၁၂၇၁ ခုနှစ်တွင် မင်လိုမော်လီ အုပ်ချုပ်ရေး ပြုပြင်မှုအရ မြန်မာနိုင်ငံ ဒုတိယဘုရင်ခံ၏ ကောင်စီဝင် အမတ်ဦးရေကို ၃၀ အထိ ထားခွင့်ရှိလေသည်။ သို့ရာတွင် အင်္ဂလိပ်အရင်းရှင် ကုန်သည်ကြီးများထဲမှ ရွေးကောက်တင်မြှောက်သူနှင့် ဘုရင်ခံစိတ်ကြိုက် ရွေးကောက်သူ ၁၅ ဦးသာလျှင် ခန့်ထား၍ ၁၂၇၂ ခုနှစ်တွင် အမတ် ၂၈ ဦးအထိ ရွေးကောက်လေသည်။ ထိုသူများတွင် အင်္ဂလိပ်အစိုးရအရာရှိ ၁၄ ဦး၊ မြန်မာ ၉ ဦး၊ အိန္ဒိယနှင့်တရုတ် ၃ ဦး၊ အခြားအမျိုးသား ၂ ဦးနှင့် ဘုရင်ခံခန့်အမတ် ၂ ဦးတို့ ပါဝင်လေသည်။ ထိုအဖွဲ့က ဥပဒေပြုခြင်း၊ အသုံးစရိတ် အတည်ပြုခြင်းတို့ကို ဆောင်ရွက်၍ ပြည်သူလူထု၏ ကိုယ်စားလှယ်ကား မပါရှိချေ။
အင်္ဂလိပ်အစိုးရသည် အင်္ဂလိပ်အရင်းရှင် ကုမ္ပဏီကြီးများအား မြန်မာနိုင်ငံမှ ဆန်၊ ကျွန်းသစ်နှင့် သတ္ထုများကို နိုင်ငံခြားသို့ ပို့ထုတ်ရောင်းဝယ်ခွင့်ပြု၍ အိန္ဒိယမှ ချစ်တီးအမျိုးသားများအား ငွေထုတ်ချေး၍ မြန်မာလယ်သမားတို့အား တစ်ဆင့် ငွေချေးစေလေသည်။ အစိုးရအမှုထမ်းအဖွဲ့ဝင် နိုင်ငံခြားသားများကိုသာ အသုံးပြု၍ လက်အောက် ရာထူးငယ်တွင်သာ မြန်မာတို့အား ခန့်ထားလေသည်။ ခရစ်ယာန်ဘာသာဝင် တိုင်းရင်းသား လူမျိုးစုများကို မြန်မာနှင့် သွေးခွဲသောအားဖြင့် အခွင့်အရေး ပို၍ပေးကာ ရာထူးကြီးနှင့် အစိုးရစစ်တပ်များ၊ ရဲတပ်များတွင် အမှုထမ်းခွင့်ပေးလေသည်။ လူမျိုးခြား ကုန်သည်များကိုလည်း အခွင့်အရေး ပို၍ပေးလေသည်။ မြန်မာများမှာ မသိမသာအားဖြင့် ဖိနှိပ်ခြင်းခံနေရ၍ စီးပွားရေးအားဖြင့် ကျပ်တည်းလာခဲ့ကြလေသည်။ ၁၂၇၈ ခုနှစ်တွင် ရတနာဂီရိရောက် သီပေါမင်းမှာ ကျပ်တည်းဆင်းရဲစွာ နေထိုင်ခဲ့ရရာမှ နတ်ရွာစံခဲ့လေသည်။ မြန်မာတို့ ဇာတိမာန် နိုးကြွလှုပ်ရှားမည်စိုး၍ အလောင်းသာမက အရိုးအိုးကိုပင် မြန်မာနိုင်ငံသို့ ယူဆောင်ခွင့် မပြုခဲ့ချေ။ မိဖုရားကြီးကို မြန်မာနိုင်ငံသို့ ပြန်ခွင့်ပြုရာ ၁၂၈၇ ခုနှစ်တွင် ရန်ကုန်မြို့၌ နတ်ရွာစံခဲ့လေသည်။
(ဆက်လက်ဖော်ပြပါမည်)
No comments:
Post a Comment