ဆရာမက အင်မတန်ခွကျတဲ့ အဘိုးကြီးတစ်ယောက်နဲ့ ခင်ဖူးတယ်။ တစ်ခါတုန်းက ဝန်ကြီးချုပ်ဖြစ်ခဲ့ဖူးတဲ့ ဦးနုရဲ့ အကြံပေးအရာရှိပါ။ အဲဒီတော့ သူကအင်မတန်ခွကျတယ်။ သူ့ကိုဦးလေးအုန်းလို့ ခေါ်ကြတယ်။ ဘယ်လောက်ထိ ခွကျလည်းဆို တစ်သက်လုံး သက်သတ်လွတ် စားသွားတယ်။ သူသေဆုံးတဲ့အခါကျတော့ ကျန်ရစ်ခဲ့တဲ့ ပစ္စည်းတွေက တော်တော်ကို များတယ်လို့ ကြားတယ်။ ဘယ်သူ့ကိုမှ လွှဲမသွားတဲ့အခါကျတော့ နောက်ပိုင်း တရားတဘောင်ဖြစ်ပြီး ကျန်ရစ်ခဲ့တယ်။ အဲဒီဦးလေးအုန်းလို ဂွကျတဲ့လူနဲ့ သွားပြီးတော့ ဘာကြောင့် ပေါင်းမိတာလဲဆိုတော့ သူက စာသိပ်ဖတ်တဲ့အခါကျတော့ သူပြောတဲ့စကားတွေ ကြားရတာက ကိုယ် အသိပညာ တိုးတာပါ့။ သူပြောလေ့ပြောထ ရှိတယ်။ ကိုအောင်ဆန်း ဆိုတဲ့လူက လေးစားထိုက်တဲ့လူပဲ။ ဘာကြောင့်လဲဆိုတော့ ငါတို့ည ဘယ်နှစ်နာရီမှာ ဌာနရဲ့ ဘယ်နားမှာစုပြီး ဆွေးနွေးကြမယ်လို့ ပြောလိုက်လို့ရှိရင် သူ့ကိုသွားမနှိုးရဘူး။ ကျန်တဲ့လူတွေကိုသာ တစ်ယောက်ပြီး တစ်ယောက် လိုက်နှိုးတာ။ ဘာကိုပြတာလဲဆိုတော့ သူ့ရဲ့ လုံ့လဥဿဟပေါ့။ အမြဲတမ်းသူသည် နောက်မကျဘူး။ အမြဲတမ်းသူကပဲ ဦးဆောင်သွားတယ်။ ဒါကို ဦးလေးအုန်းဆီက ကြားဖူးတာပေါ့။ အဲဒီလိုနေရင်းနဲ့ တစ်နေ့ကျတော့ ဆရာမရဲ့ နာရီ ပျက်နေတဲ့အခါကျတော့ ဆရာမနာရီက နောက်ကျနေတယ်။ သူနဲ့ ဘယ်နေရာမှာ ချိန်းထားလဲဆိုရင် လှည်းတန်းထိပ်က လက်ဖက်ရည်ဆိုင်မှာ ချိန်းထားတာ။ တကယ့်တကယ်တော့ လက်ဖက်ရည်သောက်ဖို့တော့ မဟုတ်ဘူး။ အဲဒီနားမှာချိန်းထားတာ။ နာရီကိုကြည့်လိုက်တဲ့ အချိန်မှာ ဟာ.. တော်တော်နောက်ကျနေပြီဆိုတော့ အပြေးအလွှားကြီး သွားတာ။
သွားပြီးတော့ သူ့နားရောက်တဲ့အခါကျတော့ "ဦးလေးအုန်းရယ်၊ ကျွန်မကို ခွင့်လွှတ်ပါ။ နောက်ကျသွားတယ်" ဆိုတော့ သူက ဘယ်လိုပြောလဲဆိုတော့ ကိစ္စမရှိပါဘူး တူမရယ်တဲ့။ ဦးလေးအုန်း စာဖတ်နေတာပဲတဲ့။ အချိန်လည်း အလဟဿ မဖြစ်ဘူးတဲ့။ ပျင်းလည်း မပျင်းဘူးတဲ့။ အဲဒီလို ပြောတဲ့အခါမှာ သူ့လက်ကို လှမ်းကြည့်လိုက်တာပေါ့။ သူ့လက်မှာ ဘာမှမရှိဘူး။ အဲဒီလို