို ဆောင်ရွက်စီမံကြသည်။ ထို့သို့ ဆောင်ရွက်စီမံသမျှကို နိုင်ငံသားပြည်သူတို့က လိုက်နာကြရသည်။ စီမံခန့်ခွဲရေးနှင့် ဥပဒေပြုရေးလုပ်ငန်းများကို လုပ်ဆောင်ရာတွင် နိုင်ငံတို့၏ ကိုယ်ပိုင်အခွင့်အရေးများကို အသိအမှတ်ပြုကာ မထိမပါးမိအောင် ဂရုစိုက်ကြရသည်။ နိုင်ငံသားတို့ကလည်း မိမိတို့အတွက် သတ်မှတ်ပြဋ္ဌာန်းထားသည့် တာဝန်များကို ထမ်းဆောင်ကြရသည်။ ဤသည်ပင် လူမှုပဋိညာဉ်ဖြစ်သည်။
ထို့ကြောင့် နိုင်ငံရေးသမားတို့ နိုင်ငံအုပ်ချုပ်မှုလုပ်ငန်းများ၌ ခေါင်းဆောင်ခွင့်ရဖို့မှာ နိုင်ငံသားတို့၏ လက်တွင်း၌ရှိသည်ကို သဘောပေါက်သင့်သည်။ ဆိုလိုသည်မျာ နိုင်ငံသားတို့သည် နောက်လိုက်သက်သက်မျှမဟုတ်။ နိုင်ငံသားတို့၌ ရွေးချယ်တာဝန်ပေးပိုင်ခွင့် (Mandatory Power) ရှိသည်။ အဆင့်အတန်း (Status) ရှိသည်။ အခွင့်အရေးများ (Rights) ရှိသည်။ ထမ်းဆောင်ရမည့်တာဝန်များ (Responsibilities) ရှိသည်။
နိုင်ငံရေးနှင့် ပတ်သက်၍ နိုင်ငံသားတို့၌ မဲပေးပိုင်ခွင့်ရှိသည်။ နိုင်ငံရေးဝါသနာမပါ၍ မလုပ်ချင်သာနေမည်။ ရွေးကောက်ခံပိုင်ခွင့်လည်းရှိသည်။ နိုင်ငံသားတိုင်း နလပိန်းတုံးများမဟုတ်။ နိုင်ငံရေးသမားများထက် မက္ကရိုစီးပွားရေးခေါ် တိုင်းပြည်စီးပွားရေးကို ပို၍ နားလည်သည့် ဘောဂဗေဒပညာရှင်များလည်း ရှိသည်။ နိုင်ငံဘဏ္ဍာရေးစီမံခန့်ခွဲမှုကို ပို၍ နားလည်သည့် ဘဏ္ဍာရေးပညာရှင်များလည်း ရှိသည်။ နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံရေးသိပ္ပံကို ပိုမိုနားလည်တတ်ကျွမ်းသည့် ပညာရှင်များလည်း ရှိသည်။ ကာကွယ်ရေးနှင့် မဟာဗျူဟာလုံခြုံရေးတွင် ပိုမိုကျွမ်းကျင်သည့် ပညာရှင်များလည်းရှိသည်။ ထို့ကြောင့် မြင်မြင်သမျှ နိုင်ငံသားတို့ကို ပြောသမျှယုံ၍ ခိုင်းသမျှလုပ်မည့် နောက်လိုက်များဟု ယူဆလျှင် အမှားကြီး မှားလိမ့်မည်။
ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ဆင်းရဲနွမ်းပါးမှုကြောင့်လည်းကောင်း၊ စာမတတ်မြောက်မှုကြောင့်လည်းကောင်း၊ နိုင်ငံသားတို့၏ နိုင်ငံရေးအသိအမြင် နည်းပါးမှုကြောင့် နိုင်ငံရေးသာဗိန္ဒ (Demagogue)တို့၏ ညာလှိုင်းသိမ်းသွင်း ဆွဲဆောင်မှုနောက်ကို ပါသွားကာ အာဏာနိုင်ငံရေး၊ ငွေကြေးနိုင်ငံရေး၊ ကိုယ်ကျိုးရှာနိုင်ငံရေးတို့ ပေါ်ထွန်းလာတတ်သည်။ လူထုကောင်းစားရေးကို ဟန်ပြ၍ လူတစ်စုကောင်းစားရေးသို့ ရှေးရှုသွားတတ်သည်။
ထိုအဖြစ်မျိုးကို ရှောင်လွှဲနိုင်ရန်မှာ နိုင်ငံသားတို့၏ အရည်အချင်း၊ အရည်အသွေးတို့ကို မြှင့်တင်တည်ဆောက်ပေးခြင်း (Capacity Building)ကို ဦးစားပေးလုပ်ဆောင် ရပေလိမ့်မည်။
နိုင်ငံသားကောင်းတစ်ဦး၏ ရှိသင့်ရှိထိုက်သော အရည်အချင်းနှင့် အရည်အသွေးတို့ကို အောက်ပါအတိုင်း ဖော်ထုတ်နိုင်သည်။
ဤသို့သော အရည်အချင်း၊ အရည်အသွေးများနှင့် ပြည့်စုံသည့် နိုင်ငံသားများဖြင့် တည်ဆောက်ထားသော နိုင်ငံမျိုးတွင် နိုင်ငံရေးတည်ငြိမ်မှု၊ စွမ်းရည်ရှိသော အစိုးရကို ရွေးချယ်ဖွဲ့စည်းနိုင်မှု၊ နိုင်ငံအေးချမ်းသာယာမှုနှင့် အမျိုးသားစည်းလုံးညီညွတ်မှုများကို လွယ်လင့်တကူ တည်ဆောက်နိုင်ပေလိမ့်မည်။ နိုင်ငံသားကောင်းများကသာ နိုင်ငံကောင်းတစ်ခုကို တည်ဆောက်နိုင်လေသည်။ ဆန်ရင်းကောင်းမှ ထမင်းကောင်းလိမ့်မည်။

- အမှားအမှန် ဝေဖန်ဆင်ခြင် ပိုင်းခြားနိုင်လောက်အောင် အခြေခံပညာ တတ်သင့်သည်။
- နိုင်ငံရေးနှင့် ပတ်သက်၍ အခြေခံဗဟုသုတများ မှန်မှန်ကန်ကန် ရှိထားသင့်သည်။ အထူးသဖြင့် နိုင်ငံသားတို့၏ ရပိုင်ခွင့်နှင့် တာဝန်များကို သေချာသိထားသင့်သည်။
- မိမိ၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် (မဲ) ကို အထိုက်တန်ဆုံး ကိုယ်စားလှယ်သို့ မှန်ကန်အကျိုးရှိစွာ မိမိကိုယ်တိုင် ရွေးချယ်ပေးနိုင်စွမ်း ရှိသင့်သည်။
- အကျင့်စာရိတ္တ ကောင်းမွန်၍ ပြည်သူ့နီတိကို လေးစားလိုက်နာကျင့်ကြံသူ ဖြစ်သင့်သည်။
- လူမှုရေးစိတ်ဓာတ်ရှိ၍ အများအကျိုး လုပ်ငန်းများ၌ ပါဝင်လုပ်ဆောင်ရန် လက်မနှေးသူ ဖြစ်သင့်သည်။
- မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းရှိပြီး အများနှင့် ဆက်ဆံရာတွင် လိုက်လျောညီထွေ သည်းခံတတ်သူ ဖြစ်သင့်သည်။
- သူတစ်ပါးနှင့် ဆက်ဆံရာတွင် တစ်ဖက်သား၏ အနေအထားကို နားလည်ရန် ကြိုးစားပေးပြီး ကွဲပြားသောအမြင် ရှိမှုကို လက်ခံနိုင်စွမ်းရှိသင့်သည်။
ဤသို့သော အရည်အချင်း၊ အရည်အသွေးများနှင့် ပြည့်စုံသည့် နိုင်ငံသားများဖြင့် တည်ဆောက်ထားသော နိုင်ငံမျိုးတွင် နိုင်ငံရေးတည်ငြိမ်မှု၊ စွမ်းရည်ရှိသော အစိုးရကို ရွေးချယ်ဖွဲ့စည်းနိုင်မှု၊ နိုင်ငံအေးချမ်းသာယာမှုနှင့် အမျိုးသားစည်းလုံးညီညွတ်မှုများကို လွယ်လင့်တကူ တည်ဆောက်နိုင်ပေလိမ့်မည်။ နိုင်ငံသားကောင်းများကသာ နိုင်ငံကောင်းတစ်ခုကို တည်ဆောက်နိုင်လေသည်။ ဆန်ရင်းကောင်းမှ ထမင်းကောင်းလိမ့်မည်။
Ref: "Political Science" MPB Publications India.
(ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ ၅၊ အမှတ် ၅၁ နိုင်ငံရေးအချပ်ပိုမှ ပြန်လည်ကူးယူဖော်ပြပါသည်)
ရွေးကောက်ပွဲနှင့် ပဋိညာဉ်များ - မှူးဇော်
နိုင်ငံသားနှင့် နိုင်ငံရေးသမားအကြားမှ ပဋိညာဉ်များ
၂၀၁၀ သို့ ချဉ်းနင်းဝင်ရောက်မည့် မကြာတော့သည့် အချိန်ကာလအတွင်း လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပတော့မည်။ နိုင်ငံသားများအနေဖြင့် နိုင်ငံရေးသမားများ၏ အပြိုင်အဆိုင် စည်းရုံးဆွဲဆောင်မှုများအကြား ရွေးချယ်မှုတစ်ရပ် ပြုလုပ်ကြရပါလိမ့်မည်။ ထိုသို့ ရွေးချယ်ရာတွင် မိမိဘက်၊ မိမိပါတီဘက်သို့ ရောက်ရှိလာစေရန် နည်းဗျူဟာ၊ မဟာဗျူဟာအမျိုးမျိုး ချမှတ်ကျင့်သုံးကြရပါလိမ့်မည်။
နိုင်ငံရေးသမားများသည် လွှတ်တော်အသီးသီးသို့ ခွဲဝေရောက်ရှိသွားမည့်သူများ၊ အစိုးရအဖွဲ့အသီးသီးသို့ ရောက်ရှိသွားမည့်သူများ၊ အတိုက်အခံအဖြစ် ထိန်းကျောင်းရေးကဏ္ဍိုင်ကြီးကို ကိုယ်စားပြုမည့်သူများ၊ အာဏာရပါတီအဖြစ် အဓိကဒေါက်တိုင်ကြီးအဖြစ် ရောက်ရှိသွားမည့်သူများ စသည်အားဖြင့် ဖြစ်နိုင်ခြေ အလားအလာများအရ ပြောင်းလဲရောက်ရှိသွားကြတော့မည် ဖြစ်သည်။ ဤတွင် နိုင်ငံသားများနှင့် နိုင်ငံရေးသမားများအကြား ဆက်နွှယ်ပတ်သက်မှု၊ ဆက်ဆံရေးကို မမြင်ရသော ပဋိညာဉ်များနှင့် မြင်ရသော ပဋိညာဉ်များဖြင့် စည်းနှောင်ထားကြသည်ကို တွေ့ရှိနိုင်သည်။
ပဋိညာဉ်ငါးပါး
မိမိတို့ကို ရွေးချယ်လိုက်သော မိမိတို့ ကိုယ်စားပြုသော ပြည်သူပြည်သား၊ နိုင်ငံသားအားလုံး၏ အကျိုးစီးပွားကို စွမ်းအားကုန်မြှင့်တင်ပေးရမည့် တာဝန်သည် အဆိုပါပုဂ္ဂိုလ်များအားလုံး၏ ပခုံးထက်တွင် ရှိနေရပါမည်။ ဤအချက်သည်ပင် ပထမဦးဆုံးသော ပဋိညာဉ်ကြီးဖြစ်သည်။ စာချုပ်စာတမ်း၊ အထောက်အထားများဖြင့် လက်မှတ်ရေးထိုး ချုပ်ဆိုထားခြင်း မဟုတ်သော်လည်း မည်သို့မျှ လွဲချော်၍ မရနိုင်သည့် ပဋိညာဉ်ကြီးဖြစ်သည်။ လူထုအကျိုးကိုသာ ရှေးရှုရမည်၊ ပါတီအကျိုး၊ ပုဂ္ဂိုလ်ရေးအကျိုးကို ရှေးရှုခြင်းမပြုရ။ ဤသည်ပင် ခေတ်အဆက်ဆက် ထားရှိအပ်သော ပဋိညာဉ်ပင်ဖြစ်သည်။ အတိတ်ကာလ၊ မျက်မှောက်ကာလတွင် ရှိရှိသမျှသော နိုင်ငံများအားလုံးကိုကြည့်လျှင် မည်သည့်အစိုးရမဆို အမျိုးသားအကျိုးစီးပွားကို ဦးထိပ်ထားကြသည်သာ ဖြစ်သည်။ နိုင်ငံတကာ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးမျက်နှာစာကို လေ့လာကြည့်လျှင်လည်း အမျိုးသားအကျိုးစီးပွားသည်သာ အန္တိမရည်မှန်းချက်ဖြစ်ကြောင်း တွေ့ရှိနိုင်သည်။
နိုင်ငံသားများ မှီတင်းနေထိုင်ရာ နယ်မြေအကျယ်အ၀န်းနှင့် နိုင်ငံသားများကို ကိုယ်စားပြုသည့် နိုင်ငံတော်အတွက် နိုင်ငံရေးသမားများ အလေးအနက်ခံယူထားရမည့် ဒုတိယပဋိညာဉ်မှာ အမျိုးသားရေးစိတ်ဓာတ်ပင်ဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဘက်စုံထောင့်စုံတွင် တတ်နိုင်ရာကဏ္ဍအသီးသီးမှ ဖော်ဆောင်ကြရသူများအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အမျိုးသားရေးစိတ်ဓာတ် ပြင်းပြင်းထန်ထန် ထက်သန်နေကြဖို့ လိုပါလိမ့်မည်။ နိုင်ငံသူနိုင်ငံသား၊ တိုင်းရင်းသားပြည်သူများ အားလုံး၏ အချင်းချင်းကြားတွင် ဤပဋိညာဉ်ကြီး ရှိနေသလို နိုင်ငံရေးသမားများနှင့် ပြည်သူလူထု၏ ဆက်ဆံရေးတွင် ဤပဋိညာဉ်ကြီး ရှိနေမည်ဖြစ်သည်။
နိုင်ငံသားများနှင့် နိုင်ငံရေးသမားများအကြား လိုက်နာဆောင်ရွက်ကြရမည့် တရားဥပဒေအရ စည်းနှောင်မှုရှိသော အဓိကပဋိညာဉ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပင်ဖြစ်သည်။ ဤပြဋ္ဌာန်းချက်များကို မည်သူကမျှ ကျော်လွန်၍မရ၊ လျစ်လျူရှု၍ မရ။ အနာဂတ်နိုင်ငံတော်ကို ဤဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ပြဋ္ဌာန်းသတ်မှတ်ထားခြင်းဖြစ်ရာ ၎င်းပြဋ္ဌာန်းထားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်သာဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြကုန်သော နိုင်ငံသားအားလုံးနှင့် အစိုးရ၊ နိုင်ငံရေးပါတီများအားလုံး လိုက်နာဆောင်ရွက်ကြရမည့် တတိယပဋိညာဉ်ကြီးဖြစ်သည်။
