ကိုယ့်အတွက်မဟုတ်ဘူး ဆိုရင်ကွယ်
ကိုယ်လေ မင်းကို ဆုံးရှုံးခဲ့ရပြီလို့
အမြဲ မှတ်ယူသွားပါရစေကွယ်၊
ခဏလေးပင် မမေ့ချင်ပါ
အလွမ်းဝေဒနာကို
အိပ်မက်တွေဆီ၊ နိုးထနေတဲ့အချိန်တွေဆီ
သယ်ဆောင်သွားပါရစေ အချစ်ရယ်။
လူစည်ကားရာ လောကဈေးမှာ ကြီးပြင်းရသမို့
လက်ထဲမှာ နေ့စဉ် အမြတ်တွေ ပြည့်လျှံလို့နေပါတယ်
ဒါပေမယ့် အချစ်ရယ်
တကယ့်တကယ် ဘာမှ မရပါလားလို့
အမြဲ မှတ်ယူသွားပါရစေကွယ်၊
ခဏလေးပင် မမေ့ချင်ပါ
အလွမ်းဝေဒနာကို
အိပ်မက်တွေဆီ၊ နိုးထနေတဲ့အချိန်တွေဆီ
သယ်ဆောင်သွားပါရစေ အချစ်ရယ်။
မောပန်းလှိုက်ဖိုစွာ
လမ်းဘေးမှာ ထိုင်နေတဲ့အခါ
ဖုန်ထဲမှာ အိပ်ရာကို ဖြန့်ခင်းလိုက်တဲ့အခါ
ဘ၀ခရီး မပြီးသေးပါလို့
အမြဲ မှတ်ယူသွားပါရစေကွယ်၊
ခဏလေးပင် မမေ့ချင်ပါ
အလွမ်းဝေဒနာကို
အိပ်မက်တွေဆီ၊ နိုးထနေတဲ့အချိန်တွေဆီ
သယ်ဆောင်သွားပါရစေ အချစ်ရယ်။
ကိုယ့်အိမ်ကို လှပစွာ ပြင်ဆင်ပြီးလို့
ပလွေတွေက တေးဆိုနေကြပြီး
ရယ်သံတွေ ဆူညံနေတဲ့အခါ
မင်းကို မဖိတ်ကြားရသေးပါလားဆိုတာ
အမြဲ မှတ်ယူသွားပါရစေကွယ်၊
ခဏလေးပင် မမေ့ချင်ပါ
အလွမ်းဝေဒနာကို
အိပ်မက်တွေဆီ၊ နိုးထနေတဲ့ အချိန်တွေဆီ
သယ်ဆောင်သွားပါရစေလား အချစ်ကလေးရယ်။
(ရာဘင်ဒြာနသ်တဂိုး ၏ ကဗျာများကို မြန်မာပြန်ဆိုထားသည့် တဂိုးစာနုယဉ် စာအုပ်မှ ပြန်လည်ကူးယူဖော်ပြပါသည်)
No comments:
Post a Comment