ခါးရှေ့မှာ ခါးပုံစ
အသာချ ၀တ်ဆင်
မြန်မာ့ဟန်သွင်
အမျိုးသား သဘာဝပင်
အသွင်အပြင်ခံ့ပါ၏၊
မြန်မာ့မူ မြန်မာ့စရိုက်
နှစ်ခြိုက်ပါဘိ။
ခါးရှေ့မှာ ထဘီနှစ်ထပ်
လွှမ်းပတ်လို့ ၀တ်ဆင်
မြန်မာ့ဟန်သွင်
အမျိုးသမီး သဘာဝပင်
အဆင်အပြင်သန့်ပါ၏၊
မြန်မာ့မူအသွင်အသွေး
ယဉ်ကျေးပါဘိ။
ခုချိန်ခါ တစ်မူပြောင်း
သမီးကောင်းတို့ အဆန်းထွင်
ခေတ်ပေါ်သည့် ထဘီစကတ်
ကိုယ်ကျပ်ဝတ်ဆင်
ကျပ်စည်း၍ထားသည့်သွင်
တစ်ထပ်တည်းပင် ၀တ်ကြ
ရှေ့နောက်တွင် ခွဲကာထား
သလုံးသားဖော်ပြ။
တိုင်းတစ်ပါး ဆင်ယင်မှု
တုပလို့ဝတ်ဆင်
ကိုယ့်မူဟန်ဓလေ့များနှင့်
ခြားနားဆန့်ကျင်
ညီမငယ်တို့ အဆင်အပြင်
ရှုမြင်သူဘ၀င်မအေး။
သမီးငယ်တို့အသွင်အပြင်
ဆင်ခြင်ကွဲ့မနှေး
ယဉ်ကျေးမှုကွယ်ကာပျောက်လျှင်ဖြင့်
လူမျိုးပါအမှန်ပျောက်မှာ
စိုးကြောက်ကွဲ့လေး။
[အရင်မြန်မာ့သွေးဂျာနယ်အဟောင်းတွေကို ပြန်ဖတ်ရင်းနဲ့ ဒီကဗျာလေးကို သဘောကျလို့ ပြန်တင်ပေးလိုက်တာပါ။ ဘယ်ကနေ ကူးထားတဲ့ကဗျာဆိုတာတော့ မသိတော့ပါဘူး။ ဖြစ်နိုင်တာကတော့ မြ၀တီမဂ္ဂဇင်း ဒါမှမဟုတ် ငွေတာရီ မဂ္ဂဇင်းကပါ။ ကျွန်တော့်ညီမငယ်တွေကို ဖတ်စေချင်တဲ့အတွက်ပါ။ ကျွန်တော့်ကို ရာဇ၀င်စာအုပ်ထဲက ဖုံတက်နေတဲ့အကောင်ဆိုပြီး သြဘာပေးရင်လည်း ခံယူဖို့အသင့်ပါခင်ဗျား]
No comments:
Post a Comment