ဖြစ်ပေါ်လာမည့် ပဋိညာဉ်များတွင် နိုင်ငံရေးသမားများ ရွေးကောက်ပွဲဝင်ရာတွင် မည်သည်တို့ကို လုပ်ဆောင်မည်၊ မည်သည့်ကဏ္ဍကို မည်သို့ဖြစ်လာအောင် ကြိုးပမ်းမည်၊ မည်သို့ရည်မှန်းချက်ထား၍ ဆောင်ရွက်မည် စသည်အားဖြင့် အမျိုးမျိုးအဖုံဖုံ ပြုလာကြမည့် ကတိက၀တ်များ ပါဝင်နေသည်။ နိုင်ငံရေးသမားများသည် မည်သူ့ကိုမျှ ကတိက၀တ်ပြုသည်မဟုတ်၊ မဲဆန္ဒရှင်ပြည်သူများကို ကတိက၀တ်ပြုကြရခြင်းပင် ဖြစ်သည်။ ဤသည်မှာ နိုင်ငံရေးသမားများကိုယ်တိုင် တရားဝင်ထုတ်ဖော်ကြေညာ ကတိပြုကြသော ပဋိညာဉ်သာဖြစ်သည်။ တစ်နည်းဆိုရလျှင် ပြည်သူလူထုနှင့် စာချုပ်ချုပ်ဆိုခြင်းပင် ဖြစ်သည်။ ၎င်းနိုင်ငံရေးသမားများ ကမ်းလှမ်းလာသော ကတိက၀တ်များကိုကြည့်၍ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိကိုယ်တိုင်၏ အခွင့်အလမ်း၊ အကျိုးစီးပွား၊ တစ်ဆင့်တက်သော် မိမိ မိသားစု၊ မိမိနေထိုင်ရာ ပတ်ဝန်းကျင်၊ မိမိတိုင်းဒေသကြီး/ပြည်နယ်၊ မိမိနိုင်ငံတော်အတွက် အသင့်လျော်ဆုံးဟု ယူဆထားသော ကတိက၀တ်ပြုသူများကို ရွေးချယ်ဆုံးဖြတ်ကာ မဲပေးခြင်းပြုကြမည်ဖြစ်သည်။ နိုင်ငံရေးသမားများအနေဖြင့်လည်း ရွေးကောက်ပွဲအကြိုကာလတွင် မိမိတို့ပြောကြားထားသည့် ကတိက၀တ်များအတိုင်း ဖြည့်ဆည်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်ရမည်သာ ဖြစ်သည်။ နိုင်ငံရေးသမားများ၊ နိုင်ငံရေးပါတီများ၏ ကတိက၀တ်သည် စတုတ္ထပဋိညာဉ်ပင်ဖြစ်သည်။
နောက်ဆုံးသော ပဉ္စမမြောက် ပဋိညာဉ်မှာ Social Contract ဟုခေါ်သော လူမှုပဋိညာဉ်ပင်ဖြစ်သည်။ ဤပဋိညာဉ်မှာ အကောင်အထည်ဖြင့် မြင်တွေ့၍မရနိုင်သော ပဋိညာဉ်ဖြစ်သည်။ လူ့အဖွဲ့အစည်းများ၏ ယဉ်ကျေးမှု၊ သမိုင်းကြောင်း၊ လူနေမှုစနစ်၊ တွေးခေါ်ဆင်ခြင်မှု စသည်တို့အပေါ် မူတည်၍ လူမှုပဋိညာဉ်သည်လည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ ထပ်တူထပ်မျှ တူညီနိုင်မည်မဟုတ်ပါ။ နိုင်ငံရေးပါတီများနှင့် နိုင်ငံသားများအကြား ထားရှိအပ်သော လူမှုပဋိညာဉ်နှင့် အစိုးရနှင့် နိုင်ငံသားများအကြား ထားရှိအပ်သော လူမှုပဋိညာဉ်များသည်လည်း တသီးတခြားကွဲပြားနေမည်ဖြစ်သည်။ အာရှနိုင်ငံများ၏ လူမှုပဋိညာဉ်နှင့် အနောက်နိုင်ငံများ၏ လူမှုပဋိညာဉ်သည်လည်း တူညီနိုင်မည်မဟုတ်ပါ။ လူမှုပဋိညာဉ်သည် စေ့စေ့တွေးလျှင် ရေးရေးပေါ်ဆိုသလို များစွာကျယ်ပြန့်နက်ရှိုင်းနေသည်ကို တွေ့နိုင်သည်။
လူမှုပဋိညာဉ်
ပြည်သူလူထုကြားမှ ပေါက်ဖွားလာသော အစိုးရ၊ ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်သော အစိုးရ၊ ပြည်သူလူထုအတွက် ဦးဆောင်မှုပြုရမည့်အစိုးရသည် နိုင်ငံတော်နှင့် ပြည်သူလူထုကို အလုပ်အကျွေးပြုရန် တာဝန်ရှိသည်။ ပြည်သူလူထုအတွက် အစွမ်းကုန်ဆောင်ရွက်ပေးရမည်။ တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်ပေးရမည်။ ဤသည်ပင် အစိုးရနှင့် နိုင်ငံသားများအကြား ထားရှိအပ်သော လူမှုပဋိညာဉ်ပင်ဖြစ်သည်။
အလားတူပင် နိုင်ငံရေးသမားများ၊ နိုင်ငံရေးပါတီများသည်လည်း မိမိတို့အာဏာရရှိရေး၊ မိမိတို့ပါတီ အာဏာရရှိရေးအတွက် နိုင်ငံတော်နှင့် ပြည်သူလူထုအကျိုးကို ပျက်ပြားအောင် ဆောင်ရွက်ခြင်းမပြုရ။ အတိုက်အခံအဖြစ် ရပ်တည်နေစေကာမူ ပြည်သူလူထုအကျိုးစီးပွားကို ရှေ့တန်းတင်ရမည်။ အာဏာရပါတီ၏ အမှားအယွင်းများကို ထောက်ပြခြင်း၊ ဆန့်ကျင်ခြင်း။ ကန့်ကွက်ရှုတ်ချခြင်း ပြုနိုင်သည်မှန်သော်လည်း မိမိတို့ပါတီ ကောင်းစားရေးအလို့ငှာ ပြည်သူလူထုအကျိုး နစ်နာဆုတ်ယုတ်စေသော လုပ်ဆောင်ချက်များကို သတိကြီးကြီးဖြင့် ဆင်ခြင်ဆောင်ရွက်ရန် လိုအပ်သည်။ ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးစီးပွားဖြစ်ထွန်းစေနိုင်သော ကိစ္စရပ်များကို မိမိတို့အကျိုးစီးပွားအတွက် အလဟဿအချည်းနှီး မဖြစ်စေရ။ ဤသည်ပင် နိုင်ငံရေးသမားများနှင့် နိုင်ငံသားများအကြား ထားရှိအပ်သော လူမှုပဋိညာဉ်ပင်ဖြစ်သည်။
အလားတူပင် နိုင်ငံရေးသမားအချင်းချင်း အပြင်းအထန်ဝါဒဖြန့်ချိကြရာ၌ တိုက်ခိုက်ထိုးနှက်ကြသည်များ ရှိတတ်သည်မှန်သော်လည်း နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး ထိခိုက်နစ်နာစေသော၊ ဂုဏ်သိက္ခာညစ်နွမ်းစေသော လုပ်ဆောင်ချက်များကို ရှောင်ကြဉ်ကြရမည်ဖြစ်သည်။ နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုးစီးပွားဆုတ်ယုတ်စေနိုင်သည့် လုပ်ဆောင်ချက်မှန်သမျှကို ရှောင်ကြဉ်ကြဖို့လိုသည်။ ဤသည်ပင် နိုင်ငံရေးသမားများ အချင်းချင်း ဆက်ဆံရာတွင် ထားရှိအပ်သော လူမှုပဋိညာဉ်ပင်ဖြစ်သည်။
မိမိတို့နိုင်ငံ၏ လူမှုပဋိညာဉ်ကို မိမိတို့နိုင်ငံသားများကသာ နားလည်နိုင်ပါလိမ့်မည်။ မိမိတို့နိုင်ငံ၏ ကာလရှည်ကြာ ဖြတ်သန်းလာခဲ့သော သမိုင်းကြောင်းအစဉ်အလာ ယဉ်ကျေးမှုများအရသာ သတ်မှတ်နိုင်ပါလိမ့်မည်။ အိုင်ဒီယိုလိုဂျီများ၊ သဘောတရားများ၊ ပုံတူကူးအတွေးအခေါ်များဖြင့် အထက်ဖော်ပြပါ လူမှုပဋိညာဉ်များကို ပျက်ပြားအောင် ဆောင်ရွက်ခြင်းသည် နိုင်ငံသားနှင့် နိုင်ငံရေးသမားများအကြား ထားရှိအပ်သော ပဋိညာဉ်ကို ချိုးဖောက်သူများ ဖြစ်လာပါလိမ့်မည်။
သုံးသပ်
မျက်မှောက်ကာလအခြေအနေများအရ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများကို အမှီလိုက်နိုင်ရန်၊ ကျော်ဖြတ်နိုင်ရန်မှာ ၎င်းတို့ခြေတစ်လှမ်းလှမ်းလျှင် မိမိတို့အနေဖြင့် ခြေလှမ်းများစွာ လှမ်းရမည်၊ ပုံမှန်လမ်းလျှောက်ရုံသာမက အပြေးတစ်ပိုင်းဖြင့် ရုန်းကန်ရမည့်သဘော ရှိနေပါသည်။ ရွေးကောက်ပွဲများသို့ ၀င်လာလတ္တံ့သော နိုင်ငံရေးသမားများ သတိပြုလေ့လာ သုံးသပ်ကြည့်လျှင် ၂၀၁၀ အလွန် နိုင်ငံတော်သစ်၏ အလားအလာသည် မျက်မှောက်ကာလ ရှိထားနှင့်ပြီးဖြစ်သော ပြည်တွင်း၊ ပြည်ပ အခင်းအကျင်းများအရ လွန်စွာကောင်းမွန်နေသည်ကို တွေ့ရှိနိုင်ပါလိမ့်မည်။ နိုင်ငံတကာ ပထ၀ီနိုင်ငံရေးဗဟိုချက် အရွေ့နှင့် နိုင်ငံတကာဘဏ္ဍာရေးအကျပ်အတည်းမှ ရုန်းထလွတ်မြောက်နိုင်မှု၊ အနာဂတ်အလားအလာများအရ ၂၀၁၀ အလွန်တွင် ဖြစ်ပေါ်လာမည့် မိမိတို့နိုင်ငံတော်၏ အခင်းအကျင်းသစ်သည် မျက်မှောက်ကာလ စိန်ခေါ်မှုများကို ကြံ့ကြံ့ခံရင်ဆိုင်ဖြေရှင်းနိုင်စွမ်းရှိပြီး စိန်ခေါ်မှုများတွင် တစ်ပါတည်းတွဲလျက် ပါရှိနေသော အခွင့်အလမ်းများအားလုံးကို ရယူကာ အရှိန်အဟုန်ဖြင့် ထွန်းသစ်ပေါ်ထွန်းလာနိုင်ရန် အရေးကြီးသည်။
၂၀၁၀ အလွန်တွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဟူသော နိုင်ငံတော်၏ မဏ္ဍိုင်ကြီးများ ပြောင်းလဲသွားမည့် အပြောင်းအလဲကို နိုင်ငံတကာနိုင်ငံရေး၊ စီးပွားရေးပါဝါချိန်ခွင့်လျှာအရွေ့များ၊ မဟာဗျူဟာ ပထ၀ီနိုင်ငံရေးအရွေ့များ၊ အနာဂတ်အလားအလာအရွေ့များနှင့် ဟန်ချက်ညီ ထိန်းကျောင်းဆောင်ရွက်သွားနိုင်လျှင် အမြော်အမြင်ရှိရှိ ချိန်ဆကြိုးပမ်းဆောင်ရွက်သွားနိုင်လျှင် ဒေသတွင်းနှင့် နိုင်ငံတကာနိုင်ငံရေး၊ စီးပွားရေး မျက်နှာစာရှိ မိမိတို့နိုင်ငံ၏ ထိုက်တန်သောနေရာမှန်ကို အလျင်အမြန် ရရှိလာမည်မှာ သေချာပေါက်ပင်ဖြစ်သည်။ သို့သော် ဆိုခဲ့ပါ ပဋိညာဉ်များကိုတော့ မမေ့မလျော့သော သတိတရားဖ်ြင့ ဦးထိပ်ထားကြရန်၊ မချိုးဖောက်မိရန် လိုပါလိမ့်မည်။

(ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ ၅၊ အမှတ် ၅၁ နိုင်ငံရေးအချပ်ပိုမှ ပြန်လည်ကူးယူဖော်ပြပါသည်)
Monday, December 28, 2009
လာဖတ်သူတွေကို အားနာကြောင်းပါ
ကျွန်တော့်ကွန်ပျူတာမှာ USB Ports တွေ သုံးလို့မရတဲ့အတွက် ကွန်ပျူတာမှာ စာရိုက်ထားသမျှတွေကို စီဒီနဲ့ကူးပြီး ပို့စ်တင်နေရတာ အတော်ကြာပါပြီ။ Flash Drive အသုံးပြုလို့ရရင် ရိုက်ထားတဲ့စာတွေကို Send To လေးတစ်ချက်နှိပ်ပြီး သယ်လို့ရပေမယ့် စီဒီနဲ့လုပ်ရတာ အတော်လေးကို စိတ်ညစ်ဖို့ကောင်းပါတယ်။ ဘလော့ဂ်ကိုသံယောဇဉ်ရှိလွန်းလို့သာ လုပ်နေရတာ.. အဆင်မပြေတာကတော့ တော်တော့်ကို အဆင်မပြေတာပါ။ တနင်္ဂနွေနေ့ ညပိုင်းကတော့ အချိန်အားလေးလည်းရှိတုန်း ၀င်းဒိုးပြန်တင်လိုက်တယ်။ ဘာမှထူးမလာပါဘူး။ ပြစ်ချက်ရှာလို့လည်း မတွေ့တော့ ပိုပြီး စိတ်တိုပါတယ်။ ဒါနဲ့ အခြားဝင်းဒိုးတွေ တင်ကြည့်တယ်။ ထူးမခြားနားပါပဲ။ ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်းလုပ်နေရတာ စိတ်ကလည်းတို၊ လုပ်စရာရှိတဲ့အလုပ်တွေကိုလည်း မလုပ်နိုင်ဆိုတော့ ကိုယ့်ဒေါသနဲ့ကိုယ် မဖြစ်ချေဘူးဆိုပြီး သူငယ်ချင်းတွေဆီကို ယူလာခဲ့ပါတယ်။ ဒီနေ့ တစ်မနက်လုံး ၀ိုင်းဝန်းကလိကြသော်လည်း အဘယ်ကြောင့်မသိ၊ ကျွန်တော်၏ အနှီကွန်ပျူတာသည် ယခင်အတိုင်းသာ အာခံလျက်ရှိနေသေးပေ၏။ သူ့ခမြာလည်း ကျွန်တော်ကလိသမျှကို (၇)နှစ်လောက် ထူပေထာပေခံလာရပြီးဖြစ်သည့်အတွက် ပင်ပန်းအိုမင်းနေပြီလားမသိ။
ဘာပဲဖြစ်ဖြစ် ကျွန်တော့်ဘလော့ဂ်ကို လာဖတ်ကြတဲ့လူတွေကို ကျေးဇူးတင်ပါသည်။ အခုတလော ကွန်ပျူတာလေး အဆင်မပြေသေးသည့်အတွက် ပို့စ်တင်ရန် အခက်အခဲရှိပါသည်။ ရုံးရောက်တဲ့အချိန်လေးမှာ ရလောက်ပို့စ်လေးတွေရေးပြီး တင်ပေးပါ့မည်။ ယခင်လို ဖွယ်ဖွယ်ရာရာလေးတွေ မဖတ်ရလျှင် နားလည်ပေးကြပါရန် အသိပေးပါကြောင်း။

ကိုဉာဏ်
၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်၊ တနင်္လာနေ့။
ည ၈ နာရီ ၅၆ မိနစ်။
၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်၊ တနင်္လာနေ့။
ည ၈ နာရီ ၅၆ မိနစ်။
Sunday, December 27, 2009
ထိတွေ့ဆက်ဆံရေး စည်းမျဉ်းသုံးပါး - မောင်စူးစမ်း
ရှဲဒိုး
မြန်မာ့နိုင်ငံရေးတွင် ထိတွေ့ဆက်ဆံရေးဆိုသော အယူအဆ ခေတ်စားလာသည်။ သို့သော် ဤအတွက် စည်းမျဉ်းမရှိသေးပေ။ နိုင်ငံရေးလောကအတွက်သာ မရှိသေးသော်လည်း ဘိဇနက်စီမံခန့်ခွဲမှုတွင်မူ Rules of Engagement သုံးပါးရှိသည်။ ယင်းတို့မှာ
(၁) ဘော့စ်၏ အမြင်ကို နားလည်ပါ
(၂) ကန့်သတ်ချက်တို့ကိုသိပါ နှင့်
(၃) ရှဲဒိုးအဖွဲ့အစည်းတို့ကို စီမံခန့်ခွဲပါတို့ဟူ၍ ဖြစ်သည်။
အောက်လေးဆင့်
ဘော့စ်နေရာတွင် "ထိပ်ပိုင်းအာဏာအရှိဆုံးသူ" ဟု အစားထိုးသုံးစွဲလျှင် နိုင်ငံရေးလောကအတွက်လည်း ဤသုံးပါးသည် အကျုံးဝင်သွားလိမ့်မည်ဟု ယူဆသည်။ ရှဲဒိုးအဖွဲ့အစည်းတို့ဆိုသည်မှာ မမြင်ရသောကွန်ရက်နှင့် တန်ဖိုးတို့ကို ရည်ညွှန်းသည်။ တစ်နည်းပြောလျှင် ပုန်းလျှိုးဝှက်လျှိုးနေသော မဟာမိတ်နိုင်ငံရေး အစစ်အမှန်တို့နှင့် ထိတွေ့ဆက်ဆံရန် လိုအပ်ခြင်းဖြစ်သည်။
ထိတွေ့ဆက်ဆံရေးကိစ္စကို ဆောင်ရွက်လျှင် ရင့်ကျက်မှုနှင့် ဉာဏ်ပညာလိုသည်။ အသွင်ကူးပြောင်းရေးကာလတွင် ဤသို့ ပိုပြီးလိုအပ်သည်။ ဂျာမန်တို့သည် တစ်ခုခုဖြစ်လျှင် "ဘာကြောင့်" "Why" ကို ငါးကြိမ်မေးတတ်သည်။ အကြောင်းမူ အကြောင်းတရားသည် အပေါ်ယံ၏ အောက်လေးဆင့်၌ ရှိသည်ဟု ယုံကြည်သောကြောင့် ဖြစ်သည်။

မောင်စူးစမ်း
အညွှန်း - Harvard Business Review
အညွှန်း - Harvard Business Review
(The Voice Weekly ဂျာနယ် အတွဲ ၆၊ အမှတ် ၈ မှ ပြန်လည်ကူးယူဖော်ပြပါသည်)
ဒီသတင်းတွေ ဖတ်လိုက်ရတယ်
(၁) ယူကရိန်းပြည်ထဲရေးဝန်ကြီးကို အတိုက်အခံပါတီအမတ် လက်သီးဖြင့်ထိုး
(၂) ပါလက်စတိုင်း အကျဉ်းသား ၁၀၀၀ နှင့် အစ္စရေးစစ်သားတစ်ဦးလဲလှယ်ရေး အစ္စရေးအစိုးရ မဆုံးဖြတ်နိုင်သေး
(၃) ဖိလစ်ပိုင်သူပုန်မများ သတင်းစာဆရာဟန်ဆောင်၍ ရဲစခန်းကို ၀င်စီး
(၄) သိန်းထောင်ချီတန် အိမ်ခြံမြေများ ဈေးနှုန်းကျရိပ်ပြ
(၅) ၂၀၁၀ ပြည့်နှစ် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် တစ်သန်းအထိ လာဖွယ်ရှိဟုဆို
(၆) မြန်မာနိုင်ငံ ပထမဆုံး ပြိုင်ကားမောင်းပြိုင်ပွဲ နိုင်ငံခြားသားများ ယှဉ်ပြိုင်ဖွယ်ရှိ
(၈) ထိုင်းအမျိုးသမီးအသင်းတွင် အမျိုးသားတစ်ဦးပါဝင်မှု MFF ကန့်ကွက်စာတင်မည်
(၉) မြန်မာ့ဆိုင်းဝိုင်းများတွင် အနောက်တိုင်းတူရိယာမသုံးရန် ညွှန်ကြားချက်ငါးခုထုတ်ပြန်
(၁၃) တရုတ်ဆလွန်း ၁၀၆ စီး ပထမဦးဆုံးအကြိမ် နယ်စပ်မှ တင်သွင်းမည်
(၁၄) ရိုင်ယန်ဂစ်သာလျှင် ဆယ်စုနှစ်၏ အကောင်းဆုံးဘောလုံးသမားဟု အာစင်ဝင်းဂါး သတ်မှတ်
ဒီအပတ် The Voice ဂျာနယ်ဖတ်မိတဲ့အထဲက စိတ်ဝင်စားမိတဲ့ သတင်းလေးတွေပါ။ တချို့သတင်းလေးတွေဆိုရင် အတွေးတွေ တသီကြီးကျန်ခဲ့ရတယ်။ သတင်းတစ်ခုကိုဖတ်ပြီး ဘာကြောင့်လဲ၊ ဘာတွေဆက်ဖြစ်လာနိုင်သလဲ ဆိုတာကို စဉ်းစားရတာ စိတ်ဝင်စားပြီး ပျော်ဖို့ကောင်းတယ်ဗျ။

- ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ကျင်းပမည်
- ၀င်ကြေး - ၅၀၀၀၀ ကျပ်
- ပထမဆု - ကျပ် ၁၀ သိန်း, ဒုတိယဆု - ကျပ် ၅ သိန်း, တတိယဆု - ကျပ် ၁ သိန်း
(၈) ထိုင်းအမျိုးသမီးအသင်းတွင် အမျိုးသားတစ်ဦးပါဝင်မှု MFF ကန့်ကွက်စာတင်မည်
(၉) မြန်မာ့ဆိုင်းဝိုင်းများတွင် အနောက်တိုင်းတူရိယာမသုံးရန် ညွှန်ကြားချက်ငါးခုထုတ်ပြန်
- မြန်မာ့ရိုးရာဆိုင်းအဖွဲ့များသည် မြန်မာဆိုင်းသမားစဉ်အတိုင်း တီးခတ်ရမည်။
- မြန်မာ့ရိုးရာဆိုင်းဝိုင်းကြီးများနှင့် အနောက်တိုင်းတူရိယာများဖြစ်သော အော်ဂင်၊ ကီးဘုတ်၊ ဘင်သီဆိုက်ဇော၊ ဒရမ်ဆက်၊ ဂီတာ၊ အနောက်တိုင်း လေမှုတ်တူရိယာများ၊ မြန်မာ့ရိုးရာနှင့် မကိုက်ညီသော တူရိယာများနှင့် တွဲဖက်အသုံးပြု တီးမှုတ်ဖျော်ဖြေခြင်း မပြုရန်။
- မြန်မာ့ရိုးရာဆိုင်းဝိုင်းကြီးနှင့် တွဲဖက်သီဆိုသော အဆိုတော်များသည် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်သော ဟီရိသြတ္တပတရားကင်းမဲ့သည့် လျှပ်ပေါ်လော်လီသော သရုပ်ပျက်ဝတ်စားဆင်ယင်ခြင်းများကို မပြုလုပ်ရန်။
- မြန်မာ့ရိုးရာဆိုင်းဝိုင်း ဖျော်ဖြေတင်ဆက်မှုတွင် ဆိုင်းအဆိုတော်များသည် ဆိုင်းဝိုင်းကြီးရှေ့တွင် သီဆိုဖျော်ဖြေခြင်း မပြုလုပ်ရန်။
- မြန်မာ့ရိုးရာဆိုင်း ဖျော်ဖြေမှု၌ လျှပ်စစ်မီးဆလိုက်များနှင့် အသံချဲ့စက်များကို တွဲဖက်အသုံးပြုနိုင်ပြီး မြန်မာ့ရိုးရာဆိုင်း ဖျော်ဖြေတင်ဆက်ပွဲများ၌ မြန်မာ့ရိုးရာဆိုင်းဝိုင်းကြီးကို စင်မြင့်ပေါ်တင်၍ ဇာတ်ခုံပြင်ဆင်မွမ်းမံခြင်းကို ပြုလုပ်နိုင်သည်။
- အဖောချဆီးဆေး
- ခို အမှတ်တံဆိပ် နှလုံးအားတိုးဆေး
- အာယုဒီဃသြသဓ (ဇော်ဂျီပုံတံဆိပ်)
- ဂေါမုတ္တ ကြက်ညှာကျဗဟုံးဆေး
- ဒေါ်ရွှေသွေးဆေး
- နန်းတွင်းသိင်္ဂီသက်စောင့်ဆေးကြီး
- ဘွမ်ဘရိုင်မီးယပ်သွေးလေဆေးမှုန့်
- သဇင်ဥသွေးဆေး
- ဆင်လင်းအောင် အဖြေကျော်ဆေး
- ဥဒေါင်းမင်းတံဆိပ် အဖျားအမျိုးမျိုးနှင့် ငှက်ဖျားအမြစ်ဖြတ်ဆေးကြီး
- ဆာဒူးကြီးအမှတ်တံဆိပ် ဆေး(၄)မျိုး
- China National Petroleum Corporation (CNPC)
(၁၃) တရုတ်ဆလွန်း ၁၀၆ စီး ပထမဦးဆုံးအကြိမ် နယ်စပ်မှ တင်သွင်းမည်
(၁၄) ရိုင်ယန်ဂစ်သာလျှင် ဆယ်စုနှစ်၏ အကောင်းဆုံးဘောလုံးသမားဟု အာစင်ဝင်းဂါး သတ်မှတ်
ဒီအပတ် The Voice ဂျာနယ်ဖတ်မိတဲ့အထဲက စိတ်ဝင်စားမိတဲ့ သတင်းလေးတွေပါ။ တချို့သတင်းလေးတွေဆိုရင် အတွေးတွေ တသီကြီးကျန်ခဲ့ရတယ်။ သတင်းတစ်ခုကိုဖတ်ပြီး ဘာကြောင့်လဲ၊ ဘာတွေဆက်ဖြစ်လာနိုင်သလဲ ဆိုတာကို စဉ်းစားရတာ စိတ်ဝင်စားပြီး ပျော်ဖို့ကောင်းတယ်ဗျ။
Saturday, December 26, 2009
ကြည့်ဖြစ်ခဲ့သော မြန်မာဗီဒီယိုဇာတ်ကားများ (၂၅ ဒီဇင်ဘာ ၂၀၀၉)
(၁)
ဇာတ်ကားအမည် - ရေခဲဖြင့် လောင်ကျွမ်းသော
လပ်ကီးဆဲဗင်းဗီဒီယိုထုတ်လုပ်ရေးမှ မအေးအေးဝင်း စီစဉ်သည်။
ဇာတ်ညွှန်း - အောင်ကြီး
ဇာတ်လမ်း နှင့် ဒါရိုက်တာ - မောင်မျိုးမင်း (ရင်တွင်းဖြစ်)
သရုပ်ဆောင်များ - လူမင်း၊ မို့မို့မြင့်အောင်၊ န၀ရတ်၊ ၀ိုင်းစုခိုင်သိန်း၊ ဆန်းထွဋ်၊ ကျော်ဇင်ထွဋ်၊ ရဲမွန်၊ ဦးရဲမောင်၊ ဒေါ်နှင်းဆီ၊ ဒေါ်တင်တင်လှ
ဇာတ်လမ်းသဘော
စင်ကာပူတွင် အလုပ်သွားလုပ်သော ဆန်းထွဋ်က အလုပ်ခွင်တွင် မတော်တဆသေဆုံးသွားသည်။ သူက အေးအေးဆေးဆေး ရိုးရိုးကုပ်ကုပ်သမား။ မိခင်နှင့် မိန်းမ ကျန်ရစ်ခဲ့သည်။ ထိုနိုင်ငံတွင်ပင် ကျောင်းသွားတက်သော မိုက်မိုက်ကန်းကန်း တဇွတ်ထိုး တစောက်ကန်း သူဌေးသား လူမင်းကလည်း မွေးရာပါနှလုံးရောဂါကြောင့် ခွဲစိတ်ကုသလိုက်ရသည်။ ကျန်ရစ်ခဲ့သူများ၏ ခွင့်ပြုချက်ဖြင့် ခိုင်ခန့်၏ နှလုံးကို အစားထိုးကုသလိုက်သည်။ ထိုအချိန်မှစ၍ လူမင်း၏ အပြုအမူနှင့် ခံစားချက်များ ပြောင်းလဲလာရပုံနှင့် ယိမ်းမြသာ (မို့မို့မြင့်အောင်)၏ ကွယ်လွန်သွားသည့်ချစ်သူအပေါ် မပြောင်းမလဲ ချစ်နေသေးသည့် အချစ်စိတ်ကို အံ့သြမိပုံ၊ ယိမ်းမြသာကလည်း သူ့ချစ်သူ၏ အသည်းနှလုံး လူမင်းထံတွင် ရှိနေသေးသည်ကို သူ့ချစ်သူ အသက်ဆက်လက်ရှင်သန်နေဆဲဟု ခံယူထားကာ တားဆီးပိတ်ပင်မှုများ၊ ဂရုစိုက်မှုများ၊ နောက်ဆုံးတွင် အဆုံးစွန်ထိ ခံစားချက်များ ဖြစ်လာရသောအခါ....။
ဝေဖန်သုံးသပ်ချက်
(၂)
ဇာတ်ကားအမည် - မောင်
ဝတ္ထု - လမင်းမိုမို
ဇာတ်ညွှန်း - ထပ်ဆင့်အကယ်ဒမီ ငြိမ်းမင်း
ဒါရိုက်တာ - စင်ရော်မောင်မောင် ခံစားတင်ပြသည်။
သရုပ်ဆောင်များ - နေတိုး၊ အိန္ဒြာကျော်ဇင်၊ ဂန္ထ၀င်၊ မြင့်မြင့်ခိုင်၊ ဒေါ်တင်တင်လှ၊ ဇင်မျိုး၊ မလုံးတင်
ဇာတ်လမ်းသဘော
ပြောမနေတော့ဘူး။ လူတိုင်းနီးနီး သိပြီးသားဇာတ်လမ်းမို့ပါ။

- လူတစ်ယောက်ဟာ နှလုံးခုန်ရပ်တဲ့အချိန်ကျမှ အသက်သေတယ်လို့ ပြောတယ်၊ စိတ်ဆိုတာ နှလုံးသားမှာရှိတယ်၊ အဲဒါကြောင့်လည်း နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေလို့ မေတ္တာပို့ကြတာပေါ့၊ လူတစ်ယောက်ကို ထိန်းချုပ်လွှမ်းမိုးထားတာက နှလုံးသားပဲ ဆိုတဲ့ အချက်ကလေးတွေက ရင်တွင်းဖြစ်ကြီး ပေးချင်တဲ့ message တွေလို့ ထင်ပါရဲ့ဗျာ။
- ဘာပဲပြောပြော သာမန်ဇာတ်လမ်းတစ်ခုမဟုတ်အောင် တီထွင်ဖန်တီးထားတယ်ဆိုတာကိုတော့ အသိအမှတ်ပြုပါတယ်။ အခုနောက်ပိုင်း ဇာတ်ကားတော်တော်များများမှာ မောင်မျိုးမင်း ပြချင်နေတာလည်း အဲဒါပဲလို့ ယူဆပါတယ်။ သာမန်ဇာတ်လမ်းမဟုတ်ဘဲ အတွေးဆန်းဆန်း၊ တင်ပြပုံဆန်းဆန်းလေးတွေနဲ့ ပရိသတ်ကို အသစ်တွေ ပေးနေတာ တွေ့ရပါတယ်။
- အားမနာတမ်းပြောရရင် ဒီဇာတ်ကားကို မောင်မျိုးမင်းသာ ကိုယ့်ဘာသာ ဇာတ်ညွှန်းခွဲရင် ဒီထက် ပိုကောင်းမလားလို့ပါ။ အခုတော့ ဇာတ်လမ်းက ကောင်းချင်သလိုလိုနဲ့ တစ်မျိုးကြီးဖြစ်နေတယ်။
- န၀ရတ်က ခပ်ဟော့ဟော့ သူဌေးသမီးကောင်မလေးတစ်ယောက် ပုံစံကို အကောင်းဆုံး သရုပ်ဆောင်သွားနိုင်တယ်။
- မို့မို့မြင့်အောင်ကတော့ အငယ်တွေနဲ့အပြိုင် အဓိကမင်းသမီးနေရာမှာ ပီပြင်အောင် သရုပ်ဆောင်သွားပါတယ်။ သရုပ်ဆောင်ကောင်းတာ မှန်ပေမယ့် တခြားမင်းသမီးနဲ့ဆို ပိုပြီးများ ကြည့်ကောင်းမလားလို့ပါ။ အခုတော့ လူမင်းနဲ့သူ့ကို တွဲပေးထားတော့ ဘယ်လိုကြီးမှန်းကို မသိဘူး။ မို့မို့မြင့်အောင်ဆိုတဲ့အရှိန်ကြီးကို ပျောက်သွားအောင် ယိမ်းမြသာက လုပ်မပြနိုင်ခဲ့ပါဘူး။
- လူမင်းကတော့ သူ့ထုံးစံအတိုင်း သူ့ဇာတ်ရုပ်ကို ပုံဖော်သွားနိုင်ပါတယ်။
- ပထမဆုံး အခန်းလေးတစ်ခန်းအတွက် ဆန်းထွဋ်ကို သုံးလိုက်တဲ့ စိတ်ကူးကိုလည်း နားမလည်နိုင်ဘူး။
- ဆန်းထွဋ်နဲ့ မို့မို့မြင့်အောင်က ဘာလဲဆိုတာကိုလည်း သေသေချာချာကို ကျွန်တော်နားမလည်ဘူး။ ချစ်သူလို့လည်းပြောတယ်။ တစ်အိမ်တည်းမှာလည်း အတူနေတယ်။ ယောက္ခမနဲ့ ချွေးမလို့လည်း သုံးနှုန်းတယ်။ ဖုန်းဆက်တဲ့အချိန်မှာ မြန်မြန်နီးချင်ပြီလို့လည်း ပြောတယ်။ ကျန်ရစ်သူက ခွင့်ပြုချက်ပေးတော့လည်း မို့မို့မြင့်အောင်က ပေးတယ်ဆိုတော့ သူ့မိန်းမသဘောမျိုးဖြစ်နေတယ်။ ထင်တဲ့အတိုင်းပြောရရင် Living Together ဖြစ်မယ်ထင်တယ်။ ခေတ်မီတာပဲလား မသိပါဘူး။
- အဆိုးဆုံးအခန်းကတော့ ၀ိုင်းစုခိုင်သိန်း တိုက်ပေါ်က ခုန်ချဖို့လုပ်ခါနီးမှာ လူမင်းကို အမှုမဖြစ်အောင်လို့ မှတ်တမ်းအနေနဲ့ ကင်မရာတစ်လုံး ချိန်ထားတယ်လို့ပြောတယ်။ ပြီးတော့သူတို့နှစ်ယောက် စကားတွေ အပြန်အလှန်ပြောကြတယ်။ အဲဒီအထိ အိုကေပဲ။ အဲ... နောက်ဆုံးအခန်းမှာ အဲဒီစကားပြောတာတွေကို ကင်မရာကနေ ရိုက်ထားတာကို လူမင်းက မို့မို့မြင့်အောင်ကို ပြန်ပြတဲ့အခန်းမှာကျမှ တစ်လုံးတည်းသော ကင်မရာက ဘေးကနေ၊ နောက်ကနေ၊ အောက်ကနေ၊ အပေါ်ကနေ ထောင့်ပေါင်းစုံကနေ ရိုက်ပြထားနိုင်တာကို တွေ့ရတော့ ကောင်းလိုက်တဲ့ကင်မရာလို့ပဲ ချီးကျူးရမလား၊ ရှော်လိုက်တဲ့ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာလို့ပဲ အော်ရမလား မသိတော့ပါဘူး။
- နောက်ဆုံးအခန်း ရဲအရာရှိက မို့မို့မြင့်အောင်ကို ခေါ်နေပုံကလည်း မဟုတ်သေးဘူးနဲ့တူပါတယ်။ အဖြစ်မလုပ်ကြပါနဲ့ဗျာ။ တစ်ခန်းတည်းဆိုပေမယ့် ရဲဝန်ထမ်းတွေအပေါ် ကြည့်နေသူတွေက တစ်မျိုးထင်သွားနိုင်ပါတယ်။
- ဘာအကန့်မှ ရှိလို့ မဟုတ်ဘူး။ သူဌေးတွေကို ပေါတောတော၊ နှာဘူးဖြစ်အောင်လုပ်တာတွေ၊ စာရေးဆရာဇာတ်ရုပ်ဆိုရင် ဆင်းရဲစုတ်ပြတ်ပြီး အရက်သမားပုံစံဖြစ်အောင် လုပ်တာတွေ၊ မန်နေဂျာဆိုတဲ့ကောင်တွေက ဖွန်ကြောင်တဲ့အလုပ်ပဲ လုပ်တတ်သယောင် ရိုက်ပြတာတွေကို ပြင်သင့်နေပြီလို့ ထင်လို့ပါ။ ရိုက်တဲ့လူတွေ မရင့်ကျက်၊ မပြည့်ဝတာကို ပြနေတယ်ဆိုတာကို ပြနေသလို ဖြစ်နေလို့ပါ။ ဆင်ဆာပေးတဲ့လူကလည်း အဲဒါမျိုးတွေကိုကျ စိတ်ဝင်စားပုံမရပါဘူး။
- ဘာပဲဖြစ်ဖြစ် ပုံမှန်ကြည့်နေကျဇာတ်လမ်းမျိုးတွေထဲကနေ ခွဲထွက်တင်ပြထားတဲ့ ဇာတ်လမ်းတစ်ခုအနေနဲ့ ကြည့်သင့်တယ်လို့ ညွှန်းချင်ပါတယ်။ (မောင်မျိုးမင်း မျက်နှာနဲ့ ဖြစ်ဖြစ်ပေါ့)
(၂)
ဇာတ်ကားအမည် - မောင်
ဝတ္ထု - လမင်းမိုမို
ဇာတ်ညွှန်း - ထပ်ဆင့်အကယ်ဒမီ ငြိမ်းမင်း
ဒါရိုက်တာ - စင်ရော်မောင်မောင် ခံစားတင်ပြသည်။
သရုပ်ဆောင်များ - နေတိုး၊ အိန္ဒြာကျော်ဇင်၊ ဂန္ထ၀င်၊ မြင့်မြင့်ခိုင်၊ ဒေါ်တင်တင်လှ၊ ဇင်မျိုး၊ မလုံးတင်
ဇာတ်လမ်းသဘော
ပြောမနေတော့ဘူး။ လူတိုင်းနီးနီး သိပြီးသားဇာတ်လမ်းမို့ပါ။
ဝေဖန်သုံးသပ်ချက်
- ပြောရမှာ အားနာတယ်။ ဒါပေမယ့် ပြောစရာရှိတာတော့ ကျွန်တော့်အမြင်အတိုင်း ပြောရမှာပဲ။ အားနာနာနဲ့ ပြောရမှာဆိုပါတော့။
- ဇာတ်ညွှန်း အင်မတန်ညံ့တယ်။ ကျွန်တော့်အထင်ပြောရရင် အများကြီးရိုက်ထားပြီးကာမှ အချိန်မကိုက်တဲ့အတွက် လျှော့ပစ်လိုက်ရတဲ့ ဇာတ်ဝင်ခန်းတွေတောင် ရှိနေမလားပဲ။ ဇာတ်ကွက်ချိတ်တာကလည်း ဘယ်လိုမှကို အဆင်မပြေဘူး။
- အခုမှကြည့်ဖူးတဲ့ လူငယ်တွေအတွက်တော့ သဘောကျချင်လည်း ကျနိုင်ပါတယ်။ အဲဒါကို ကျွန်တော်မသိဘူး။ ဒါပေမယ့် ကျွန်တော် ငါးတန်းခြောက်တန်းအရွယ်လောက်က ကြည့်ဖူးတဲ့ "မောင်" ဇာတ်ကားကို မေ့ပစ်သွားနိုင်အောင် ဒီဇာတ်ကားက မလုပ်ပြနိုင်တာတော့ အသေအချာပါပဲ။ ကျွန်တော့်လိုပဲ ကြည့်ဖူးတဲ့လူတွေကလည်း အဲဒီလိုဖြစ်မယ်ထင်ပါတယ်။ ဘာမှမသိသေးတဲ့ ကလေးတစ်ယောက်ကိုတောင် တသသစွဲနေအောင် လုပ်နိုင်ခဲ့တဲ့ "မောင်" ဇာတ်ကားကို အခုထိ ပြန်သတိရနေမိတယ်။
- အိန္ဒြာကျော်ဇင်က ယွန်းမှီမှီဇာတ်ရုပ်ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားလုပ်သွားနိုင်တယ်လို့ ဆိုပါစို့။ ကျန်တဲ့လူတွေက အရင်ဇာတ်ကားရဲ့ ဇာတ်ကောင်တွေကို တစ်ယောက်မှ မမီဘူး။ အထူးသဖြင့် နေတိုးပေါ့။ သူနဲ့ လုံးဝကို မလိုက်တဲ့ဇာတ်ရုပ်ပါ။
- စ၀်နေဗလဖြစ်တဲ့ ရန်အောင်ကို မျက်စိထဲမှာ စွဲနေတော့ နေတိုးသရုပ်ဆောင်နေတာတွေက ရယ်စရာကြီးဖြစ်နေတယ်။ ယွန်းမှီမှီဆိုတဲ့ မေသန်းနုက အခုထိ မျက်လုံးထဲမှာ လာပေါ်နေတော့ အိန္ဒြာကျော်ဇင်ကိုတောင် ကြည့်လို့မရဘူးဖြစ်သွားတယ်။
- အဆိုးဆုံးကတော့ "မောင်" သီချင်းကို ရေဗက္ကာဝင်းကို ဆိုခိုင်းထားတာပါပဲ။ မေဆွိဆိုထားတာကို ထည့်လိုက်ရင် ဘာဖြစ်မှာမို့လဲ။ အခုတော့ နောက်ခံသီချင်းနေရာမှာ မေဆွိအသံလေးထွက်လာရင် လူက ရင်ထဲမှာ သိမ့်ခနဲဖြစ်သွားရမှာကို ရေဗက္ကာဝင်းက ပေါတောတောနဲ့ ၀င်ဆိုထားတော့ သိမ့်ခနဲမဖြစ်ဘဲ ထောင်းခနဲဒေါသထွက်ပြီး ဒါရိုက်တာကို မေတ္တာပို့လိုက်မိတယ်။ မေဆွိဆိုထားတဲ့ "မောင်" နဲ့ အခု ရေဗက္ကာဝင်း ဆိုတဲ့ "မောင်" ဟာ ဆီနဲ့ရေလို ကွာတယ်ဆိုတာကို ပြန်ပြီး နားထောင်ကြည့်ကြပါဦးဗျာ။ "မောင်" ဆိုတာ မေဆွိရဲ့ အမှတ်အသားတစ်ခုလို့တောင် ပြောလို့ရတဲ့ သီချင်းဆိုတာကို ဒါရိုက်တာကြီး မေ့သွားတယ်ထင်ပါရဲ့။
- အားမနာတမ်းပြောရရင် ပရိသတ်တွေကို တင်ပြချင်တာထက် တစ်စုံတစ်ယောက်ကို အလွမ်းပြေအနေနဲ့ စင်ယော်ကြီး ဖန်တီးလိုက်တယ်လို့ ကျွန်တော်ကတော့ ထင်မိတာပါပဲ။
- ရန်အောင်နဲ့ မေသန်းနုတို့ရဲ့ "မောင်"ကို ခြေဖျားတောင် မမီပါကြောင်း အားနာနာနဲ့ ပြောရင်း...။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်၊ စနေနေ့။
နေ့လည် ၁ နာရီ ၃၅ မိနစ်တွင်ပြီး၏။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်၊ စနေနေ့။
နေ့လည် ၁ နာရီ ၃၅ မိနစ်တွင်ပြီး၏။
State (နိုင်ငံတော်)
နိုင်ငံတော်ကို အစိုးရနှင့် ရောထွေးပြောဆိုမှုများ ရှိသည်။ စင်စစ် နိုင်ငံတော်သည် အစိုးရတစ်ခုတည်းကိုသာ ခေါ်ဆိုခြင်းမဟုတ်ပေ။ အစိုးရဟူသည် လာလိုက်သွားလိုက်ဖြစ်မည်။ သို့သော် နိုင်ငံတော်ကမူ အစိုးရအပြောင်းအလဲနှင့် မဆိုင်ဘဲ ဆက်လက်ရှိနေမည်သာဖြစ်သည်။ အခြားနည်းပြောမည်ဆိုလျှင် နိုင်ငံတော်သည် လူထုအခြေပြု လူ့အဖွဲ့အစည်းနှင့် မသက်ဆိုင်ချေ။ လူထုအခြေပြုအဖွဲ့အစည်း (Civil Society) သည် အာဏာမရှိ။ နိုင်ငံတော်က အာဏာရှိသည်။ နိုင်ငံတော်သည် စနစ်တကျဖွဲ့စည်းထားသော အမြဲတမ်းအင်စတီကျူးရှင်းများဖြင့် အချုပ်အခြာအာဏာကို ထိန်းသိမ်းထားသည်။ သို့ဖြင့် နိုင်ငံတော်သည် ပုံသေနိုင်ငံရေးစနစ်တစ်စုံလုံးကို ဆိုလိုခြင်းဖြစ်သည်။ နိုင်ငံတော်ဟုခေါ်ဆိုသော သင်းပင်းအစုတွင် ပါဝင်သော အင်စတီကျူးရှင်းများမှာ ပါလီမန်၊ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့များ၊ တရားရုံးများ၊ လက်နက်ကိုင်တပ်များ၊ ရဲအဖွဲ့နှင့် ပြည်သူ့ဝန်ထမ်းအဖွဲ့များဖြစ်သည်။ သို့သော် တကယ်တမ်း အင်အားကြီးမားသော ဥပမာ-နိုင်ငံရေးပါတီများနှင့် အလုပ်သမားသမဂ္ဂများကဲ့သို့သော အဖွဲ့အစည်းများသည် နိုင်ငံတော်၏ အစိတ်အပိုင်းအဖြစ် မပါဝင်ချေ။ အဘယ်ကြောင့်ဆိုသော် ယင်းတို့သည် စည်းရုံးရေးသြဇာသာရှိပြီး အာဏာပိုင်အဖွဲ့အစည်းမျိုး မဟုတ်သောကြောင့် ဖြစ်သည်။ သို့သော် ဆိုဗီယက်ပြည်ထောင်စု တည်ရှိခဲ့စဉ်ကမူ ယင်းတို့၏ အလုပ်သမားသမဂ္ဂများသည် နိုင်ငံတော်၏ အစိတ်အပိုင်းအဖြစ် ပါဝင်သည်။ အဘယ်ကြောင့်ဆိုသော် ယင်းတို့အား ပါတီက ထိန်းချုပ်ထားပြီး အလုပ်သမားများအပေါ် အာဏာသက်ရောက်မှုရှိသောကြောင့် ဖြစ်သည်။ နိုင်ငံတော် (State)ကို အစိုးရဟု အချို့က လွဲမှားမှတ်ယူကြသည့်နည်းတူ အချို့ကလည်း နိုင်ငံ(country)၊ လူမျိုး(nation) တို့နှင့် ရောထွေးတတ်ကြသည်။ နိုင်ငံသည် ပထ၀ီနယ်နိမိတ် သတ်မှတ်ထားသော နယ်မြေဒေသအ၀န်းအ၀ိုင်းတစ်ခုကို ခေါ်ဆိုခြင်းဖြစ်သည်။ လူမျိုးသည် တူညီသော ယဉ်ကျေးမှု၊ ဇာတိရင်းမြစ်နှင့် သမိုင်းစဉ်လာရှိသည့် ပြည်သူများကို ခေါ်ဆိုခြင်း ဖြစ်သည်။
(ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ ၅၊ အမှတ် ၄၉၊ မောင်ဝံသ၏ ကမ္ဘာ့နိုင်ငံရေး ဝေါဟာရအဘိဓာန်မှ ကောက်နုတ်ကူးယူဖော်ပြပါသည်)
ပကတိတရားအလယ် စိတ္တဇကိုပယ် - စိုးမြင့်သိန်း
မရေးချင်တဲ့နိဒါန်း
အမှန်မှာတော့ ဒီလောက် ပြည်တွင်းစစ်နဲ့ အရေးအခင်း၊ အဖြစ်၊ အပျက်တရားတွေကို ဖြတ်သန်းပြီးတဲ့လူ (လူတွေဟာ) ဘာဖြစ်သင့်သလဲ၊ ဘာဖြစ်နိုင်သလဲ၊ ဘာလုပ်နိုင်ရင် ငြိမ်းချမ်းမလဲ သိသင့်ပါပြီ။
ခက်နေသည်က သိတဲ့လူက နှုတ်ဆိတ်နေပြီး မသိသူ(သိလျက် ဇွတ်တိုးမိုက်ချင်သူ) ပိုပြီးဆိုးတာက ကြီးမိုက်ကြီး လုပ်ချင်သူတွေက သင်္ကြန်အမြောက် ပစ်ဖောက်နေကြခြင်းပင်။
ကြည့်ပါဦး။ ဂျာနယ်ကြီးတစ်စောင်မှာ သတင်းစာဆရာကြီး (အမည်ခံ) တစ်ယောက်က ဓမ္မနဲ့အဓမ္မကြားမှာ Win-Win အဖြေမရှိနိုင်လို့ ရေးလွှတ်လိုက်ပြန်၏။ "ကြား" မရှိဘူးဆိုတဲ့ ၁၉၃၉ ဟိုးက ရုရှားခေါင်းဆောင်ကြီး လီနင်ရဲ့ ဗော်ရှီဗစ်သမိုင်းစာအုပ်ထဲက ကူးထည့်ထားတဲ့ လက်ဝဲတရားသေစကားပါ။ ဟုတ်သလိုလိုနဲ့ တကယ့် ဒိဋ္ဌိမိစ္ဆာအယူလွဲနေတဲ့ ဒဿနပါ။ တစ်ဖက်လူကို ဟစ်တလာနေရာမှာထားပြီး "ရန်/ငါ" က မှန်တယ်ကွလို့ လူမိုက်လူကြီးလေသံနဲ့ ရေးလိုက်တဲ့ မျက်ကန်းဆောင်းပါးပဲ။
အဲဒီလို သဘောထားတွေ ရှိနေသမျှ ဗုဒ္ဓကတော့ ရန်မငြိမ်းဘူးလို့ ဟောထားသဗျ။ ဓမ္မပဒမှာ ဖတ်ပါ။ စာမဖတ်သူကြီးရေ။
နိုင်ငံရေးမှာ တစ်ဖက်မှာ မိတ်ဆွေလို သဘောထားနိုင်ပါမှ တစ်ဖက်လည်း Win၊ ကိုယ်လည်း Win သဘောထား စိုက်ထူထားနိုင်မှ ယနေ့ မြန်မာပြည်ငြိမ်းချမ်းမယ်ဗျ။ ဖယ်ရှားပစ်ရေး/ ၀ိုင်းပယ်ရေး/ ဖြုတ်ထုတ်ရေးတို့ကတော့ ရှေးဟောင်းသူပုန်သကန် အတွေးအခေါ်လောက်ပါပဲ။ ဒါဟာ အမှိုက်သဘောတရားပဲ။ မြေမြှုပ်ပစ်ရမယ်။ စာမဖတ်ပေမဖတ် ယနေ့နိုင်ငံရေးအခြေအနေကို မလေ့လာ (သို့မဟုတ်) ဟီးရိုးအရဲကိုးစွန့်စား ပြည်သူတွေကို မီးနဲ့ကစားခိုင်းချင်ပြန်တဲ့ ပြည်တွင်းစစ်ပြန်ဖြစ်စေရေး မီးထိုးအဖျက်သမား အယူအဆပဲဗျ။
တစ်ချိန်တည်းမှာ ရဟန်းစာဆိုတစ်ပါးကတော့ "အရာရာ၌ ပြေလည်တာက အကောင်းဆုံးဖြစ်သည်။ ထို့ကြောင့် ပြေလည်စေချင်စိတ် ရှိရမည်။ ပြေလည်ရာ ပြေလည်ကြောင်း နည်းလမ်းကို ရှာရမည်။ ပြေလည်မည့် စကားလုံးကို ရွေးချယ်၍ ပြေလည်အောင် ပြောရမည်၊ ပြေလည်နိုင်သည့်အလုပ်ကို ရွေးချယ်၍ ပြေလည်အောင်လုပ်ရမည်…" လို့ ရေးလိုက်သည်။
စောစောက သတင်းစာဆရာကြီး(အမည်ခံ) ဆောင်းပါးနှင့် ယှဉ်တွဲဖော်ပြလို့။ ရေပွက်ပမာခဏဘ၀လေးမှာ ပြေလည်အောင် နေထိုင်သွားကြဖို့၊ နားလည်မှုရှိကြဖို့ နှိုးဆော်ပါသည်။ နားလည်မှုအလွန် အရေးကြီးကြောင်း (လုံးဝရာနှုန်းပြည့် အရေးကြီးကြောင်း) ဆရာတော်က ရေးပါသည်။ နားလည်မှုသည် အကောင်းဆုံး အေးဂျင့်၊ အောင်သွယ်၊ စေ့စပ်ပေးသူဟု ဆရာတော်က ရေးပါသည်။ နားလည်မှု တည်ဆောက်နိုင်လျှင် အလုပ်ဖြစ်မည်၊ အမှန်တော့ အလုပ်ဖြစ်ဖို့ အဓိကမဟုတ်ပါလားဟု… နားလည်မှုတည်ဆောင်နိုင်ကြပါစေဟု ဆရာတော်က ရေးသားလိုက်ပါသည်။ ကျေးဇူးတင်စွာဖြင့်… ဆရာတော်ကို ကန်တော့လိုက်ပါ၏။ ဆောင်းပါးနာမည်က "ပြေလည်မှုနှင့် နားလည်မှု"။
ရေးချင်တဲ့ နိဒါန်း
တစ်ခါ ဆေးတက္ကသိုလ် ဒဿန ပါမောက္ခတစ်ဦးရဲ့ "နိုင်ငံရေးကျင့်ဝတ်" ဆိုတဲ့စာအုပ်ကို ဖတ်မိတော့ ထူးထူးခြားခြား သွားတွေ့တာက "နိုင်ငံတွေ နိုင်ငံတွေမှာ နိုင်ငံရေးသမားတွေ… နိုင်ငံရေးသမားတွေဟာ အဲဒီနိုင်ငံတွေက အစိုးရတွေ ဘာမလုပ်နိုင်ဘူးလဲ… ဘာမကောင်းဘူးလဲ ဆိုတာလောက်သာ ထောက်ပြပြောဆို ရေးသားနေကြပြီး ဘာလုပ်ပေးခဲ့သလဲ၊ ဘာလုပ်နိုင်သလဲ၊ ဘာကောင်းခဲ့သလဲ လုံးဝမရှုမြင် မပြောဆို မရေးသားဘဲနေတာဟာ နိုင်ငံရေးကျင့်ဝတ်မှား" ပဲလို့ ရေးထားတာ ဖတ်ရသဗျ။
