ဤသို့သော သမူဟတစ်ဝက် ၀ိရောဓိတစ်ဝက် အနေအထားမှာ နိုင်ငံတကာဆက်ဆံရေးတွင်သာမက နိုင်ငံအသီးသီးရှိ ပဒေသာစုံအင်အားစုများကြား အမှန်တကယ်ဖြစ်တည်နေသော ပကတိအရှိတစ်ခုဟုလည်း သဘောရပါသည်။ လွန်ခဲ့သော အနှစ် နှစ်ဆယ် ဘာလင်တံတိုင်း ပြိုကျမှုကြီးက မတူသော အင်အားစုများကြား ပူးပေါင်းဆောင်ရွက်ရေးကို လမ်းဖွင့်ပေးလိုက်သည်။ ဤသည်ပင် စစ်အေးလွန်ကာလ၏ ခေတ်ရေစီးဟု ဆိုနိုင်ပါလိမ့်မည်။ တစ်ပြိုင်နက်တည်းမှာပင် စစ်အေးအမွေ အခုအခံအစွဲအလမ်းများကလည်း ထုနှင့်ထည်နှင့် ရှိနေကြဆဲဖြစ်သည်။ ဤသည်ပင် ၂၁ ရာစုအထိ အရှိန်မကုန်တတ်သေးသော တန်ပြန်ရေစီး ဖြစ်တန်ရာသည်။
ဤသို့သော မှုန်ရီမှိုင်းပျ အခင်းအကျင်းတွင် မေးသင့်မေးထိုက်သည်နှင့်အမျှ အလွန့်အလွန် အရေးကြီးသည်ဟု ယူဆရသော အမေးပုစ္ဆာတစ်ရပ် ထွက်ပေါ်လာသည်။ "ခေတ်ရေစီးနှင့် တန်ပြန်ရေစီး၊ ဘယ်လမ်းကြောင်းကို ရွေးကြမည်နည်း"၊ "ပူးပေါင်းဆောင်ရွက်ရေးလမ်းကြောင်းကို လိုက်ကြမည်လော၊ သို့တည်းမဟုတ် အခုအခံ အစွဲအလမ်းများကိုသာ စူးစူးနက်နက် ဖက်တွယ်ထားကြမည်လော…။"
လက်တွေ့ဖြစ်ရပ်များက ဖော်ထုတ်လှစ်ပြလိုက်သော အဖြေမှာ "ခေတ်ရေစီး" ဖြစ်ပါသည်။ "သမူဟလမ်းကြောင်း" ဖြစ်ပါသည်။ "ပူးပေါင်းဆောင်ရွက်ရေး" ဖြစ်ပါသည်။ ပြောရလျှင် "ဘုံတူညီချက်များ" (common ground) ရှာဖွေပြီး၊ လက်တွဲကြိုးပမ်းကြရင်းမှ အတိတ်အမွေ အခုအခံအစွဲအလမ်းဟောင်းများကို ကျော်လွှားလွန်မြောက်နိုင်ဖို့ ဖြစ်ပါသည်။
ဤသဘောကို တရုတ်နှင့် အမေရိကန်ခေါင်းဆောင်ကြီးများ လက်တွေ့ကျကျ ခံယူကျင့်သုံးနိုင်မည်ဆိုလျှင် သူတို့ နှစ်နိုင်ငံအတွက်သာမက ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက်ပါ အကျိုးများစွာ ရှိပါလိမ့်မည်။ နိုင်ငံများရှိ အင်အားစု အသီးသီးကြားတွင်လည်း ဤသဘောကို နှလုံးသွင်းနိုင်ကြလျှင် သူတို့ သက်ဆိုင်ရာနိုင်ငံများ "ပတိရူပ" ဖြစ်လာပါလိမ့်မည်။ အနာဂတ်ကို အစွဲအလမ်းများဖြင့် မတည်ဆောက်နိုင်ပါ။ အမြော်အမြင်ဖြင့်သာ ဦးတည်နိုင်ပါလိမ့်မည်။
( ၂၀၀၉ ခုနှစ် ဒီဇင်ဘာလထုတ် The Waves မဂ္ဂဇင်း 8/09 မှ အယ်ဒီတာ့အာဘော်ကို ပြန်လည်ကူးယူဖော်ပြပါသည် )
No comments:
Post a Comment