Friday, February 12, 2010

ပြည်ထောင်စုနေ့အတွေး - ဇော်ဂျီ

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်းလည်းအသိ၊ ငါလည်းသိ၏
အမိမျက်ရှု၊ ပြည်ထောင်စု၌
ယခုတိုင်ပင်၊ ရှေးယခင်သို့
ဤတွင် ဧရာ၊ ထိုမှာ ချင်းတွင်း
ရေလမ်းနင်း၍
ဆင်းကြ စုန်ကြ၊ ဒဂုံဝတည့်
ဘ၀သင်္ချေ၊ အတူနေဟု
ညာကြေရေသွန်း ထပ်သည်သို့။

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်းလည်းအသိ၊ ငါလည်းသိ၏
အမိမျက်ရှု၊ ပြည်ထောင်စု၌
ယခုတိုင်ပင်၊ ရှေးယခင်သို့
မြောက်ခွင် နှင်းဝေ၊ ရှမ်းကုန်းမြေမှ
စစ်တွေ နောက်တောင်၊ ကော့သောင်းငူစွန်း
ရံဝန်းညိုမြ၊ ကျွန်းစုံစွာတည့်
ဘ၀သင်္ချေ၊ အတူနေဟု
ရေမြေလက်ဖွဲ့ အပ်သည်သို့။

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်းလည်းအသိ၊ ငါလည်းသိ၏
အမိမျက်ရှု၊ ပြည်ထောင်စု၌
ယခုတိုင်ပင်၊ ရှေးယခင်သို့
ဖြူစင်စိတ်ကောင်း၊ ခေါင်းပုံမဖြတ်
မြတ်ကြီးမစား၊ တိုင်းရင်းသားတို့
များလှမြေပြန့်၊ တောင်အနှံ့တည့်
ဖွံ့ဖွံ့ဖြိုးဖြိုး၊ ဆိုးတူကောင်းဖက်
လက်တွဲကြင်ချစ်၊ လုံ့လသစ်သော်
ခေတ်သစ် စိတ်သစ်၊ ပြည်ထောင်သစ်သည်
ဖြစ်မည်နိမိတ် ဖတ်သည်သို့။

No comments:

Post a Comment