ဟုတ်ကဲ့။ ယနေ့ မြန်မာ့နိုင်ငံရေးနဲ့ ချိန်ထိုးစဉ်းစားကြဖို့ လိုပါမည်။
ကျွန်တော် ၆၂ နှစ်။ ၈၂ နှစ်သမားတွေကို ဆရာမလုပ်လိုပါ။ မလုပ်ကောင်းပါ။ သို့သော် လမ်းချော်နေတာတွေ့လို့ ဟေ့ဟေ့… လို့ သတိပေး ရေးသားလိုက်ပါသည်။ ကျန်းမာချမ်းသာကြပါစေ။
စာကိုယ်ရေးပါတော့မည်
အတွဲ ၅၊ အမှတ် ၄၈၊ ရန်ကုန်တိုင်းမ် နိုင်ငံရေးအချပ်ပိုမှာ ဆရာမောင်စူးစမ်းက "ပကတိအဖြစ် စိတ္တဇဖြင့် မကြည့်ထိုက်" ဆိုတဲ့ ဆောင်းပါးကို ရေးသည်။ ယင်း၏ အာဘော်မှာ တော်လှန်ရေးလား၊ ပြုပြင်ရေးလား ဆိုတဲ့မေးခွန်း ပြန်ပေါ်နေပြန်သည်။ တစ်ခေတ်ကလည်း ဆိုရှယ်လစ်စနစ်ကို တော်လှန်ရေးနှင့် သွားရမည်။ ပြုပြင်ရေးနှင့် သွားရမည် ငြင်းခုံခဲ့ကြသည်။ ယခုလည်း ဒီမိုကရေစီကို အကြမ်းဖက် တော်လှန်ရေးနှင့် သွားလို့မရနိုင် (ပိုဆိုးသွားမည်)။ ရွေးကောက်ပွဲနှင့် လွှတ်တော်နှင့်သာ သွားရမည်။
ယနေ့မြန်မာနိုင်ငံရေးသည်လည်း ရွေးကောက်ပွဲနိုင်ငံရေးနှင့် လွှတ်တော်နိုင်ငံရေးဖြင့်သာ ဒီမိုကရေစီရနိုင်သည်။ ယင်းဖိုရမ်သာ အမှန်ဆုံး အမှန်တရား။ အခြားနည်းလမ်းတို့ဖြင့် ဒီမိုကရေစီ မရနိုင်ဟု မောင်စူးစမ်းက ယုံကြည်။
မောင်စူးစမ်းကိုယ်တိုင် ကွန်မြူနစ်ဖြစ်ခဲ့စဉ်က ရွေးကောက်ပွဲနှင့် လွှတ်တော်ကို ဘူဇွာမှိုင်းဟု သတ်မှတ်ခဲ့ဖူးသည်။ ပါတီကလည်း ရွေးကောက်ပွဲကို ဆန့်ကျင်သည်၊ ဗမာပြည်ကွန်မြူနစ်ပါတီ။ ရွေးကောက်ပွဲကို ဆန့်ကျင်ခြင်းသည် လူထုကို ဆန့်ကျင်ခြင်းဖြစ်သည်။
ရွေးကောက်ပွဲ ဒီမိုကရေစီနှင့် လက်နက်ကို လဲခဲ့သည်။ (မောင်စူးစမ်း)
အကျိုးစီးပွားအားလုံး ညှိနှိုင်းပေးအယူလုပ်ရာ ဖိုရမ်သည် ရွေးကောက်ပွဲနှင့် လွှတ်တော်တို့သာ ဖြစ်ရမည်။ ဤသည်မှာ အခြေခံယုတ္တိဖြင့် ကြည့်ခြင်းဖြစ်သည်။ စိတ္တဇတန်ဖိုးဖြတ်နည်း မဟုတ်။ No Subjective Valuation ဟု ပြောရမည်။
နိုင်ငံရေးနှင့် ပတ်သက်သူတို့ ရွေးကောက်ပွဲကို ဆန့်ကျင်လျှင် အခြားအစားထိုးစရာ ရွေးချယ်စရာ နည်းလမ်းကို လောက်လောက်လားလား ပြသနိုင်ရမည်။ Viable Alternative ချပြနိုင်ရမည်။ အစားထိုးရွေးချယ်စရာ မပြနိုင်ဘဲ ရွေးကောက်ပွဲကို မျက်စိမှိတ်ဆန့်ကျင် ဟောပြောရေးသားလျှင် ယင်းသည် လူထုအား ထွက်ပေါက်ပိတ်လမ်းထဲ မောင်းသွင်းသလို ဖြစ်မည်။ နိုင်ငံရေးမှာ အသေပိတ်မကစားရ။
လက်ရှိအခြေအနေသည် ဒြပ်မဲ့ယေဘုယျတရား ဟောကြားနေဖို့ အခါမဟုတ်။ လက်တွေ့ပကတိတရားအလယ် ဆုပ်ကိုင်နိုင်သောအရာကို သေချာပြောရမည့်အချိန်။ Issue Oriented Debate ဟု ခေါ်ရမည်။
အလှတန်ဆာဆင် ဟန်ရေးပြင် လုပ်နေဖို့မဟုတ်။ လုပ်ရပ်မှန်ဖို့ လိုရင်း။ ယေဘုယျ ဒြပ်မဲ့စကားများဖြင့် (လူပြိန်းကြိုက်ဖြင့်) သွေးတိုးစမ်းခြင်း၊ တီးခေါက်ကြည့်ခြင်း၊ မေးစမ်းဖြေစမ်း၊ ကြည့်ခြင်းတို့ လုပ်နေရမည့်အချိန် မဟုတ်တော့။ ပုစ္ဆာက ရှင်းနေ၏။
၂၀၁၀ ရွေးကောက်ပွဲကို ဘယ်လိုသဘောထားသလဲ။ ၂၀၁၀ ရွေးကောက်ပွဲသည် တစ်ခုတည်းသော ဖြစ်စဉ်ပကတိတရား၊ နောက်ဆုတ်သွားလို့ မရတော့။ ဤဖြစ်စဉ်သည် ယနေ့မြန်မာ့နိုင်ငံရေး ပကတိတရားဖြစ်သည်။ (စိတ္တဇ ကြည့်မြင်နည်းကို ပယ်ကြစို့…)
အနှစ်ချုပ်
ရွေးကောက်ပွဲ ဆန့်ကျင်ရေးသည် လူထုဆန့်ကျင်ရေးဖြစ်သည်။
ရွေးကောက်ပွဲနှင့် လွှတ်တော်နိုင်ငံရေးက အကြမ်းဖက်လမ်းစဉ်ကို လက်မခံ။
ရွေးကောက်ပွဲနှင့် လွှတ်တော်သည်သာ ငြိမ်းချမ်းသော အကောင်းဆုံးဖိုရမ်..
ဟူ၍ ဖြစ်ပါသည်။
အလုံးစုံနားလည်အောင် ဒါတွေကို ပြန်ဖတ်ပါ…
၁။ ဓမ္မနဲ့အဓမ္မကြားမှာ ၀င်း-၀င်း အဖြေရှိနိုင်သလား - လူထုစိန်ဝင်း
၂။ ပြေလည်မှုနှင့် နားလည်မှု - အရှင်ဓမ္မပိယဆရာတော်
၃။ ပကတိအဖြစ် စိတ္တဇဖြင့် မကြည့်ထိုက် - မောင်စူးစမ်း

(Northern Star ဂျာနယ် အမှတ် ၄၆ မှ ပြန်လည်ကူးယူဖော်ပြပါသည်)
အလုံးစုံနားလည်အောင် ဒါတွေကို ပြန်ဖတ်ပါ…
၁။ ဓမ္မနဲ့အဓမ္မကြားမှာ ၀င်း-၀င်း အဖြေရှိနိုင်သလား - လူထုစိန်ဝင်း
၂။ ပြေလည်မှုနှင့် နားလည်မှု - အရှင်ဓမ္မပိယဆရာတော်
၃။ ပကတိအဖြစ် စိတ္တဇဖြင့် မကြည့်ထိုက် - မောင်စူးစမ်း
မြန်မာ့နိုင်ငံရေးအပေါ် သက်ရောက်ခဲ့သည့် ၂၀၀၉ ခုနှစ်၏ ထူးခြားသော နိုင်ငံရေးဖြစ်ရပ်များ
- ၂၀၁၀ တွင် ရွေးကောက်ပွဲများ ကျင်းပပြုလုပ်ပေးမည့်အကြောင်းကို (၆၄)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြောကြားခဲ့သည်။
- ဇူလိုင်လ ၃ ရက်တွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းနှင့်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်လည်းကောင်း၊ နိုင်ငံရေးပါတီ (၁၀) ဖွဲ့နှင့်လည်းကောင်း၊ မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးရယူထားသော အဖွဲ့ (၇)ဖွဲ့နှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့သည်။
- သြဂုတ်လ ၁၁ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန်ယက်တောအမှုကိစ္စ အပြီးသတ်စီရင်ချက် ချမှတ်ခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်းနှင့် ဒေါ်ဝင်းမမတို့အား အလုပ်နှင့်ထောင်ဒဏ် သုံးနှစ်၊ မစ္စတာဂျွန်ယက်တောအား အလုပ်နှင့်ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခဲ့ရာတွင် မစ္စတာဂျင်မ်ဝက်ဘ်၏ မေတ္တာရပ်ခံမှုကြောင့် မစ္စတာဂျွန်ယက်တောအား ပြန်လွှတ်ပေးခဲ့ပြီး နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌက ၂၀၀၉ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့စွဲဖြင့် ဒေါ်အောင်ဆန်းစုကြည်အား တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ပါက ကျခံရန်ရှိသော ပြစ်ဒဏ်အား ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေအရ လျှော့ပေါ့ပြောင်းလဲခြင်း၊ ဆိုင်းငံ့ခြင်းနှင့် ကောင်းမွန်စွာနေထိုင်ပါက လွတ်ငြိမ်းချမ်းသာခွင့်ဆိုင်ရာ ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။
- သြဂုတ် ၁၄ ရက်တွင် အမေရိကန်အထက်လွှတ်တော်အမတ် မစ္စတာဂျင်မ်ဝက်ဘ် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီး ယင်းခရီးစဉ်အတွင်း သြဂုတ် ၁၅ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။
- ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(၁)အရ ဒသမအကြိမ်မြောက် အကျဉ်းသူ၊ အကျဉ်းသား ၇၁၁၄ ဦးကို စက်တင်ဘာ ၁၇ ရက်တွင် နိုင်ငံတော်အစိုးရက လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး ၂၀၀၉ ဖေဖော်ဝါရီ ၂၀ ရက်တွင်လည်း န၀မအကြိမ်မြောက်အဖြစ် အကျဉ်းသား ၆၃၁၃ ဦးကို လွှတ်ပေးခဲ့သဖြင့် ၂၀၀၉ ခုနှစ်အတွင်း နှစ်ကြိမ်တိုင်တိုင် အကျဉ်းသား ၁၃၄၂၇ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။
- စက်တင်ဘာ ၂၆ ရက်တွင် (၆၄)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် တက်ရောက်ခဲ့သည်။
- ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၉ ခုနှစ် စက်တင်ဘာ ၂၅ ရက်စွဲဖြင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌထံ လိပ်မူ၍ စာရေးသားပေးပို့ခဲ့သဖြင့် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် အောက်တိုဘာ ၃ ရက်တွင် တွေ့ဆုံခဲ့သည်။
- ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် အောက်တိုဘာ ၇ ရက်တွင် ရန်ကုန်၌ ဒုတိယအကြိမ် ထပ်မံတွေ့ဆုံခဲ့ပြီး ယင်းတွေ့ဆုံမှုသည် ၂၀၀၉ ခုနှစ်အတွင်း ဒုတိယအကြိမ်ဖြစ်သည်။
- နိုဝင်ဘာလ ၃ ရက်တွင် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဌာန လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာကာ့တ်ကင်းဘဲလ် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့်လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်းကောင်း၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့်လည်းကောင်း တွေ့ဆုံခဲ့သည်။
- နိုဝင်ဘာ ၈ ရက်တွင် ဥပဒေဘောင်အတွင်း ၀င်ရောက်လာသော တိုင်းရင်းသားအဖွဲ့အစည်းများအား နိုင်ငံတော်၏ တရားဝင်လက်နက်ကိုင်ဆောင်သည့် နယ်ခြားစောင့်တပ်များအဖြစ် တာဝန်ထမ်းဆောင်နိုင်ရေး အစီအစဉ်အရ ကချင်ပြည်နယ်၊ ဂန့်တွင်း၊ လုစီ၊ စပ်ကြိုင်ဒေသတို့၌ ကချင်ပြည်နယ် အထူးဒေသ(၁) NDAK အဖွဲ့ကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲခဲ့ပြီး တစ်ချိန်တည်းမှာပင် ကယားပြည်နယ်အထူးဒေသ(၂) (ကလလတ)အဖွဲ့ကိုလည်း ကယားပြည်နယ် ပန်တိန်းနှင့် စွပ်ပိုင်ဒေသများတွင် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။
- ဒီဇင်ဘာ ၄ ရက်တွင် နိုင်ငံတော်၏ တရားဝင်လက်နက်ကိုင်ဆောင်သည့် နယ်ခြားစောင့်တပ်များအဖြစ် အသွင်ကူးပြောင်းမှု အစီအစဉ်အရ ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ(၁) ကိုးကန့်အဖွဲ့ကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။
(ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ ၅၊ အမှတ် ၄၉ မှ ပြန်လည်ကူးယူဖော်ပြပါသည်)
နိုင်ငံရေးအဆိုအမိန့်များ - မောင်ဝံသ
Liberalism is trust of the people tempered by prudence. Conservatism is distrust of the people tempered by fear.
When I was a boy I was told that anybody could become President; I'm beginning to believe it.
George Washington is the only president who didn't blame the previous administration for his troubles.
Truth is not determined by majority vote.
The Democrats are the party that says government will make you smarter, taller, richer, and remove the crabgrass on your lawn. The Republicans are the party that says government doesn't work and then they get elected and prove it.
