များစွာသေချာသည်မှာ ပြဿနာအခက်အခဲတို့မည်သည် တစ်ဖက်တည်းကအမှန်၊ တစ်ဖက်တည်းက အမှားဟူ၍ တစ်ဖက်သတ် စွပ်စွဲကောက်ချက်ချ၍မရခြင်းပင် ဖြစ်ပါသည်။ ပြဿနာကြုံကြပြီဆိုလျှင်ပင် နှစ်ဖက်စလုံးတွင် လိုအပ်ချက်၊ အားနည်းချက် ကိုယ်စီရှိနေတတ်ကြပါသည်။ ထို့အတွက် ပြဿနာပြေလည်လိုစိတ်အမှန်ရှိပါက နှစ်ဖက်စလုံးက ရိုးဖြောင့်မှုအခြေခံ၍ လက်အားလုံးပြ ချဉ်းကပ်ကြရန် အထူးလိုအပ်ပါသည်။ တစ်ဖက်နှင့်တစ်ဖက် သံသယစိတ်၊ မယုံသင်္ကာစိတ်၊ မယုံကြည်စိတ်နှင့် ကြီးစွာသော စိုးရိမ်သောကစိတ်တို့ဖြင့် ရှုမြင်နေသမျှကာလပတ်လုံး နှစ်ဖက်ပြေလည်ရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိရန် ခဲယဉ်းနေဦးမည်သာဖြစ်ပါသည်။
ဤနေရာတွင် ပြဿနာတစ်ခု၏ အဓိကရင်းမြစ်မှာ ဘက်နှစ်ဖက်သဘောကို အခြေခံသောကြောင့် နှစ်ဖက်ဟုဆိုရခြင်း ဖြစ်သော်လည်း စင်စစ်အားဖြင့် နိုင်ငံနှင့်ချီ၊ ကမ္ဘာလုံးချီပြဿနာများအပါအ၀င် မည်သည့်ပြဿနာမျိုးတွင်မဆို ပါဝင်ပတ်သက်သူ Stakeholder များအားလုံးနှင့် သက်ဆိုင်ပါသည်။ အထူးသဖြင့် ပြဿနာပြေလည်စေလိုသော ရှုထောင့်မှကြည့်ကာ နှစ်ဖက်ကို ကြားဝင်စေ့စပ်ပေးမည့်နေရာတွင် ရှိနေသူများ၊ နှစ်ဖက်စလုံး၏ အသံကို ထင်ဟပ်ပေးမည့်မီဒီယာများက ဘက်လိုက်မှုကင်းကင်း၊ ပရော်ဖက်ရှင်နယ်ပီပီသသရှိကြရန် အထူးလိုအပ်လှပါသည်။
မီဒီယာကဏ္ဍ (၀ါ) စတုတ္ထမဏ္ဍိုင်နေရာတွင် ရပ်တည်ရန် အစဉ်ကြိုးစားနေသော The Voice Weekly အနေဖြင့်မူ လက်ရှိမြန်မာနိုင်ငံ၏ အရေးကိစ္စနှင့်ပတ်သက်သမျှ မီဒီယာများအားလုံးကို ပြည်သူလူထုနှင့် အားလုံးသော Stakeholder များအကြား အမုန်းမီးများမပွားစေရေး၊ သံသယစိတ်များ မကြီးထွားစေရေး၊ စိုးရိမ်ကြောင့်ကြစိတ်များ မတိုးပွားစေရေးအလို့ငှာ လက်တွေ့ကျ၍ ဖြစ်နိုင်ခြေရှိသော ရှုထောင့်မှ ရပ်တည်ရင်း နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်ကြီးတွင် ပါဝင်ကူညီကြရန် အထူးတလည် မေတ္တာရပ်ခံလိုပါသည်။
ဒီမိုကရေစီလူ့အဖွဲ့အစည်းတစ်ရပ်ဆီသို့ ဦးတည်သွားမည်ဟူသော ပန်းတိုင်ချင်းတူကြပါလျှင် Stakeholder များအကြားရှိနေသော ကိုယ်ကျိုးအတ္တ၊ ပုဂ္ဂိုလ်ရေး၊ ၀ါဒရေးရာကွဲလွဲမှုများ တတ်နိုင်သလောက် လျှော့ချကြပါလျှင် ပြဿနာများ မပြေလည်နိုင်စရာမရှိဟု The Voice Weekly က ယုံကြည်ပါသည်။ ဆိုခဲ့ပါအချက်များနှင့် ပြည့်စုံရန်မှာမူ အားလုံးထံတွင် ရိုးဖြောင့်မှုအခြေခံရမည် ဖြစ်ပါကြောင်း။
အယ်ဒီတာ (၁၄-၁၂-၂၀၀၉)
(The Voice Weekly ဂျာနယ် အတွဲ ၆၊ အမှတ် ၇ မှ အယ်ဒီတာ့အာဘော်ကို ပြန်လည်ကူးယူဖော်ပြပါသည်)
No comments:
Post a Comment