ဘာမှမရှိတာကိုလည်း သူသိတယ်။ လှမ်းကြည့်တာကိုလည်း သူသိတယ်။ အဲဒီတော့ သူဘယ်လို ပြောလဲဆိုတော့ စာဖတ်နေတယ်ဆိုတော့ စာအုပ်ကို မျှော်လင့်ဟန်တူပါရဲ့တဲ့။ ဦးလေးအုန်းဖတ်နေတာတွေက ဒီမှာလေ ဆိုပြီးတော့ ပတ်ဝန်းကျင်က ဈေးသွားဈေးပြန်တွေ အများကြီးက ဦးလေးအုန်းဖတ်နေတဲ့ စာတွေပဲတဲ့။
ပြောချင်တာက လောကမှာ ဖတ်စရာ အကောင်းဆုံး စာအုပ်နှစ်အုပ်ရှိတယ်။ တစ်အုပ်က Other ကို ဖတ်ရမယ်။ ကိုယ်မှတစ်ပါး အခြားသောသူတွေပေါ့။ သူတို့ဘယ်လိုနေလဲ၊ ဘယ်လို လှုပ်ရှားလဲ၊ ဘယ်လိုပြောဆိုလဲ၊ ဘာတွေဝယ်ပြီး ပြန်လာတာလဲ၊ အပြင်ဘက်က လူတွေကို ဖတ်ရမယ်။ နောက်တစ်ခုက Self မိမိကိုယ်ကိုယ် ဖတ်ရမယ်တဲ့။ အဲဒီလိုပြောရင်း သူထပ်ထပ်ပြီး ပြောလိုက်တာရှိတယ်။ အဲဒီလိုပြောပါတယ်။ ဟုတ်တာပေါ့။ အမှန်က သူများလိုက်ကြည့်နေဖို့ မလိုဘူးလေ။ တရားရှာ ကိုယ်မှာတွေ့ဆိုပြီးတော့ မိမိကိုယ်ကိုယ်မိမိ ပြန်ပြီးဖတ်တာပေါ့။ ပရိသတ်ကို လက်ဆောင်ပေးချင်တဲ့ စကားတစ်ခွန်းက လောကမှာ အရေးအကြီးဆုံး စာအုပ်နှစ်အုပ် ရှိပါတယ်။ တစ်ခုက Other သူများကိုဖတ်ပါ။ နောက်တစ်ခုက Self မိမိကိုယ်ကိုယ် ဖတ်ပါဆိုတာကို လက်ဆောင်အဖြစ်နဲ့ ပေးချင်ပါတယ်။
လျှပ်တစ်ပြက် သတင်းဂျာနယ်
အတွဲ (၂) အမှတ် (၇၂)
၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်
ရေးသူဖတ်သူ တွေ့ဆုံပွဲ (၄)
စာမျက်နှာ - ၂၀
အတွဲ (၂) အမှတ် (၇၃)
၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်
ရေးသူဖတ်သူ တွေ့ဆုံပွဲ (၄)
စာမျက်နှာ - ၂၂
********အတွဲ (၂) အမှတ် (၇၂)
၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်
ရေးသူဖတ်သူ တွေ့ဆုံပွဲ (၄)
စာမျက်နှာ - ၂၀
အတွဲ (၂) အမှတ် (၇၃)
၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်
ရေးသူဖတ်သူ တွေ့ဆုံပွဲ (၄)
စာမျက်နှာ - ၂၂
အပြည့်အစုံမဟုတ်ပါ။ စာရေးဆရာဖြစ်ချင်ရင် ဘာလုပ်ရမလဲဆိုသော မေးခွန်းနှင့် ပတ်သက်၍သာ ထုတ်နုတ်ကူးယူဖော်ပြပါထားခြင်းသာ ဖြစ်ပါသည်။
(ကိုဉာဏ်)
No comments:
Post a Comment