A conservative is a man who believe that nothing should be done for the first time.
Why pay money to have your family tree traced; go into politics and your opponents will do it for you.
Some men change their party for the sake of their principles; others their principles for the sake of their party.
If God had been a Liberal there wouldn't have been Ten Commandments, there would have been Ten Suggestions.
William E. Gladstone, 1866
လစ်ဘရယ်ဝါဒဆိုတာ ဆင်ခြင်တုံတရား အသားကျနေသူတွေရဲ့ ယုံကြည်မှုဖြစ်တယ်။ ကွန်ဆာဗေးတစ်ဝါဒဆိုတာ ကြောက်ရွံ့ခြင်း အသားကျနေသူတွေရဲ့ မယုံကြည်မှုဖြစ်တယ်။ဝီလျံဂလက်စတုန်း
When I was a boy I was told that anybody could become President; I'm beginning to believe it.
Clarence Darrow
ကျွန်တော် ငယ်ငယ်တုန်းက ကြားဖူးတယ်။ လူတိုင်းဟာ သမ္မတ ဖြစ်နိုင်တယ်တဲ့။ အခု ကျွန်တော်အဲဒါကို ယုံကြည်စပြုလာပြီ။ကလဲရင့်ဒါရိုး
George Washington is the only president who didn't blame the previous administration for his troubles.
Author Unknown
မိမိရင်ဆိုင်ရတဲ့ ဒုက္ခတွေအတွက် မိမိအရင် အစိုးရကို အပြစ်မတင်တဲ့ တစ်ဦးတည်းသော သမ္မတကတော့ ဂျော့ဝါရှင်တန်ပါပဲ။အမည်မသိ
Truth is not determined by majority vote.
Doug Gwyn
အမှန်တရားဆိုတာ အများစုမဲနဲ့ ဆုံးဖြတ်လို့မရ။ဒေါက်ဂွင်း
The Democrats are the party that says government will make you smarter, taller, richer, and remove the crabgrass on your lawn. The Republicans are the party that says government doesn't work and then they get elected and prove it.
P.J.O'Rourke
သူတို့ပါတီ အစိုးရဖြစ်လာရင် ခင်ဗျားတို့ကို ပို၍ကောင်းမွန်အောင်၊ ပို၍ မြင့်မားအောင်၊ ပို၍ ချမ်းသာအောင် လုပ်ပေးမယ်။ ခင်ဗျားခြံထဲက မြက်တွေကို ရှင်းပေးမယ်လို့ပြောတာ ဒီမိုကရက်တွေ။ အစိုးရက ဘာမှမလုပ်ဘူးလို့ပြောပြီး ရွေးကောက်တင်မြှောက်ခံရတဲ့အခါ အဲဒီအတိုင်း သက်သေပြသူတွေက ရီပက်ဘလေကန်တွေ။ပီဂျေအိုရော့ကဲ
A conservative is a man who believe that nothing should be done for the first time.
Alfred Wiggam
ကွန်ဆာဗေးတစ်ဆိုတာ ပထမဦးဆုံး ဘာမှ လုပ်စရာမလိုဘူးလို့ ယုံကြည်သူကို ခေါ်တယ်။အဲဖရက်ဝစ်ဂမ်း
Why pay money to have your family tree traced; go into politics and your opponents will do it for you.
Author Unknown
ခင်ဗျားရဲ့ ဆွေစဉ်မျိုးဆက်ဇယားခြေရာကောက်ဖို့ ဘာကြောင့် ပိုက်ဆံအကုန်ခံမလဲ။ နိုင်ငံရေးထဲသာဝင်လိုက်ပါ။ ခင်ဗျားရဲ့ ပြိုင်ဘက်တွေက အဲဒီအလုပ်ကို လုပ်ပေးကြလိမ့်မယ်။အမည်မသိ
Some men change their party for the sake of their principles; others their principles for the sake of their party.
Winston Churchill
တချို့လူတွေက သူတို့ယုံကြည်တဲ့ အခြေခံမူတွေအလို့ငှာ ပါတီပြောင်းတယ်။ တချို့လူတွေက သူတို့ပါတီအကျိုးအလို့ငှာ သူတို့ရဲ့ အခြေခံမူတွေကို ပြောင်းပစ်တယ်။ ၀င်စတန်ချာချီ
If God had been a Liberal there wouldn't have been Ten Commandments, there would have been Ten Suggestions.
Malcolm Bradbury, After Dinner Game, 1982
အကယ်၍ ဂေါ့ဒ်ဟာ လစ်ဘရယ်တစ်ယောက်ဖြစ်ခဲ့ရင် ပညတ်တော်ဆယ်ပါးရယ်လို့ ရှိခဲ့မှာမဟုတ်။ အကြံပြုချက်ဆယ်ခုသာ ရှိခဲ့ပေလိမ့်မည်။မာလ္ကြမ္ဘရက္ဘာရီ
A conservative is one who admires radicals centuries after they're dead.
Leo Rosten
ကွန်ဆာဗေးတစ်ဆိုတာ ရာဒီကဲလ် (တော်လှန်ပြောင်းလဲရေးသမား) တွေကို သူတို့သေပြီး ရာစုနှစ်များစွာ ကြာပြီးတော့မှ ချီးကျူးဂုဏ်ပြုတတ်သူတွေကို ခေါ်တယ်။ လီယိုရော့စတင်း
(7Day News ဂျာနယ် အတွဲ ၈၊ အမှတ် ၄၁ မှ ပြန်လည်ကူးယူဖော်ပြပါသည်)
ပြေလည်မှု နှင့် နားလည်မှု - အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)
သီတင်းဝါလကျွတ်ပြီဆိုလျှင် ဟိုအရပ်သည်အရပ်၌ ၀ါဆိုဝါကပ်ကြသော ရဟန်းတော်တို့သည် ဘုရားဖူးဖို့၊ တရားနာဖို့၊ သူတို့ရရှိထားသော တရားထူးတို့ကို လျှောက်ထားတင်ပြဖို့ ဘုရားရှိရာဌာနဆီသို့ ရောက်လာကြစမြဲ ဖြစ်သည်။
ဘုရားရှင်ကလည်း သူ၏သားတော်ရဟန်းများကို ၀မ်းပန်းတသာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုတော်မူမြဲ ဖြစ်သည်၊ တွေ့လျှင်တွေ့ချင်း ဘုရားရှင်မေးတော်မူမြဲဖြစ်သော နှုတ်ခွန်းဆက်စကားတော် ရှိသည်၊ ''ချစ်သားတို့... ကျန်းကျန်းမာမာရှိကြရဲ့လား၊ အာဝါသသပ္ပါယ၊ ပုဂ္ဂလသပ္ပါယစသည်တို့ မျှမျှတတကောရှိကြရဲ့လား၊ ဆွမ်းသင်္ကန်းစသည် ပစ္စည်းလေးပါးကိစ္စမှာ မပင်မပန်း ချမ်းချမ်းသာသာ ရှိကြရဲ့လား''ဟု အရင်ဦးဆုံး မေးလေ့မေးထရှိသည်၊ အဓိပ္ပါယ်ကတော့ အစစအရာရာအားလုံး အဆင်ပြေကြရဲ့လား၊ ပြေလည်ကြရဲ့လားဟု မေးတော်မူလိုရင်း ဖြစ်သည်။
မြန်မာ့ယဉ်ကျေးမှုအစဉ်အလာအရ သားတွေသမီးတွေမြေးတွေသည် သီတင်းဝါကျွတ်လို့ မိဘဘိုးဘွားတွေကို သွားရောက်ကန်တော့ကြသည့်အခါ မိဘဘိုးဘွားတွေက သူတို့၏ သားတွေသမီးတွေမြေးတွေကို ''အားလုံးအဆင်ပြေရဲ့လား'' ဆိုတာကစ၍ မေးကြသည်၊ ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေ အခြားနေရာတစ်ခုခုမှာ သွားရောက်နေထိုင်ကြသူတွေကို မိတ်ဟောင်းဆွေဟောင်းတို့က ပြန်လည်တွေ့ကြသည့်အခါ ''ဟိုမှာအားလုံးအဆင်ပြေရဲ့လား''ဟု မေးလေ့မေးထရှိကြသည်၊ သုံးသပ်ကြည့်သော် ဘ၀၌အဆင်ပြေမှု၊ ပြေလည်မှုသည် အလိုအပ်ဆုံးအရေးဖြစ်သောကြောင့် ထိုအရေးကို အကြီးဆုံးအရေးအနေနှင့် မေးကြခြင်း ဖြစ်သည်။
နေလို့ထိုင်လို့ကောင်းလျှင် နေရေးထိုင်ရေး အဆင်ပြေသည်၊ ရောင်းလို့ဝယ်လို့ကောင်းလျှင် စီးပွားရေးပြေလည်သည်၊ လင်နှင့်မယားပေါင်းလို့သင်းလို့ကောင်းလျှင် အိမ်ထောင်ရေးပြေလည်သည်၊ မိတ်ဆွေအပေါင်းအသင်း လုပ်ဖော်ကိုင်ဘက်တွေ ပေါင်းသင်းဆက်ဆံလို့ ကောင်းလျှင် လူမှုရေးပြေလည်သည်၊ စားဝတ်နေရေးချောင်လည်လျှင် စားဝတ်နေရေးပြေလည်သည်၊ လူတို့ကိစ္စတိုင်းမှာ အဆင်ပြေဖို့၊ ပြေလည်ဖို့သည် အရေးကြီးဆုံးဖြစ်သည်။
ဟိတောပဒေသ၌ ဒါနဥပါယ်၊ ဒဏ္ဍဥပါယ်၊ ဘေဒဥပါယ်၊ သာမဥပါယ်ဟု ဥပါယ်တံမျဉ်(ဥပါယ်တမြည်) လေးမျိုးပြသည်၊ အလုပ်ကိစ္စတစ်ခု အောင်မြင်ပြီးမြောက်ဖို့အတွက် နည်းပရိယာယ် ဖြစ်သည်၊ နည်းစနစ်၊ နည်းဗျူဟာဟုလည်း ဆိုနိုင်သည်။
ပေးကမ်းခြင်းသည် ကောင်းကျိုးအားလုံး ပြီးစီးစေနိုင်သည်ဟု စာက ဆိုသည်၊ လောကစကားကတော့ ပေးကမ်းခြင်းသည် အောင်မြင်၏ဟု ဆိုသည်၊ ဒါန၏ထိရောက်ပုံ အဆိုအမိန့်တွေစာ၌ တော်တော်များများ ရှိသည်၊ ဒါနဖြင့် ရိုင်းသူကို ယဉ်အောင်လုပ်နိုင်သည်၊ ဒါနဖြင့် ပင်ကိုစိတ်ကို တစ်မျိုးတစ်ဖုံပြောင်းလဲသွားအောင် လုပ်လို့ရသည်၊ ဒါနသည် ပီယဆေးတစ်ပါးဖြစ်သည် စသည်ဖြင့် ဒါန၏အစွမ်းကို အမျိုးမျိုးတင်စားကြသည်၊ သို့ဖြစ်၍ ဒါနသည် မိမိကိစ္စပြီးမြောက်အောင်မြင်ကြောင်း ဥပါယ်တစ်ပါးဖြစ်သည်မှာ သေချာသည်။
ဒဏ္ဍဥပါယ်ဟူသည်မှာ ဒဏ်ခတ်ခြင်း၊ ဒဏ်ပေးခြင်းဖြစ်သည်၊ ထိုနည်းကလည်း အောင်မြင်ကြောင်း ဥပါယ်တစ်ပါးဖြစ်သည်၊ တစ်နည်းအားဖြင့် ဆုပေး၊ ဒဏ်ပေးစနစ်ဖြင့်လည်း မိမိတို့လုပ်ငန်းတွေမှာ အောင်မြင်မှုရနိုင်သည်၊ ဘေဒဥပါယ်ကား သွေးခွဲခြင်းဖြစ်သည်၊ ကုန်းချော၊ သပ်လျှိုခြင်းဟူသော ပိသုဏ၀ါစာအမှုသည် ဘေဒဥပါယ်ဖြစ်သည်၊ ထိုနည်းကား မသမာမှုတစ်ခုဖြစ်သော်လည်း အောင်မြင်ကြောင်း ဥပါယ်တစ်ခုတော့ ဖြစ်သည်။
သာမဥပါယ်ဆိုသည်မှာ အပြေအပြစ်ပြုခြင်းဟု ဆိုသည်၊ ပြေပြေပြစ်ပြစ်ဖြစ်အောင် ပြုခြင်း၊ ပြေပြေပြစ်ပြစ်ဖြစ်အောင် ပြောခြင်းဖြစ်သည်၊ အောင်မြင်ရာအောင်မြင်ကြောင်း နည်းလမ်းလေးမျိုးရှိရာတွင် ရှေ့သုံးမျိုးက ရိုးသားချင်မှ ရိုးသားပေမည်၊ တရားနည်းလမ်းကျချင်မှလည်း ကျမည်၊ နောက်ဆုံး သာမဥပါယ်ကတော့ ရိုးသားသည်၊ တရားနည်းလမ်းကျသည်၊ ကောင်းမြတ်သည်၊ အရာရာ၌ ပြေလည်တာက အကောင်းဆုံးဖြစ်သည်၊ ထို့ကြောင့် ပြေလည်ချင်စိတ်ရှိရမည်၊ ပြေလည်ရာပြေလည်ကြောင်း နည်းလမ်းကို ရှာရမည်၊ ပြေလည်မည့် စကားလုံးကို ရွေးချယ်၍ ပြေလည်အောင် ပြောရမည်၊ ပြေလည်နိုင်သည့် အလုပ်ကိုရွေးချယ်၍ ပြေလည်အောင် လုပ်ရမည်။
မပြေလည်နိုင်လောက်သောစကားမျိုးကို ရှောင်ရမည်၊ မပြေလည်နိုင်လောက်သည့် ကိစ္စမျိုးကို ရှောင်ရမည်၊ ဒါကလည်း ပြေလည်ချင်သည့် စိတ်ရှိမှဖြစ်မည်၊ ပြေလည်မှုကို မြတ်မြတ်နိုးနိုး တန်ဖိုးထားတတ်မှ ဖြစ်မည်၊ မပြေလည်သမျှတော့ စိတ်ဆင်းရဲနေကြရဦးမည်၊ ပြေလည်မှသာ စိတ်ချမ်းသာမည်၊ ထို့ကြောင့် အမြဲတစေအဖြစ်နိုင်ဆုံး ပြေလည်မည့်ဘက်ကို ဦးတည်ပြီးတော့ တွေးရမည်၊ ပြောရမည်၊ လုပ်ရမည်။
သမုဒ္ဒရာရေမျက်နှာထက် ခဏတက်သည့် ရေပွက်ပမာ တစ်ခဏတာဘ၀လေးမှာ နေနေရသည့်အခိုက် ဘာပဲဖြစ်စေ အားလုံးပြေပြေလည်လည် နေရထိုင်ရလုပ်ကိုင်ရခြင်းသည် အကောင်းဆုံးဖြစ်သည်၊ လင်နှင့်မယား၊ မိဘနှင့်သားသမီး၊ ညီအကိုမောင်နှမ၊ ဆွေမျိုးသားချင်း၊ လုပ်ဖော်ကိုင်ဘက်အားလုံးအားလုံးဟာဖြင့် ပြေပြေလည်လည်ရှိကြလျှင် အကောင်းဆုံးဖြစ်သည်၊ အားလုံးပြေပြေလည်လည်ဆိုလျှင် အားလုံးစိတ်ချမ်းသာကြရမည်၊ အမှန်ကလည်း အားလုံးပြေလည်ခြင်းသည် အကောင်းဆုံးမဟုတ်ပါလား...။

