Wednesday, March 03, 2010

အပြစ်မြင်တတ်တဲ့ ကျွန်တော် ???

သူငယ်ချင်းတွေကတော့ ပြောကြတယ်။ မင်းကတဖြည်းဖြည်းနဲ့ ဂျာနယ်လစ်တွေနဲ့ တူလာပြီတဲ့။ တကယ်တမ်း သူတို့ပြောတာက ပိုပြင်းထန်တယ်။ ကျွန်တော်အမြဲဖတ်နေကျ ဂျာနယ်တစ်ခုရဲ့ နာမည်တပ်ပြီးတော့ကို ပြောကြတာ။ တွေ့ကရာကို အပြစ်လိုက်မြင်နေပုံမျိုးနဲ့ ခေါင်းစဉ်တပ်ကြတယ်။ တကယ်တမ်းပြောရရင် ဂျာနယ်လစ်တွေဟာ သူများအမှားကိုပဲ လိုက်ရှာပြီး ရေးနေကြသူတွေလို့ ကျွန်တော်က မယူဆပါဘူး။ သူတို့မှာလည်း သူတို့အလုပ်နဲ့ ပတ်သက်ပြီး စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေ ရှိကြပါတယ်။ ဂျာနယ်လစ်တစ်ယောက် ဖြစ်ဖို့ဆိုတာ လွယ်တာမှမဟုတ်တာ။ ထားပါတော့လေ။ ဂျာနယ်လစ်အကြောင်း ပြောဖို့မဟုတ်ပါဘူး။ တစ်ခုခုဆိုရင် အပြစ်မြင်တတ်လွန်းတယ်လို့ ပြောတတ်ကြတဲ့ ကျွန်တော့်သူငယ်ချင်းတွေအတွက် ပိုပြီးတော့ ပြောစရာဖြစ်အောင် လုပ်လိုက်ပါဦးမယ်။ တခြားတော့ မဟုတ်ပါဘူး။ မနေ့က သတင်းစာဖတ်နေရင်းနဲ့ အမှတ်တမဲ့ တွေ့လိုက်မိတဲ့ အမှားလေးတွေပါ။ မပြောတော့ဘူးလို့ နေတာပါပဲ။ ဒါပေမယ့် စိတ်ထဲမှာ တနုံ့နုံ့ကြီးဖြစ်နေလို့ တင်ပေးလိုက်တာပါ။ အရာရာကို တကူးတက အပြစ်ရှာပြီး လိုက်ကြည့်တာမျိုး မဟုတ်တာတော့ အသေအချာပါပဲ။ ဒါပေမယ့်ဗျာ... ကျွန်တော့်ကျမှပဲ အမှားတွေက လာလာတွေ့နေရတာ အတော်ဆိုးတယ်။ အချို့သူငယ်ချင်းတွေကဆို ကျွန်တော့်ကို မင်္ဂလာဆောင်ဖိတ်စာတွေ၊ အလှူဖိတ်စာတွေ၊ ကလေးမွေးနေ့ဖိတ်စာတွေ ပေးဖို့အတွက် လက်တွန့်နေကြတယ်။ သူတို့ဘာသာ လုပ်ထားတုန်းက အကောင်းသား၊ ကျွန်တော့်ကိုဖိတ်လိုက်မိကာမှ ဘယ်နားမှာ စာလုံးပေါင်းမှားနေတယ်၊ ခုနှစ်ကို အဲလိုမရေးရဘူး၊ ရေးထားတာ သဒ္ဒါမမှန်ဘူး စသဖြင့် ထောက်ပြပြောဆိုမိတာကိုး။ အချို့က ဘာမှမပြောဘူး၊ အချို့က ကျေးဇူးတင်စကား ဆိုကြတယ်၊ အချို့ကတော့ ကျွန်တော့်ကို တစ်ခါတည်း စလံသသွားတဲ့ ပုံစံမျိုးနဲ့ ကြည့်ကြတယ်။ အခင်မင်တွေတောင် ပျက်ကုန်ပါရောလား။ မှန်တာကိုတော့ မှန်တဲ့အတိုင်း ပြောရမှာပါပဲလေ။ အခင်မင်ပျက်တာလောက်ကို အရေးလုပ်မနေနိုင်ပါဘူး။ ဟိုတုန်းက ပုဂ္ဂိုလ်ကြီးတွေလိုမျိုး အမှန်တရားအတွက် အသက်ကို စွန့်ရဲတဲ့သူလည်း မဟုတ်ရပါဘူး။ ဒါပေမယ့် အမှန်တရားအတွက် အခင်မင်ပျက်တာ၊ စိတ်ဆိုးသွားတာလောက်တော့ ရင်းရဲတဲ့သတ္တိလေး ရှိပါသေးတယ်။ အဲဒါကြောင့်လည်း တွေ့မိတဲ့ အမှားလေးတွေကို ထောက်ပြပြောဆိုမိတာပါနော်။

