Sunday, February 14, 2010

ခေတ်၏ အထာသစ်၊ လုံခွက်မီးလျှော့ - မောင်သာဇုံ

မမျှော်လင့်သောဖြစ်ရပ်တွေ တကယ်ဖြစ်လာသည်။ မဖြစ်နိုင်ဟု ယူဆထားသောဖြစ်ရပ်တွေ တကယ်ဖြစ်လာသည်။ ဆိုဗီယက်ယူနီယံ ပြိုလဲသွားခြင်း၊ ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှု၊ အမေရိကန်လူမည်းတစ်ဦး သမ္မတဖြစ်လာမှုတို့က သာဓကတို့ပင် ဖြစ်တော့သည်။ သို့ဖြင့် မမျှော်လင့်သောဖြစ်ရပ်တို့ကို မျှော်လင့်ရပြီ။ မဖြစ်နိုင်ဟု ယူဆထားသော ဖြစ်ရပ်တို့ တကယ်ဖြစ်လာလျှင် ဘာလုပ်မလဲဟု တွက်ရပြီ။ ဤသည်ပင် ခေတ်၏အထာ၊ ခေတ်၏အနှစ် ဖြစ်ရပြီ။ မမျှော်လင့်ထားသောအရာကို မျှော်လင့်လော့ဟူသော ဆောင်ပုဒ်သည် ၀ိရောဓိနှင့် လှသည်။

ထိုသို့သော ခေတ်၏ အထာသစ်တွင် အမှားအယွင်းမာဂျင်က အတော်စကားပြောသည်။ အမှားအယွင်းမာဂျင် နည်းခဲ့သော နိုင်ငံတို့က ခေတ်၏ အထာသစ်ကို လွယ်လွယ်ကိုင်တွယ်နိုင်မည်။ အမှားအယွင်းမာဂျင်ကြီးသော နိုင်ငံတို့က ခေတ်၏ အထာသစ်ကို ခက်ခက်ခဲခဲ ကိုယ်တွယ်ရမည်။ ဤကောက်ချက်ကို စောဒကတက်မည်ဆိုလျှင် တက်နိုင်သည်။ ဉာဏ်အားတွေ အလွန်ဖွံ့ဖြိုးတိုးတက်နေသော အင်တာနက်ခေတ်၌ လူ၏ အမှားသည် မာဂျင် နည်းသွားပါလိမ့်မည်။

မမျှော်လင့်သော ဖြစ်ရပ်တို့နှင့် ဖြစ်လိမ့်မည်ဟု မယူဆသောဖြစ်ရပ်တွေ တကယ်ဖြစ်လာကြသဖြင့် လူသားသမိုင်းသည် အရှိန်အဟုန် အရမ်းမြင့်တက်သွားသည်ဟု အချို့က ယူဆသည်။ ဆန့်ကျင်ဘက် စောဒကတက်သူတို့က လူသားသမိုင်းအရှိန်အဟုန် မြင့်တက်လာမှုကြောင့် မမျှော်လင့်သောဖြစ်ရပ်တွေ တကယ်ဖြစ်စေသည်ဟု သုံးသပ်သည်။ မည်သို့ပင်ဆိုစေ လူသားသမိုင်းကတော့ မမျှော်လင့်သောဖြစ်ရပ်၊ စိတ်ကူးထဲမထည့်သောဖြစ်ရပ်တွေ တကယ်ဖြစ်ပျက်လာသဖြင့် ၀ီခနဲ ခါနေသည်။

နိုင်ငံတိုင်းသည် ပေါ်လစီများ ရွေးချယ်ရန် ခွင်ချထားရသည်။ ယခင်ကဆိုလျှင် ဤခွင်ထဲ မျှော်လင့်ထားသောဖြစ်ရပ်နှင့် ဖြစ်ပျက်လိမ့်မည်ဟု ယုံကြည်ရသောဖြစ်ရပ်တို့ကိုသာ ထည့်သွင်းသည်။ ယခု မမျှော်လင့်သော ဖြစ်ရပ်၊ ဖြစ်လိမ့်မည်ဟု မယုံကြည်သောဖြစ်ရပ်တို့ကိုလည်း ပေါ်လစီခွင်ထဲ ထည့်ထားရပြီ။ ပေါ်လစီခွင်သည် ဖိုထိုးသော လုံခွက်နှင့် မတူပေ။ ၂၁ ရာစုနှစ်ထဲ၌ အစွန်းရောက် အိုင်ဒီယာမျိုးစုံ ပေါ်ရုံမျှမက အိုင်ဒီယာတို့ကို လုံခွက်ထဲထည့်ပြီး မီးပြင်းတိုက် စမ်းသပ်ကြသည်။ ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုသည် ဤသာဓက ဆောင်သည်။ ယခု တစ်ယူသန် အစွန်းရောက်အိုင်ဒီယာတို့ကို လုံခွက်ထဲထည့်၍ မီးပြင်းတိုက်ပြီး ဖိုထိုးကြည့်သောခေတ်သည် ကုန်ပြီဟု သုံးသပ်လာကြသည်။

သမိုင်းအရှိန်က သိပ်ပြင်းလွန်း၊ သိပ်မြန်လွန်းခဲ့တော့ ချင့်ချင့်ချိန်ချိန် အလယ်နေရာသို့ ပြန်ရွေ့လာသည့်သဘော ဖြစ်ဟန်တူသည်။

(CEO မဂ္ဂဇင်း ဇန်န၀ါရီလ၊ ၂၀၁၀ မှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment