နိုင်ငံတိုင်းတွင် အစိုးရများသည် ထိုသို့ ပန်းတိုင်ရောက်အောင် ကြိုးစားကြရင်း စီးပွားရေးလုပ်ငန်းများ၏ စည်းကမ်းချိုးဖောက်မှု၊ အဂတိလိုက်စားမှု၊ ဈေးနှုန်းမငြိမ်မသက်မှုများနှင့် ကြုံကြိုက်ရာတွင် ထိုကိစ္စများကို ဖြေရှင်းရန် နိုင်ငံတော်များ၏ အခန်းကဏ္ဍကို တိုးချဲ့လာခဲ့ကြရသည်။ ၂၀ ရာစု၏ နှောင်းပိုင်းကာလများအထိ နိုင်ငံတော်များ၏ အခန်းကဏ္ဍ မြင့်တက်နေခဲ့သည်ဟု ပါမောက္ခ ဖရန်စစ်ဖူကူယားမားက ရေးခဲ့ဖူးသည်။ အချို့နိုင်ငံများတွင် "မူ" အုပ်ချုပ်သောစနစ်မှ "လူ" အုပ်ချုပ်သောစနစ်ထိအောင် နိုင်ငံတော်အပိုင်းက လူလုံးပြ၍ ဖြေရှင်းခဲ့ရာ ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများသည် "အရှိ" "အဖြစ်" သဘောအထိ ရောက်ခဲ့သည်ဟု ဆိုပါသည်။
ယနေ့ ကမ္ဘာပေါ်တွင် နိုင်ငံအသီးသီး၌ ပြုလုပ်လျက်ရှိသော စီးပွားရေးပြုပြင်ပြောင်းလဲမှုများကိုကြည့်လျှင် ယခင်တစ်လျှောက်လုံး အတက်ပြခဲ့သော နိုင်ငံတော်များ၏ အခန်းကဏ္ဍ လျှော့ချရေးဖြစ်နေသည်ကို တွေ့ရမည်ဖြစ်ပါသည်။ နိုင်ငံတော်များ၏ အခန်းကဏ္ဍဆိုသည်မှာ ရှိလျှင်ရှိသလောက် ကုန်ကျစရိတ်များကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပေါ်ပေါက်စေရာ ကုန်ဈေးနှုန်းများ မြင့်တက်စေသောကြောင့် ဖြစ်ပါသည်။
တစ်ဖက်တွင်လည်း နိုင်ငံတော်များ၏ အခန်းကဏ္ဍ မည်မျှရှိရမည်ဆိုသော ပုံသေနည်းမရှိရာ သက်ဆိုင်ရာနိုင်ငံများအလိုက် သင့်လျော်သော အချိုးအစားကို ပြုပြင်စီရင်ရခြင်းဖြစ်ပါသည်။ ပထမဆုံးပြုလုပ်ရသည်မှာ ဥပဒေလုပ်ထုံးလုပ်နည်းများအရ လုပ်ကိုင်ခွင့်မပေးဘဲ လူပုဂ္ဂိုလ်အဖွဲ့အစည်းတစ်ခုခုက လုပ်ကိုင်ခွင့်ပြုသည့် (မူနှင့် မဆုံးဖြတ်ဘဲ လူက ဆုံးဖြတ်သည်) လူပါဝင်သော အဆင့်အားလုံးကို အဂတိလိုက်စားမှု မဖြစ်ပေါ်စေရေးအတွက် ဖယ်ရှားရခြင်းဖြစ်သည်။ (Institutionalization)
မကြာသေးခင်က အမေရိကန်ပြည်ထောင်စုတွင် စီးပွားရေးကျဆင်းမှုကြောင့် နိုင်ငံတော်များ၏ အခန်းကဏ္ဍ အတက်ပြန်ပြလာသည်ဟု ဝေဖန်ကြသော်လည်း နိုင်ငံတော်များ၏ Strength ကိုတင်၍ Scope ကို လျှော့ချရမည်ဟု လူတိုင်းက လက်ခံကြဆဲဖြစ်ပါသည်။
အယ်ဒီတာ (၁၈-၁-၂၀၁၀)
(The Voice Weekly ဂျာနယ် အတွဲ ၆ အမှတ် ၁၂ မှ အယ်ဒီတာ့အာဘော်ကို ပြန်လည်ကူးယူဖော်ပြပါသည်)
No comments:
Post a Comment