ပါမောက္ခစတစ်ဂလစ်၏ Globalization and its discontents စာအုပ်သည် နိုင်ငံတကာတက္ကသိုလ်များတွင် ပြဋ္ဌာန်းစာအုပ် ဖြစ်ပါသည်။ ပါမောက္ခစတစ်ဂလစ်၏ ဟောပြောပွဲကို တက်ရောက်နားထောင်ခွင့်အတွက် နိုင်ငံအတော်များများတွင် ဈေးကြီးပေး၍ တက်ရောက်ကြရလေ့ရှိသည်။ မြန်မာနိုင်ငံတွင် ၎င်း၏စာအုပ်များကို စာရေးဆရာကျော်ဝင်းက ဘာသာပြန်ထားပြီးဖြစ်ရာ ၎င်း၏ တန်ဖိုးကို စာဖတ်သူများ ခန့်မှန်းနိုင်ပါလိမ့်မည်။
ယခုတစ်ကြိမ်တွင် ပါမောက္ခစတစ်ဂလစ်ကို မြန်မာနိုင်ငံသို့ ဖိတ်ကြားခဲ့သူမှာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဖြစ်သည်။ မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပတ်သက်နေသော လယ်ယာကဏ္ဍနှင့် ပတ်သက်၍ တာဝန်ရှိသူ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ပါမောက္ခကြီးကို ဖိတ်ကြားခဲ့ခြင်းသည် ပါမောက္ခကြီး၏ အကြံဉာဏ်များကို လက်ခံနားထောင်လိုပါသည်ဟူသော သဘောသက်ရောက်ပါသည်။ တစ်နည်းအားဖြင့်ပြောရလျှင် လယ်ယာကဏ္ဍ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုတို့ကို ဆောင်ကြဉ်းရန် ဆန္ဒရှိပါသည်ဟု ဖော်ပြခြင်းလည်းဖြစ်ရာ ဤကိစ္စသည် များစွာ ကြိုဆိုရမည့် ကိစ္စဖြစ်ပေသည်။
State Building ခေါ် နိုင်ငံတည်ဆောက်ရေးနှင့် ပတ်သက်၍ State Failure ခေါ် မအောင်မြင်မှုများကို လန်ဒန် SOAS တက္ကသိုလ်မှ ပါမောက္ခ Khan က သင်ခန်းစာနှစ်ခုကို အောက်ပါအတိုင်း ထုတ်ဖော်ခဲ့ဖူးပါသည်။
"Errors of omission
မလုပ်သင့်သည်များကို လုပ်ခြင်း
Errors of commission
လုပ်သင့်သည်များကို မလုပ်ခြင်း"
မြန်မာနိုင်ငံ၏ ရေရှည်စီးပွားရေးနှင့်ပတ်သက်၍ ယခုကဲ့သို့ အကြံဉာဏ်များ ရယူခြင်းသည် မလုပ်သင့်သည်များကို လုပ်မိခြင်းနှင့် လုပ်သင့်သည်များကို မလုပ်မိခြင်းများ ရှောင်ရှားရန်အတွက် ပထမခြေလှမ်းဖြစ်သောကြောင့် များစွာ ကြိုဆိုလိုက်ပါသည်။
စီးပွားရေးပြုပြင်ပြောင်းလဲမှုများသည် ကားတစ်စီးကို မောင်းနှင်နေစဉ် ပြုပြင်ရခြင်းဖြစ်၍ ထင်သလောက်မလွယ်ပါ။ မြန်မာနိုင်ငံ၏ အနေအထားသည် ပြုပြင်ပြောင်းလဲမှုများစွာ လိုအပ်ပြီး ဦးနင်းပဲ့ထောင် မဖြစ်စေရန် တစ်ပြိုင်နက် Comprehensive ပြုလုပ်မည့် ကိစ္စရပ်များစွာရှိရာ နိုင်ငံသားများ၏ ပူးပေါင်းပါဝင်မှု အထူးလိုအပ်ပေသည်။
အယ်ဒီတာ (၂၈-၁၂-၂၀၀၉)
(The Voice Weekly ဂျာနယ် အတွဲ ၆၊ အမှတ် ၉ မှ အယ်ဒီတာ့အာဘော်ကို ပြန်လည်ကူးယူဖော်ပြပါသည်)
No comments:
Post a Comment