Tuesday, February 09, 2010

လူ,လူချင်း ဆက်ဆံရေးပုံစံသစ်

မြင့်မားတဲ့ အောင်မြင်မှုဆိုတာ ငွေနဲ့ဂုဏ်နဲ့ တိုင်းတာလို့ မရပါဘူး။ လူတွေ သူ့ဘက်ပါအောင် ဘယ်လောက် စည်းရုံးအားရှိတယ်ဆိုတာနဲ့ အကဲဖြတ်ရပါလိမ့်မယ်။

လူမှန်ရင် အတ္တနဲ့ပရ မျှရသလို ကိုယ့်အောင်မြင်မှုကို ဝေပေးနိုင်ရမယ်။ ကိုယ်ရေးကိုယ်တာ ပြဿနာတွေ ပြေလည်နိုင်ဖို့ သူတစ်ပါးရဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာတွေ ကူညီဖြေရှင်းပေးရမယ်။ ကိုယ်တိုင် ကြီးပွားသလို တခြားလူတွေကိုလည်း ကြီးပွားတိုးတက်အောင် လုပ်ပေးရမယ်။

တစ်ကိုယ်ကောင်းဆန်ပြီး လောဘကြီးတဲ့ လူဟာ အရူးမှ အရူး။ သူဟာ လူ့အပြင်ဘက်ရောက်သွားပြီး အနေမလှ အသေမလှတဲ့ အဖြစ်ဆိုး တိုးသွားနိုင်တယ်။

သန်းကြွယ်သူဌေးကြီးရဲ့ မသာဟာ လူလေးငါးခြောက်ယောက်နဲ့ပဲ ပွဲသိမ်းသွားတာမျိုး တွေ့ဖူးပါလိမ့်မယ်။ သူဟာ လူ့တန်ဖိုး၊ ငွေတန်ဖိုး၊ ဘ၀တန်ဖိုးကို တစ်ခုမှ အမှန်အကန် နားမလည်ခဲ့တာ သေချာတယ်။

လူရယ်လို့ ဖြစ်လာရင် လူတောထဲမှာနေပြီး လူ့လောက ကောင်းကျိုးကို ဆောင်ရွက်ရမယ်။ လူလူချင်း ညှာတာထောက်ထားပြီး နားလည်မှု ရှိရမယ်။ လူကို လူလိုမြင်၊ လူကို လူလို တန်ဖိုးထား၊ လူကို လူလိုဆက်ဆံမှ လူပီသမယ်။ လူကို ကျွဲလို၊ နွားလို၊ စက်ရုပ်လို ခိုင်းတဲ့ခေတ်ကြီးဟာ ကမ္ဘာမှာ ဆိတ်သုဉ်းနေပါပြီ။

(ညီညီနိုင် ဘာသာပြန်ထားသည့် "အဓိကလူ လူအဓိက" စာအုပ်မှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment