၁၃။ နရပတိ (ရွှေနန်းကြော့ရှင်) (၈၆၃-၈၈၈)
ဘုရင်မင်းခေါင်သည် မိမိ နတ်ရွာမစံမီကပင် ၁၂ နှစ်အရွယ် သားတော် မဟာသီဟသူရကို ထီးပြိုင်နန်းပြိုင် ထားရှိခဲ့သော်လည်း ခမည်းတော်အလျင် အနိစ္စရောက်သဖြင့် သားတော်မင်းဆွေသည် နရပတိဘွဲ့နှင့် ထီးနန်းဆက်ခံလေသည်။ ကြော့မော့သော နန်းတော်ကြီး ဆောက်လုပ်သဖြင့် ရွှေနန်းကြော့ရှင်ဟု တွင်လေသည်။ နရပတိသည် ပြည်ရေးပြည်မှုကို အလေးဂရုပြုဟန်မတူချေ။ ထို့ကြောင့် မိုးညှင်းစလုံသည် မြောက်ပိုင်းမှ စတင်တိုက်ခိုက်၍ အနောက်ဘက်မှပတ်ကာ ပြည်မြို့အထိ သိမ်းပိုက်၍ ပြည်ဘုရင် သတိုးစောနှင့်ပေါင်းကာ အင်းဝကို တိုက်လေသည်။ နရပတိသည် ဘုန်းဘောင်စော်ဘွားနှင့်ပေါင်း၍ ခုခံရလေသည်။ ၈၈၈ ခုနှစ်တွင် မိုးညှင်းစော်ဘွားနှင့် သားသိုဟန်ဘွားတို့ ချီတက်လာ၍ တိုက်ခိုက်ရာ နရပတိ ကျဆုံးလေသည်။ အင်းဝတွင် သိုဟန်ဘွားက ဆက်လက်အုပ်စိုးနေလေတော့သည်။
ထိုအချိန်တွင် တောင်ငူ၌ကား အင်အားခိုင်ဖြီးလာ၍ အင်းဝမှ ထွက်ပြေးခိုလှုံလာသူများနှင့် ပို၍ စည်းရုံးမိလေသည်။ တောင်ငူကို ၆၄၁ ခုနှစ်ကပင် ပုဂံ နရပတိစည်သူ၏အမတ် ရန်မန်ငထွေး၏ အဆက်အနွယ်ဖြစ်သော သ၀န်ကြီး သ၀န်ငယ်တို့က တည်ထောင်ပြီးနောက်တွင် ပုဂံပျက်သော် အင်းဝလက်အောက်ခံအဖြစ် မင်းငယ်မြို့စား ၂၇ ဆက် အုပ်စိုးခဲ့လေသည်။ မင်းကြီးညိုမှာကား ပင်းယ ငါးစီးရှင်ကျော်စွာ၏ အဆက်အနွယ်ဖြစ်၍ စွမ်းရည်သတ္တိရှိသူ ဖြစ်လေသည်။ ဒုတိယမင်းခေါင်လက်ထက် ဦးရီးတော် တောင်ငူစား စည်သူငယ်ကို လုပ်ကြံ၍ သမီးတော် စိုးမင်းကို မိဖုရားမြှောက်လေသည်။ မင်းကြီးညိုသည် လက်နက်လူသူ စုဆောင်းအားဖြည့်၍ ဒွါရ၀တီမြို့ကို တည်ထောင်လေသည်။ တောင်ငူသည် အင်းအားကြီးမားလာလေရာ ဟံသာဝတီမှ မွန်ဘုရင် ဗညားရံကိုပင် ခုခံတိုက်ခိုက်နိုင်လေသည်။ ၈၆၄ ခုနှစ်တွင်ကား တောင်ငူသည် အင်းဝလက်အောက်မှ အတိအလင်းခွဲထွက်၍ ၈၇၂ ခုနှစ်တွင် ကေတုမတီမြို့ကို တည်ထောင်၍ ရွှေ့ပြောင်းစံနေလေသည်။
မြန်မာရာဇ၀င်သမိုင်းသည် အင်းဝမြို့တော်ကို ရှုကွင်းချလျက် သုံးသပ်ရာမှ အင်းဝတွင် ရှမ်းသိုဟန်ဘွား အုပ်စိုးနေသောအခါ ရာဇ၀င်ဦးစွန်း ပြန်လည်ထွန်းကားရန် အားပြုလာခဲ့သော တောင်ငူကို လွှဲပြောင်းကြည့်ရှုရန် မြင်ကွင်းပြောင်းကြရပြန်လေသည်။ အင်းဝ မှေးမှိန်သောအခါတွင် တောင်ငူသည် တစ်စခန်းထတော့မည် ဖြစ်လေသည်။ မည်သို့ပင်ဖြစ်စေ အင်းဝတွင် ဆက်လက်ဖြစ်ပွားသော အရေးအခင်းတို့ကို ပြန်ပြောင်းဆက်လက်၍ ရှုကြည့်ရန် လိုပေသေးသည်။
၁၄။ သိုဟန်ဘွား (၈၈၈-၉၁၃)