(Weekly Eleven News ဂျာနယ် အတွဲ ၅၊ အမှတ် ၉ မှ ပြန်လည်ကူးယူဖော်ပြပါသည်)
Friday, December 25, 2009
Thursday, December 24, 2009
သမူဟ လိုအပ်ချက်နှင့် ၀ိရောဓိ အခုအခံများ
ယနေ့ တရုတ်-အမေရိကန် ဆက်ဆံရေးနှင့် ပတ်သက်ပြီး "တစ်အိပ်ရာတည်းအိပ်ရင်း မတူသောအိပ်မက်တွေ မက်နေကြသည်" (Same bed, different dreams) ဟု လန်ဒန်ထုတ် ဒီကောနောမစ်မဂ္ဂဇင်းကြီးက ဝေဖန်လိုက်သည်။ အခြေအနေအရ ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်နေသည့်တိုင် အပြန်အလှန် မယုံကြည်မှုများ ရှိနေကြသည်ကို တင်စားဖော်ပြလိုက်သည်ဟု နားလည်ရပါသည်။
ဤသို့သော သမူဟတစ်ဝက် ၀ိရောဓိတစ်ဝက် အနေအထားမှာ နိုင်ငံတကာဆက်ဆံရေးတွင်သာမက နိုင်ငံအသီးသီးရှိ ပဒေသာစုံအင်အားစုများကြား အမှန်တကယ်ဖြစ်တည်နေသော ပကတိအရှိတစ်ခုဟုလည်း သဘောရပါသည်။ လွန်ခဲ့သော အနှစ် နှစ်ဆယ် ဘာလင်တံတိုင်း ပြိုကျမှုကြီးက မတူသော အင်အားစုများကြား ပူးပေါင်းဆောင်ရွက်ရေးကို လမ်းဖွင့်ပေးလိုက်သည်။ ဤသည်ပင် စစ်အေးလွန်ကာလ၏ ခေတ်ရေစီးဟု ဆိုနိုင်ပါလိမ့်မည်။ တစ်ပြိုင်နက်တည်းမှာပင် စစ်အေးအမွေ အခုအခံအစွဲအလမ်းများကလည်း ထုနှင့်ထည်နှင့် ရှိနေကြဆဲဖြစ်သည်။ ဤသည်ပင် ၂၁ ရာစုအထိ အရှိန်မကုန်တတ်သေးသော တန်ပြန်ရေစီး ဖြစ်တန်ရာသည်။
ဤသို့သော မှုန်ရီမှိုင်းပျ အခင်းအကျင်းတွင် မေးသင့်မေးထိုက်သည်နှင့်အမျှ အလွန့်အလွန် အရေးကြီးသည်ဟု ယူဆရသော အမေးပုစ္ဆာတစ်ရပ် ထွက်ပေါ်လာသည်။ "ခေတ်ရေစီးနှင့် တန်ပြန်ရေစီး၊ ဘယ်လမ်းကြောင်းကို ရွေးကြမည်နည်း"၊ "ပူးပေါင်းဆောင်ရွက်ရေးလမ်းကြောင်းကို လိုက်ကြမည်လော၊ သို့တည်းမဟုတ် အခုအခံ အစွဲအလမ်းများကိုသာ စူးစူးနက်နက် ဖက်တွယ်ထားကြမည်လော…။"
လက်တွေ့ဖြစ်ရပ်များက ဖော်ထုတ်လှစ်ပြလိုက်သော အဖြေမှာ "ခေတ်ရေစီး" ဖြစ်ပါသည်။ "သမူဟလမ်းကြောင်း" ဖြစ်ပါသည်။ "ပူးပေါင်းဆောင်ရွက်ရေး" ဖြစ်ပါသည်။ ပြောရလျှင် "ဘုံတူညီချက်များ" (common ground) ရှာဖွေပြီး၊ လက်တွဲကြိုးပမ်းကြရင်းမှ အတိတ်အမွေ အခုအခံအစွဲအလမ်းဟောင်းများကို ကျော်လွှားလွန်မြောက်နိုင်ဖို့ ဖြစ်ပါသည်။
ဤသဘောကို တရုတ်နှင့် အမေရိကန်ခေါင်းဆောင်ကြီးများ လက်တွေ့ကျကျ ခံယူကျင့်သုံးနိုင်မည်ဆိုလျှင် သူတို့ နှစ်နိုင်ငံအတွက်သာမက ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက်ပါ အကျိုးများစွာ ရှိပါလိမ့်မည်။ နိုင်ငံများရှိ အင်အားစု အသီးသီးကြားတွင်လည်း ဤသဘောကို နှလုံးသွင်းနိုင်ကြလျှင် သူတို့ သက်ဆိုင်ရာနိုင်ငံများ "ပတိရူပ" ဖြစ်လာပါလိမ့်မည်။ အနာဂတ်ကို အစွဲအလမ်းများဖြင့် မတည်ဆောက်နိုင်ပါ။ အမြော်အမြင်ဖြင့်သာ ဦးတည်နိုင်ပါလိမ့်မည်။

( ၂၀၀၉ ခုနှစ် ဒီဇင်ဘာလထုတ် The Waves မဂ္ဂဇင်း 8/09 မှ အယ်ဒီတာ့အာဘော်ကို ပြန်လည်ကူးယူဖော်ပြပါသည် )
ပညာ၏ ဆန့်ကျင်ဘက် ဆူညံသံ - မောင်စူးစမ်း
ဒွိစုံဆန့်ကျင်ဘက်
ရှေးရိုးအစဉ်အလာအရ ဒွိစုံဆန့်ကျင်ဘက်တရားများ ရှိကြသည်။ အမှန်နှင့်အမှား၊ အကောင်းနှင့်အဆိုး၊ ကုသိုလ်နှင့် အကုသိုလ်၊ တရားခြင်းနှင့်မတရားခြင်း၊ အလှနှင့်အကျည်းတန်၊ နိဗ္ဗာန်နှင့်ငရဲ စသည်ဖြင့် လောကပရမတ်တို့ကို ဆန့်ကျင်ဘက်ထား၍၊ လူတို့သည် ဘာသာစကားတွင် သုံးစွဲခဲ့ကြသည်။ ယခုတိုင်လည်း သုံးစွဲနေကြဆဲဖြစ်သည်။ ဒွိစုံဆန့်ကျင်ဘက် (binary oppositive) တို့သည် မယိုမယွင်းသော ပရမတ်တရားများ ဖြစ်ခဲ့သည်။
ပညာ၏ဆန့်ကျင်ဘက်သည် မသိနားမလည်မှု (ignorance) ဖြစ်သည်။ ဘာသာရေးကျမ်းတို့အဆိုအရ ပညာ၏ဆန့်ကျင်ဘက်သည် မောဟဖြစ်သည်။ တက္ကနိုလိုဂျီတွေ အရမ်းထွန်းကားလာသည်နှင့်အတူ ပညာမျိုးစုံလည်း ထွန်းပေါက်လာသည်။ ကွန်ပျူတာတက္ကနိုလိုဂျီနှင့် အင်တာနက်တို့ ခေတ်မီထွန်းကားလာသဖြင့် ပညာကို ဒစ်ဂျစ်ကိန်းဖြင့် မှတ်တမ်းတင်လာကြသည်။ ပညာ၏သဘာဝ ပြောင်းလဲသွားသည်။ ဒစ်ဂျစ်နည်းဖြင့် မှတ်တမ်းမတင်သောပညာကို ပညာလို့ပင် မခေါ်တော့ပေ။
ဖရိုဖရဲလုပ်
ဒစ်ဂျစ်နည်းဖြင့် မှတ်တမ်းမရှိသောပညာကို ပညာဟုမခေါ်လျှင် အစားထိုးခေါ်ရမည်။ ယခု ပညာရှင်တို့က ဒစ်ဂျစ်နည်းဖြင့် မှတ်တမ်းမတင်သောပညာကို အသံဗလံဆူညံသံ (noise)ဟု သတ်မှတ်လိုက်သည်။ ထို့ပြင် ဒွိစုံဆန့်ကျင်ကိန်းကိုလည်း အရွှေ့အပြောင်းလုပ်လိုက်သည်။ မူလက ပညာ၏ ဆန့်ကျင်ဘက်သည် မသိနားမလည်မှုဖြစ်ရာ၊ ယခု ပညာ၏ ဆန့်ကျင်ဘက်သည် အသံဗလံဆူညံသံ (noise) ဖြစ်သွားသည်။ အင်တာနက်သည် အခြေခံကျသော အပြောင်းအလဲတို့ကို ဖြစ်ပေါ်စေသည်ဟု အဆိုရှိသည်။ သာဓကအားဖြင့် ဒွိစုံဆန့်ကျင်ဘက်တို့ကို အပြောင်းအလဲဖြစ်စေခြင်း ဖြစ်သည်။
ဒွိစုံဆန့်ကျင်ဘက်တို့သည် ပရမတ္တဆန်လေရာ ဖောက်ပြန်သည်ဟူ၍ မရှိနိုင်ပေ။ သို့သော် တက္ကနိုလိုဂျီအသစ်နှင့် ပညာအသစ်တို့ တစ်ဟုတ်ထိုး တိုးတက်လာခဲ့သောကြောင့် ပရမတ္တဆန်သော ဒွိစုံ ဆန့်ကျင်ဘက်တို့ပင်လျှင် ဖရိုဖရဲ ဖြစ်လာသည်။ ၀င်ရိုးစွန်းနှစ်ခုကို ပိုပြီးဝေးအောင်ပြုပြီး၊ ကြားအလားအလာတို့ကို ဖြည့်စွက်ပေးလာသည်။ အမှန်နှင့်အမှားလို ကိစ္စတွင် ကြားတရားတွေ ပေါ်လာသည်။ အမှန်တစ်ဝက်၊ အမှားတစ်ဝက် (သို့မဟုတ်) မှန်လည်းမှန်သည်၊ မှားလည်းမှားသည်ဆိုသော သရုပ်သကန်တွေ ပေါ်လာသည်။ ယခု ပညာ၏ ဆန့်ကျင်ဘက်သည် မသိနားမလည်မှု (သို့မဟုတ်) မောဟ မဟုတ်တော့ပေ။ ပညာ၏ ဆန့်ကျင်ဘက်သည် အသံဗလံဖြစ်လာသည်။ ကွန်ပျူတာ ဒစ်ဂျစ်အပြင်အပမှ အရာတို့ကို အသံဗလံအဖြစ် မှတ်ယူသည်။
ဒွိစုံဖရိုဖရဲ
ယခုခေတ်ကို ပို့စ်မော်ဒန်ခေတ်ဟု ခေါ်သည်။ ပို့စ်မော်ဒန်ခေတ်၌ ဘာနှင့်မျှ မျိုးမစပ်ဘဲ သူ့ပင်ရင်းမျိုးသန့်မျိုး စစ်စစ်ဟူ၍ မရှိပြီ။ အထူးသဖြင့် အမှတ်အသားကိစ္စတွင် မျိုးစပ်သွေးစပ်တို့ချည်း ဖြစ်ကုန်သည်။ ဟိုင်ဘရစ်ခေါ် မျိုးစပ်မှုသည် ပို့စ်မော်ဒန်ခေတ်၏ ထူးခြားသော လက္ခဏာတစ်ပါးပင် ဖြစ်သည်။ လူနှင့်စက် မျိုးစပ်၊ မျိုးစပ်ယဉ်ကျေးမှု၊ မျိုးစပ်အနုပညာ ပုံသဏ္ဍာန်စသည်ဖြင့် ထွန်းကားသည်။ အရောအစပ် (သို့မဟုတ်) မျိုးစပ်မှုသည် အနှစ်သာရမရှိ၍ မသေချာမရေရာမှု များသည်။
ပို့စ်မော်ဒန်က အနှစ်သာရ၀ါဒကို ဖယ်ရှားသည်။ အနှစ်သာရ၀ါဒ ဆိုသည်မှာ အရာတိုင်း၌ မွေးရာပါဇာတိလက္ခဏာ ရှိသည်။ အခြေခံကျသော သဘာဝရှိသည်ဟု ယုံကြည်ခြင်းကို ညွှန်းသည်။ ပို့စ်မော်ဒန်က သဘာဝထက် ယဉ်ကျေးမှုအပေါ် ပိုကဲ ကြည့်သည်။ အတွင်းအနက်ပိုင်းထက် အပေါ်ယံကို ပိုအလေးကဲ ကြည့်သည်။ တူခြင်းထက် ခြားနားခြင်းကို ပိုအလေးကဲ ကြည့်သည်။ ထိုအမြင်ဖြင့်ကြည့်၍ မျိုးစပ်ခြင်း၌ အနှစ်သာရမရှိ။ သေချာရေရာမှု မရှိဟု ကောက်ယူသည်။
ဒွိစုံဆန့်ကျင်ဘက်ဖြင့် အနက်အဓိပ္ပါယ်ကို ဖော်ပြခြင်းသည် ပို့စ်မော်ဒန်၏ နည်းတစ်ပါးဖြစ်သော်လည်း ဤနည်း၏ မသေချာမရေရာမှုကို သတိပေးသည်။ ယခုပင်ကြည့်၊ တက္ကနိုလိုဂျီပညာ၏ ဆန့်ကျင်ဘက်သည် မသိနားမလည်မှု (သို့မဟုတ်) မောဟဟု ဆန့်ကျင်ဘက်တွဲထားခဲ့ရာမှ အင်တာနက်နှင့် ဒစ်ဂျစ်တက္ကနိုလိုဂျီတို့ကြောင့် အတွဲပျက်သွားသည်။ ပညာ၏ ဆန့်ကျင်ဘက်သည် အသံဗလံဆူညံသံ (noise) ဖြစ်လာသည်။

( ၂၀၀၉ ခုနှစ် ဒီဇင်ဘာလထုတ် The Waves မဂ္ဂဇင်း 8/09 မှ ပြန်လည်ကူးယူဖော်ပြပါသည် )
ကြည့်ဖြစ်ခဲ့သော မြန်မာဗီဒီယိုဇာတ်ကားများ (၂၃/၂၄ ဒီဇင်ဘာ ၂၀၀၉)
(၁)
ဇာတ်ကားအမည် - အချစ်ကို လျှော့မတွက်နဲ့
ဇာတ်လမ်း၊ ဇာတ်ညွှန်း - ကိုအောင်မင်းသိမ်း
ရိုက်ညွှန်း - ကိုကျော်
ဒါရိုက်တာ - ကျော်ဇောလင်း၏ အတွေးပုံရိပ်
သရုပ်ဆောင်များ - ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ဇင်ဝိုင်း၊ ငှက်ပျောကြော်၊ ကိုပေါက်၊ တက္ကသိုလ် ဂွမ်းပုံ၊ အေးသီတာ၊ ယွန်းရွှေရည်
ဇာတ်လမ်းသဘော
သမီးအပေါ်ချစ်သည့် အတ္တစိတ်တစ်ခုဖြင့် စည်းစနစ်ကြီးမားလွန်းပြီး ချုပ်ချယ်လွန်းသော ဖခင်တစ်ယောက်နှင့် လက်ရဲဇက်ရဲ၊ မဟုတ်မခံစိတ်ဖြင့် လွတ်လွတ်လပ်လပ် ဘ၀ကို ဖြတ်သန်းနေထိုင်သော လူငယ်တစ်ဦးတို့ ထိပ်တိုက်တွေ့ဆုံကြရာမှ ဖခင်ကတစ်ဖက် ချစ်သူကတစ်ဖက်ဖြစ်ရသူ မိန်းကလေးတစ်ဦး၏ အဖြစ်အပျက်၊ မည်မျှပင် အခက်အခဲတံတိုင်းများ တားဆီးကာရံထားပါစေ အချစ်စစ်သာမှန်ပါက အရာအားလုံးကို ဖြတ်ကျော်နိုင်စွမ်းရှိကြောင်း (ဇာတ်ကားနာမည်အတိုင်း) တင်ပြထားသည့် ဇာတ်လမ်းတစ်ခုဖြစ်သည်။
ဝေဖန်သုံးသပ်ချက်
ပထမပိုင်းဇာတ်လမ်းအပျိုးကို ကြည့်နေရင်းနဲ့ ရှိတ်စပီးယားရဲ့ ရိုမီယိုနှင့် ဂျူးလိယက်ကို ပြေးမြင်မိသည်။ သူတို့တွေ့ဆုံချစ်ကြိုက်ကြပုံကို မှီးထားသလား၊ ဒါမှမဟုတ် ချစ်တာချင်းတူနေတာလားတော့ မသိပေ။
သမီးအပေါ် ချစ်သည့်စိတ်လွန်ကဲ့ပြီး စည်းကမ်းကြီးသော ဖခင်တစ်ဦးအဖြစ် ဇင်ဝိုင်းကို ရွေးချယ်ထားသည့် ဒါရိုက်တာကို ချီးကျူးမိသည်။ ဇင်ဝိုင်း အနေဖြင့် သူ့ဇာတ်ရုပ်ကို အကောင်းဆုံး ပုံဖော်သွားနိုင်သည်။ အထူးသဖြင့် မျက်လုံးများဖြင့် ပြောသွားသော စကားများလုံးများကို အမှတ်ထင်ထင်ဖြစ်ရသည်။
အူဝဲကတော့ ရုပ်ရှင်ကဝေဖြစ်သည့်အတွက် ပြောစရာမရှိပါ။ သူ့ထုံးစံအတိုင်း ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်သွားပါသည်။ ဒီဇာတ်ကားတွင်လည်း မချစ်ဖူးသည့် အချစ်ရူးမလေးအဖြစ် ပီပြင်အောင် သရုပ်ဆောင်သွားနိုင်ပါသည်။ သို့သော် စည်းကမ်းကြီးလှသည့် ဖခင်ကို ချစ်ကြောက်ရိုသေသည့် သမီးတစ်ယောက်အဖြစ် သရုပ်ဆောင်ရာတွင်မူ အနည်းငယ်လိုနေသည်ဟု မြင်မိသည်။