(၁)
russiancurrency.png
ပုံမှာမြင်ရတဲ့အတိုင်းပါပဲ... [ရုရှားရူပီးငွေ]လို့  သုံးနှုန်းထားတာကို ကျွန်တော့်မျက်စိကလည်း ပေါက်ပေါက်ရှာရှာကို မြင်ဖြစ်အောင် မြင်လိုက်မိပါသေးတယ်။ အင်တာနက်မှာ ရှာကြည့်တော့လည်း ရုရှားငွေကို ရူပီးလို့ ဘယ်လိုမှကို အသံထွက်လို့ မရပါဘူး။ အိန္ဒိယငွေဆိုရင်လည်း အကောင်းသား။ အနီးစပ်ဆုံး ကျွန်တော်ထွက်လို့ရတာကတော့ ရုရှားငွေကို [ရူဘယ်လ်]လို့ပဲ အသံထွက်ရပါတယ်။ Ruble ဆိုတဲ့ စကားလုံးကို ရူပီးလို့ အသံထွက်လို့ရတယ်ဆိုရင်လည်း ကျွန်တော့်အမှားပဲ ဖြစ်ပါစေတော့။
[၂-၃-၂၀၁၀ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ-၆]


(၂)
carlingcup2010final.png
၂၀၁၀ ကာလင်းဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ မန်ချက်စတာ ယူနိုက်တက်အသင်းက အက်စတွန်ဗီလာအသင်းကို [နှစ်ဂိုး-တစ်ဂိုး] နဲ့ အနိုင်ရသွားတယ်ဆိုတာကို အားလုံးနီးပါးလောက် သိကြပါတယ်။ ဒါပေမယ့်ဗျာ ကျွန်တော်တို့ မန်ယူခမြာလည်း ဖလားသာ ရသွားရှာတယ်။ အက်စတွန်ဗီလာကို အနိုင်မကန်သွားနိုင်ရှာဘူးကိုး။ နှစ်ဂိုးသွင်းနိုင်ခဲ့တဲ့ အေဗီလာက အနိုင်မရဘဲ တစ်ဂိုးပဲရခဲ့တဲ့ မန်ယူက ဘာကိစ္စ ဖလားရသွားသလဲဆိုတာကို ဒီသတင်းကိုပဲ ဖတ်တဲ့လူတွေအတွက်တော့ ပုစ္ဆာတစ်ပုဒ် ဖြစ်သွားနိုင်ပါတယ်။
[၁-၃-၂၀၁၀ ရက်နေ့ထုတ် The New Light of Myanmar၊ စာမျက်နှာ-၁၄]


(၃)
နောက်တစ်ခုကတော့ Eleven Journal မှာ ဖတ်လိုက်ရတဲ့ ကြော်ငြာတစ်ခုပါ။ လူမင်းကို ကိုယ်စားလှယ်ဆိုလား၊ သူတို့ရဲ့ သံတမန်ဆိုလား ခန့်အပ်ထားတယ်ဆိုတဲ့ အသိပေးကြေညာချက်ပါ။ အဲဒီကြော်ငြာရဲ့ ခေါင်းစဉ်မှာ စာလုံးကြီးတွေပြူးနေအောင် ရေးထားတာလေးကို ပြောချင်တာပါ။ မြန်မာစာရေးတဲ့နေရာမှာ "ကြော်ငြာ" ဆိုတာနဲ့ "ကြေညာ" ဆိုတာကို နေရာမှန်အောင် မသုံးကြဘဲ အရောရောအထွေးထွေး သုံးတတ်ကြပါတယ်။ တီဗီမှာ၊ မဂ္ဂဇင်းမှာ ကြော်ငြာတာဟာ ကြော်ငြာပါ။ ထုတ်ပြန်ချက်တွေ၊ အသိပေးချက်တွေကိုတော့ ကြေညာရပါတယ်။ ဟော... အခုတော့ သူတို့က အခန့်သား ရေးထားလိုက်ပုံများက "အသိပေး ကြေငြာချက်" တဲ့။ အင်တာနက်ကွန်နက်ရှင်းကြောင့် အဲဒီဂျာနယ်ကို ဒေါင်းလုဒ်မချနိုင်သေးတဲ့အတွက် လောလောဆယ် သည်းခံလိုက်ကြပါဦး။ ကျွန်တော့်မှာရှိတဲ့ ဂျာနယ်ကိုပဲ စကင်ဖတ်ပြီး တင်ပေးနိုင်ဖို့ ကြိုးစားလိုက်ပါဦးမယ်။
ကွန်နက်ရှင်းက စိတ်ကောင်းဝင်နေတဲ့အတွက် ဂျာနယ်ကို ဒေါင်းလုဒ်ချလို့ရပါပြီ။ နေရာချန်ခဲ့တဲ့ ပုံနေရာကို တင်ပေးလိုက်ပါပြီနော်
[၁၇-၂-၂၀၁၀ ရက်နေ့ထုတ် Weekly Eleven Journal အတွဲ ၅ အမှတ် ၁၉၊ စာမျက်နှာ-၃၇]

ကဲ... ဒီလောက်နဲ့ပဲ တော်ပါပြီဗျာ။ ကျွန်တော်ကပဲ အပြစ်မြင်နေတယ်ပဲ ဆိုလိုက်ကြပါစို့။ မြင်တယ်ဆိုတာကလည်း မရှိရင် ဘယ်မြင်လိမ့်မလဲနော်။ ရှိနေတဲ့အမှားကို မြင်မိတယ်ဆိုတာ မြင်တဲ့လူရဲ့ အမှားတော့ ဟုတ်ဟန်မတူဘူးလို့ ကျွန်တော်က ယုံကြည်မိတာပါပဲ။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် မတ်လ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။
နေ့လည် ၂ နာရီ ၅၂ မိနစ်တွင်ပြီး၏။

No comments:

Post a Comment