အင်းဝတွင် သိုဟန်ဘွား အုပ်စိုးသောအခါ မြန်မာမင်းမှုမင်းရေးကို မကျွမ်းသဖြင့် ရွှေနန်းကြော့ရှင်၏ တူတော်သူ မင်းကြီးရန်နောင်ကို အစောင့်အရံ ထားလေသည်။ မင်းကြီးရန်နောင်သည် နီးရာဓားကို ကြောက်ရစေကာမူ မြန်မာတို့ဘက်မှ တတ်နိုင်သမျှ ကာကွယ်လေသည်။ သိုဟန်ဘွားမှာ ရိုင်းပျသဖြင့် ကျောင်းကန်ဘုရားနှင့် စာပေပိဋကတ်တို့ကို ဖျက်ဆီးလေသည်။ ရဟန်းတို့ကိုလည်း သတ်ဖြတ်လေသည်။ စေတီပုထိုး၊ ဌာပနာများကိုလည်း ယူလေသည်။ သိုဟန်ဘွားသည် ပြည်မြို့အထိ စုန်ဆင်းတိုက်ခိုက်လေသည်။ မင်းကြီးရန်နောင်သည် မြန်မာမှူးမတ်များနှင့် တိုင်ပင်၍ ပရိယာယ်ဖြင့် ဥယျာဉ်တော်သို့ ထွက်စေပြီးနောက် နန်းစဉ်ဓားဖြင့် ခုတ်သတ်လိုက်လေသည်။ သိုဟန်ဘွား အနိစ္စရောက်လျှင် မြန်မာမှူးမတ်တို့က မင်းကြီးရန်နောင်အား မင်းပြုရန် တိုက်တွန်းကြလေသည်။ သို့ရာတွင် မင်းကြီးရန်နောင်က မြန်မာဘက်မှ အမြဲကူညီခံသည့် သီပေါအုန်းဘောင်စော်ဘွား ခုံမှိုင်းငယ်ကို နန်းတင်ကြလေသည်။
၁၅။ အုန်းဘောင်ခုံမှိုင်း (၉၀၄-၉၀၇)
အုန်းဘောင်ခုံမှိုင်းသည် မိုးမိတ်၊ မိုးညှင်း၊ ဗန်းမော်၊ ညောင်ရွှေ၊ မိုးနဲ စသော စော်ဘွားများနှင့်ပေါင်း၍ ပြည်သို့ ချီတက်လေသည်။ ထိုအချိန်၌ တောင်ငူတွင် တပင်ရွှေထီး နန်းတက်ပြီး ဖြစ်လေသည်။ အုန်းဘောင်ခုံမှိုင်း၏ အလိုမှာ ပြည်သာမက၊ မြန်မာတို့ခေတ် ထူလျက်ရှိသော တောင်ငူကိုပါ ရှမ်းတို့က စိုးမိုးအုပ်ချုပ်ရန် ဖြစ်လေသည်။ သို့ရာတွင် တပင်ရွှေထီးနှင့် စစ်သူရဲဘုရင့်နောင်သည် အညံ့မခံဘဲ ပုဂံထိအောင် လိုက်လံတိုက်ခိုက်ခဲ့လေသည်။
၁၆။ မိုးဗြဲနရပတိ (၉၀၇-၉၁၃)
အုန်းဘောင်ခုံမှိုင်း အနိစ္စရောက်လျှင် သားတော် မိုးဗြဲနရပတိ ဆက်ခံလေသည်။ ထိုမင်းလက်ထက်တွင်ကား တောင်ငူအင်အားကို တိုက်လှန်၍ မရနိုင်ကြောင်းသိသဖြင့် တပင်ရွှေထီးနှင့် မဟာမိတ်ပြုလေသည်။ စစ်ကိုင်းစည်သူကျော်ထင်ကိုကား ချော့ကာခြောက်ကာ သွေးစမ်းလေသည်။ သို့ရာတွင် စည်သူကျော်ထင်သည် ၉၁၀ ပြည့်နှစ်တွင် အင်းဝကိုတိုက်ရန် စီမံသဖြင့် မိုးဗြဲနရပတိသည် ပြည်ရှိ ဘုရင့်နောင်ထံသို့ ၀င်ရောက်အညံ့ခံလေသည်။
၁၇။ စည်သူကျော်ထင် (၉၁၃-၉၁၆)
မိုးဗြဲနရပတိ ထွက်သွားလေလျှင် စည်သူကျော်ထင်သည် အင်းဝကိုသိမ်းပိုက်၍ နရပတိဘွဲ့ဖြင့် နန်းစံလေသည်။ ၉၁၅ ခုနှစ်တွင်ကား ဟံသာဝတီတွင် စိုးစံသော ဆင်ဖြူရှင် (ဘုရင့်နောင်) သည် အင်းဝကို ချီတက်တိုက်ခိုက်လေသည်။ ရှမ်းတို့က အင်းဝဘက်မှ ကူညီသဖြင့် နောက်တစ်နှစ် တိုက်ခိုက်ပါမှ အင်းဝကို အောင်နိုင်၍ စည်သူကျော်ထင်ကို ဖမ်းယူသွားလေသည်။ အင်းဝတွင် ဟံသာဝတီ ဆင်ဖြူရှင်က ညီတော်မင်းရဲကျော်ထင်ကို သတိုးမင်းစော အမည်ဖြင့် အစောင့်အနေထားလေသည်။
ဤနည်းဖြင့် အင်းဝသည် မင်းဆက်ပြတ်၍ မင်းနေပြည်သည် အင်းဝမှ ဟံသာဝတီသို့ ပြောင်းရွှေ့သွားပြန်လေသည်။ နောင် ၄၃ နှစ် ကြာသောအခါမှ ဒုတိယ အင်းဝခေတ် သို့မဟုတ် ညောင်ရမ်းခေတ်သည် အင်းဝ၌ တစ်ဖန် ပြန်လည်ထွန်းကားခဲ့ရလေသည်။ ထို့ကြောင့် ထိုအချိန်တွင် မင်းနေပြည်ဖြစ်လာသော ဟံသာဝတီနှင့် ထိုထက်စော၍ စည်ပင်ခဲ့သော တောင်ငူခေတ်တို့ကို နောင်ကြောင်းမှ ပြန်လှန်၍ မြင်ကွင်းပြောင်းလဲရှုကြည့်ရန် လိုပေသည်။
No comments:
Post a Comment