ဗိုလ်မှူးကြီးဗထူးက ဖက်ဆစ်တော်လှန်ရေး စလိုက်သောအချိန်တွင် ရန်ကုန်မြို့နှင့် အရပ်ရပ်ရှိ တော်လှန်ရေးအင်အားစုများအဖို့ အချိန်မတိုင်မီ ဖြိုခွင်းခြင်းမခံရလေအောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်များကလည်း အရပ်ရပ် စီစဉ်ကာ ဗိုလ်မှူးကြီးဗထူးအား ပရိယာယ်ဖြင့် တပ်မှထုတ်ပယ်လိုက်ကြောင်း ကြေညာလိုက်ခြင်းဖြင့် ဂျပန်ကို အချိန်မတိုင်မီ အယုံသွင်း လှည့်စားထားနိုင်လေသည်။ မတ်လ ၁၇ ရက်နေ့သို့ ရောက်သောအခါ ဗမာ့တပ်မတော်သည် အရပ်ရပ် စစ်မျက်နှာများတွင် ရန်သူကို တိုက်ရန်အတွက် တပ်ထွက်ပွဲကြီး ကျင်းပ၍ အောင်မြေနင်းကြလေသည်။ ထိုနေ့တွင် ဗိုလ်ချုပ်အောင်ဆန်းက ရန်သူကို စည်းလုံးညီညွတ်စွာ တိုက်ကြရန် အမှာစကား ပြောကြားလိုက်လေသည်။ ရန်သူဆိုသည်ကို ဂျပန်က အင်္ဂလိပ်မဟာမိတ်တို့အား ရည်ညွှန်းဆိုလိုသည်ဟု ထင်မှတ်ပေလိမ့်မည်။ သို့ရာတွင် မြန်မာ့မျိုးချစ် ရဲဘော်တို့ကမူ ဂျပန်ကိုသာ ဆိုလိုကြောင်း ကြိတ်၍နားလည်ထားကြပေသည်။ တပ်များသည် မိမိတို့ တာဝန်ကျရာ ဒေသများသို့ ရောက်လောက်သည့် မတ်လ ၂၇ ရက်နေ့တွင်ကား တစ်ပြည်လုံးတွင် ဂျပန်တို့အား အတိအလင်း တော်လှန်တိုက်ခိုက်ကြလေသည်။ ဗမာ့တပ်မတော်နှင့်တွဲ၍ အရပ်ရပ်တွင် လျှို့ဝှက်စည်းရုံးထားသော မျိုးချစ်လူငယ်များ၊ အာရှလူငယ်အစည်းအရုံးဝင်များ၊ တောင်သူလယ်သမားကြီးများကလည်း ရရာလက်နက်ဖြင့် တော်လှန်တိုက်ခိုက်ကြလေည်။ တိုင်းရင်းသားများကလည်း စည်းရုံးစွာ ပါဝင်၍ ဖက်ဆစ်ရန်သူကို တိုက်ထုတ်ကြလေသည်။ တစ်ပြည်လုံးတွင် အရေးပါသော ဂျပန်စစ်အရာရှိကြီးများ အပါအ၀င် ဖက်ဆစ်ဂျပန် နှစ်သောင်းထက်မနည်း သုတ်သင်နိုင်ခဲ့၍ အများအပြားဒဏ်ရာရစေကာ သုံ့ပန်းများလည်း ဖမ်းမိလေသည်။ မြို့ကြီးပေါင်းများစွာကို အင်္ဂလိပ်မဟာမိတ်တို့ ရောက်မလာမီ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့လေသည်။ ဗိုလ်မှူးကြီးနေ၀င်း (ဗိုလ်ချုပ်ကြီး နေ၀င်း)သည် မတ်လ ၁ ရက်နေ့ကပင် ဂျပန်တို့ မြေလှန်ဖျက်ဆီးခြင်း မပြုနိုင်အောင် ဟန့်တားကာ ရန်ကုန်မြို့ကို သိမ်းပိုက်နိုင်ခဲ့လေသည်။ ဂျပန်တို့မှာ မရှုမလှ နှိမ်နင်းခြင်းခံရ၍ ထွက်ပြေးရန် လမ်းပေါက်ကိုသာ အရအမိထိုးထွက်ကာ တရကြမ်း ဆုတ်ခွာကြရလေသည်။
ဖက်ဆစ်ဂျပန်တို့သည် မြန်မာ့စစ်မျက်နှာတွင်သာ အရေးနိမ့်သည်မဟုတ်ဘဲ မိမိ၏ စစ်မျက်နှာတွင်လည်း အမေရိကန်တို့၏ အဖိခံနေရ၍ ၁၃၀၇ ခုနှစ် (၁၉၄၅ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့) တွင် အဏုမြူဗုံးဒဏ်ကို ထိတ်လန့်တုန်လှုပ်စွာဖြင့် အပြီးအပိုင် လက်နက်ချလိုက်ကြလေသည်။ မြန်မာနိုင်ငံတွင် ကြွင်းကျန်နေသော ဂျပန်တို့ကား အဆက်အသွယ်ပြတ်ကာ ဆက်လက် ခုခံတိုက်ခိုက်နေကြသဖြင့် တော်လှန်ရေးရဲဘော်များက ဆက်လက်နှိမ်နင်း နေကြရပေသေးသည်။
[လှသမိန် ၏ မြန်မာရာဇ၀င်အကျဉ်း စာအုပ်မှ ပြန်လည်ကူးယူဖော်ပြပါသည်]
No comments:
Post a Comment