ဘယ်ဇာတ်ကားမှာပဲဖြစ်ဖြစ် အရက်သောက်သည့်အခန်းမှန်သမျှသည် ပြေတီဦးအတွက် အပီပြင်ဆုံး ဖြစ်နေသည်ကို တွေ့ရသည်။ သူ့ပုံစံကိုက အရက်သမားဇာတ်ကောင်နှင့် လိုက်ဖက်သလားမသိပါ။ အတော်လေး သရုပ်ပီပြင်တာကို တွေ့ရသည်။ မျက်လုံးနီတာ၊ အာလေးလျှာလေးဖြစ်တာ၊ မျက်နှာအမူအရာကအစ အရက်တကယ်သောက်ပြီး ရိုက်ထားသလား ထင်မှတ်ရသည်။ ဒီဇာတ်ကားမှာလည်း ခပ်ဂျစ်ကန်ကန် ကောင်ဆိုးလေးတစ်ယောက်အဖြစ် တာဝန်ကျေအောင် သရုပ်ဆောင်ထားပါသည်။
ဇာတ်လမ်းအပို့၊ ဇာတ်လမ်းအလှည့်များသည် သူ့နေရာနှင့်သူ အံဝင်ဂွင်ကျပင် ဖြစ်ပါသည်။ နောက်ဆုံးအခန်းတစ်ခုကိုသာ ယခုဇာတ်သိမ်းနှင့်မတူဘဲ အခြားပုံစံတစ်မျိုးဖြင့် သိမ်းပေးနိုင်လျှင် ပိုမိုကောင်းလိမ့်မည်ဟု ထင်မိသည်။ တစ်ကားလုံးကောင်းလာပြီးမှ ဇာတ်သိမ်းပိုင်းက နည်းနည်းပေါ့သွားတော့ စိန်လက်စွပ်ကို ဒန်ကွပ်ထားသလို ဖြစ်နေသလားလို့ပါ။
ဘာပဲပြောပြော မြန်မာဗီဒီယိုဇာတ်ကားတွေကိုဆိုရင် မေးငေါ့စရာဖြစ်နေတဲ့အချိန်မှာ ဒီလိုဇာတ်ကားလေးတွေ ထွက်လာတဲ့အတွက် အံ့သြရသလို ကျေနပ်ရပါတယ်။
သေချာပေါက်ကို ငှားကြည့်သင့်တဲ့ဇာတ်ကားပါ။ အချစ်၊ အလွမ်း၊ ဟာသ အစုံပါတဲ့ ချဉ်ငံစပ်အသုပ်စုံတစ်ပွဲပါ။
သူတို့ပြောသလိုပြောရရင်တော့ "အချစ်ကို လျှော့မတွက်နဲ့" တဲ့။
(၂)
ဇာတ်ကားအမည် - အမှောင်ငွေ့ရနံ့ (Scent of the dark)
Written and directed by Rezaw (ရီဇော်)
Art Director – Ye Naing Moe
သရုပ်ဆောင် - ရဲတိုက်၊ အိန္ဒြာကျော်ဇင်၊ မင်းဇင်၊ နန္ဒာအောင်၊ ဟိန်းထက်ဇော်၊ မိုးသစ်ငြိမ်း
ဇာတ်လမ်းသဘော
စိတ္တဇဆန်ဆန် (သို့မဟုတ်) အကွက်ကျကျ စီစဉ်တတ်သော အမှောင်ကိုဖန်တီးတတ်သည့် အမျိုးသမီးတစ်ဦးနှင့် စိတ်အလိုလိုက် အမှောင်ကြိုက် အမျိုးသားများအကြောင်း ပုံဖော်တင်ပြထားခြင်းဖြစ်သည်။
ဝေဖန်သုံးသပ်ချက်
Satori မှ တင်ဆက်သော ဇာတ်ကားများထုံးစံအတိုင်း ဇာတ်လမ်းက ခပ်ဆန်းဆန်း၊ ရိုက်ချက်က ခပ်လန်လန်၊ ရဲတိုက်ကမင်းသား၊ အင်္ဂလိပ်စာတန်းထိုးပေးထားတယ်။
ဇာတ်လမ်းသဘောကို ရေးသာရေးလိုက်ရသော်လည်း အခုအချိန်အထိ ဇဝေဇ၀ါဖြစ်နေဆဲ ရှိသေးသည်။ ဘယ်လိုဇာတ်လမ်းလဲဟု အခြားတစ်ယောက်က မေးလာလျှင် ဖြေရခက်သည့်ဇာတ်လမ်း ဖြစ်ပါသည်။ ထို့ကြောင့် အပေါ်တွင် ကျွန်တော်ရေးထားသော ဇာတ်လမ်းအကျဉ်းသည် ကျွန်တော်နားလည်သလို ရေးထားခြင်းသက်သက်သာ ဖြစ်ပါသည်။ မူလဇာတ်ကားကပေးသည့် message ဟုတ်ချင်မှ ဟုတ်ပါလိမ့်မည်။
ဇာတ်ကားကိုထိုင်ကြည့်နေရင်း ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက် အလုပ်ရသွားကြသည်။ ကိုယ်ထင်ရာ တစ်မျိုးစီနှင့်ဖြစ်သည်။ ဇာတ်ကားက ဘာကိုဆိုလိုသလဲဆိုတာကို တစ်ယောက်တစ်မျိုး ငြင်းခုန်ကြသည်။ ဒါကိုက ဒီဇာတ်ကားရဲ့ ထူးခြားချက်လားမသိ။
သူများနှင့်မတူသော စကားလုံးများ၊ သူများနှင့်မတူသော ရိုက်ချက်များ၊ သူများနှင့်မတူသော ဇာတ်ကွက်များဖြင့် အမြဲလုပ်တတ်သည့် Satori ကိုတော့ အသိအမှတ်ပြုမိပါသည်။
အမှန်အတိုင်းပြောရလျှင် ဒီဇာတ်ကားကို ငှားလာရခြင်းရဲ့ မူလရည်ရွယ်ချက်က ရဲတိုက်ရဲ့ သရုပ်ဆောင်မှုတွေကို ကြည့်ချင်လို့ပါ။ ဒါပေမယ့် ရွာ၊ သူ၊ အမျှင် စသည့်ဇာတ်ကားများထဲမှ ရဲတိုက်ကဲ့သို့ ဇာတ်ကောင်ကို ဒီဇာတ်ကားမှာ မမြင်ခဲ့ရ။ ဒီဇာတ်ကားက အိန္ဒြာကျော်ဇင် အသားပေးဇာတ်ကြီး ဖြစ်နေသည်။ ဇာတ်ကောင်ထက် ဇာတ်လမ်းကို ပိုပြီး အဓိကထားသွားသည်ဟု မြင်မိသည်။ ရဲတိုက်က ဘာမှထူးထူးခြားခြား လုပ်မပြလိုက်ရပါ။ သာမန်သရုပ်ဆောင်သွားရုံသာ ဖြစ်ပါသည်။
အပျင်းပြေကြည့်ချင်သူတွေအတွက် စိတ်ဝင်စားဖို့ကောင်းမယ့်ဇာတ်ကား မဟုတ်ပါဘူး။ အချို့ဆိုရင် ကြည့်နေရင်းနဲ့ အိပ်ပျော်သွားနိုင်ပါတယ်။ ပထမပိုင်းတစ်ခုလုံးဆိုရင် စကားပြောခန်းတောင် သိပ်မပါဘဲ ဇာတ်ကွက်တွေနဲ့ ဇာတ်လမ်းကို ပုံဖော်နေခဲ့တာပါ။ နောက်ခံတီးလုံးသက်သက်ဖြင့် ဇာတ်ကိုဆွဲခေါ်သွားသော အခန်းတွေက အတော်များသည်။ သို့သော် ထိုအခန်းများက နောက်ပိုင်းတွင် ဇာတ်လမ်းကို ဆက်စပ်ရာ၌ အထောက်အကူဖြစ်ပါသည်။
အင်း… ဘယ်လိုပြောရမှန်းကို မသိပါ။ ဒီဇာတ်ကားကိုကြည့်ပြီး နားလည်ဖို့အတွက် ကျွန်တော်ကိုယ်တိုင်က ထုံအနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ဒါရိုက်တာပေးချင်သည့် message ကို ရှင်းရှင်းလင်းလင်း မရလိုက်သည့်အတွက်တော့ ကိုယ့်ကိုယ်ကိုယ် မကျေမနပ်ဖြစ်မိသည်။ အခုတော့ ဟိုတစ်စ ဒီတစ်စ အတွေးမျှင်တွေကို လိုက်ဖမ်းနေရသည်။
လူ့စရိုက်ကို ပုံဖော်ချင်တာများလားလို့ တွေးနေမိသည်။ ခင်ဗျားကြည့်ပြီးရင်လည်း ခင်ဗျားအမြင်လေးကို ပြောပြစမ်းပါဦးနော်။

၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်၊ ကြာသပတေးနေ့။
ည ၉ နာရီ ၄၃ မိနစ်တွင်ပြီး၏။

လက်ငုတ်ဖြင့် မလုံလောက်ပြီ - မောင်စူးစမ်း
ယူနီဗာဆယ်တွေ
စာရေးသူက မြန်မာ့အနာဂတ်နိုင်ငံရေးတွင် အိုင်ဒီအိုလိုဂျီနှင့် သမိုင်းတို့သည် ဆီလျော်အပ်စပ်မှု ရှိလိမ့်မည်မဟုတ်ဟု ရေးသားတင်ပြခဲ့ရာ ဝေဖန်ချက်တွေပေါ်သည်။ နိုင်ငံရေးတွေးခေါ်မှုနှင့် လုပ်ငန်းစဉ်တွင် အခြေခံအားဖြင့် နှစ်မျိုးရှိသည်။ ပထမတွေးခေါ်မှုသည် လောကအလုံးစုံအကျုံးဝင်သော ယူနီဗာဆယ်တရား၊ ခေတ်ပြောင်းတော်လှန်ရေးတရား၊ ဧရာမစူပါတရားကြီးနှင့် အခြေခံဝါဒီတရားတို့ကို အခြေခံသော တွေးခေါ်မှုနှင့် လုပ်ငန်းစဉ်တို့ဖြစ်သည်။
၂၀ ရာစုနှင့် ၂၁ ရာစုတွင် ဤဧရာမယူနီဗာဆယ်တရားကြီးတို့ကို လက်တွေ့စမ်းသပ်ကြည့်ခဲ့ကြသည်။ ဖက်ဆစ်ဝါဒ၊ ဆိုရှယ်လစ်စနစ်နှင့် အိုင်ဒီအိုလိုဂျီတို့ကို စမ်းသပ်ခဲ့ရာ အရေးနိမ့်သွားခဲ့သည်။ မြန်မာနိုင်ငံကလည်း ကိုယ်တွေ့ အတွေ့အကြုံရလိုက်သည်။ နောက်ထပ်လဲ ယူနီဗာဆယ်အိုင်ဒီအိုလိုဂျီကြီးတွေ ထပ်ပေါ်နိုင်စရာ အကြောင်းမရှိတော့သဖြင့် ပညာရှင်တို့က ယနေ့ခေတ်ကို အိုင်ဒီအိုလိုဂျီလွန်ခေတ် Post-Ideological Era ဟု အကဲဖြတ်လာကြသည်။ ကွန်မြူနစ်ပါတီ၏ အရေးနိမ့်မှု၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် အရေးနိမ့်မှုတို့သည် ဆိုရှယ်လစ်အိုင်ဒီအိုလိုဂျီ အရေးနိမ့်မှုကို ပြဆိုသည်။
ငါးပါး
ထို့ကြောင့် မြန်မာနိုင်ငံ၌ အိုင်ဒီအိုလိုဂျီက ခပ်စောစောကပင် နိဂုံးချုပ်ခဲ့ပြီဖြစ်သည်။ အနာဂတ် မြန်မာ့နိုင်ငံရေးတွင် ဆိုရှယ်လစ်ဝါဒကို အိုင်ဒီအိုလိုဂျီကြီးဖြင့် လှုပ်ရှားလိုလျှင် ရူးလို့သာဖြစ်မည်။ ခါးသီးသောအတွေ့အကြုံကို မြန်မာ့လူ့အဖွဲ့အစည်းက ရထားပြီးဖြစ်သဖြင့် အိုင်ဒီအိုလိုဂျီအခြေခံ နိုင်ငံရေးသည် မဆီလျော်တော့ဟု ယူဆမိသည်။ အိုင်ဒီအိုလိုဂျီဆိုသည်မှာ ယူနီဗာဆယ်တရား၊ ခေတ်နှင့် စနစ်တို့ကိုပြောင်းရန် နှိုးဆော်သော ၀ါဒသဘောတရားတို့ကို ဆိုလိုသည်။ အိုင်ဒီယာတို့ကို မဆိုလိုပေ။ အိုင်ဒီယာတို့ထဲမှ အိုင်ဒီအိုလိုဂျီအဆင့်ရောက်ရန် ခဲယဉ်းသည်။
ယခု လက်ကျန်အိုင်ဒီအိုလိုဂျီ လေးပါးရှိသည်။ လစ်ဘရယ်၊ ကွန်ဆာဗေးတစ်၊ ဆိုရှယ်ဒီမိုကရေစီနှင့် အမျိုးသားရေးဝါဒတို့ ဖြစ်သည်။ လက်တွေ့အခြေပြုဝါဒ Pragmatism ကို အိုင်ဒီအိုလိုဂျီအဖြစ် စဉ်းစားလျှင် ငါးပါးဖြစ်သွားမည်။
နယ်နိမိတ်ဖရိုဖရဲ
ဤနေရာ၌ အလျဉ်းသင့်၍ အကြံပေးစကားတစ်ရပ်ကို တင်ပြလိုသည်။ သိကြသည့်အတိုင်း ခေတ်သည် ပညာခေတ်ဖြစ်သည်။ အိုင်ဒီယာမျိုးစုံ ထွန်းကားသောခေတ်ဖြစ်၍ ခေတ်ကြီးသည် အလွန်လျင်မြန်စွာ တိုးတက်ပြောင်းလဲနေသည်။ ထို့ကြောင့် လူတိုင်းသည် လက်ငုတ်အယူအဆတို့ဖြင့် မိန်းမောနေရန် မဟုတ်ပြီ။ မိမိသိထားသော လက်ငုတ်အယူအဆနှင့် အိုင်ဒီယာတို့ဖြင့် လုံလောက်ပြီဟု မယူဆအပ်ပြီ။ မော်ဒန်-ပို့စ်မော်ဒန် အယူအဆနှင့် အတွေးအခေါ်တို့နှင့်လည်း ယဉ်းပါးနေရန် ကြိုးစားသင့်သည်။ အလွန်လျင်မြန်စွာ တိုးတက်လာနေသောခေတ်တွင် တစ်ခါကရှိထားသည့် လက်ငုတ်အတွေးအခေါ်ဟောင်းတို့ဖြင့် အရာရာကို ရှုမြင်သုံးသပ်နေလျှင် မိမိ ကျောက်ခေတ်ထဲ ကျန်ရစ်နေပုံကိုသာပြမည်။ ဖြစ်ရပ်နှင့် အိုင်ဒီယာတို့သည် လောကနှင့် ဘ၀တို့၏ နယ်နိမိတ်တို့ကို ကစဥ့်ကလျား ဖရိုဖရဲဖြစ်အောင် ပြုမူနေသောအခါ၌ မိမိ၏ လက်ငုတ်အယူအဆတို့သည် ဆီလျော်စရာ ရှိအံ့မထင်။
ဝါဒနှင့်ဘဝ
ခေတ်၏ လက္ခဏာတို့သည် ပြောင်းလဲနေသည်။ တစ်ကြိမ်တစ်ခါက အိုင်ဒီအိုလိုဂျီနှင့် ဟီးရိုးတို့က အရာရာကို ပုံလောင်းခဲ့သော်လည်း ယခု ဤသို့မဟုတ်ပြီ။ လောကအလုံးစုံ အကျုံးဝင်သည်ဟုဆိုသော မူကြီးတွေ၊ တရားကြီးတွေ ယိုင်လဲနေသည့် ဟီးရိုးခေတ်မှိန်သွားပြီ။ လူတို့၏ နိစ္စဓူဝဘ၀၊ ထိုဘ၀ကို ပြောပြသော ဒေသပုံပြင်တို့က ပိုပြီးအရေးပါအရာရောက်လာသည်။ ယူနီဗာဆယ်တန်ဖိုး၊ ခေတ်ပြောင်းတော်လှန်ရေးအကြောင်းတို့ထက် လူထုကို ဘာပေးနိုင်သလဲ What You Deliver အကြောင်းက အခရာကျလာသည်။ ၀ါဒထက် ဘ၀က ပို၍ အရေးကြီးသည်။
ထိုသို့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာသဖြင့် ပညာတတ်တို့သည် လက်ငုတ်အိုင်ဒီယာတို့ဖြင့် ကမ္ဘာကြီးကို ရှုမြင်လို့မရပြီ။ ခေတ်သစ်အတွေးအခေါ်တို့ဖြင့် ကမ္ဘာကြီးကို ကြည့်သင့်ပြီ။ မြင်သင့်ပြီ။ ယူနီဗာဆယ်တရားကြီးတို့၊ စူပါတော်လှန်ရေးတရားတို့၏ သြဇာတန်ခိုး မှိန်လာသည်ကို သတိချပ်အပ်သည်။ သူ့အရပ်နှင့်သူ့ဇာတ်ကို ခံစားတတ်ရန် လိုသည်။

အညွှန်း - Post-Modernism
(ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ ၅၊ အမှတ် ၅၀ နိုင်ငံရေးအထူးအချပ်ပိုမှ ပြန်လည်ကူးယူဖော်ပြပါသည်)