လောင်စာဆီလုပ်ငန်းများကို ပုဂ္ဂလိကပိုင်ပြုရာတွင် အပိုင်း သုံးပိုင်း ပါရှိသည်ကို တွေ့ရသည်။
(၁) စက်သုံးဆီ၊ လောင်စာဆီများတင်သွင်း၍ လက်ကားဖြန့်ဖြူးရောင်းချခွင့်
(၂) စက်သုံးဆီ၊ လောင်စာဆီများ လက်လီဖြန့်ဖြူးရောင်းချခွင့်
(၃) နိုင်ငံပိုင်လောင်စာဆီ အရောင်းဆိုင်များကို ပုဂ္ဂလိကပိုင်ပြုခြင်း
စီးပွါးရေးမူဝါဒအသစ်များတွင် အထက်တွင်ဖော်ပြခဲ့သည့် အပိုင်း (၁) နှင့် အပိုင်း (၃) ကို ပူးတွဲစဉ်းစား၍ ရွေးချယ်နေရာချထားမှုများ ပြုခဲ့သော်လည်း အပိုင်း (၂) အတွက် နိုင်ငံသားများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ခွင့်ပြုလိုက်သောကြောင့် အထူးပင် ကြိုဆိုလိုက်ပါသည်။ ဤစီးပွါးရေးအခွင့်အလမ်းသည် အလုပ်အကိုင် အခွင့်အလမ်းသစ်များကိုလည်း ထွက်ပေါ်စေဦးမည် ဖြစ်ပေသည်။
အမှန်အားဖြင့် အပိုင်း (၃) ဖြစ်သည့် နိုင်ငံပိုင်လောင်စာဆီ အရောင်းဆိုင်အချို့၏ မြေနေရာအနေအထားကြောင့် ဈေးနှုန်းများ ကြီးမြင့်နေသည်ဖြစ်ရာ အသစ်ပေါ်လာသော ဆိုင်သစ်များကို ယှဉ်ပြိုင်ရောင်းချရန် မဖြစ်နိုင်သည်ကို တွေ့ရသည်။ အချို့သောဆိုင်များသည် ကျပ်သိန်းပေါင်း သောင်းနှင့်ချီ၍ တန်ကြေးဖြစ်နေရာ လောင်စာဆီ လက်လီရောင်းချခြင်းဖြင့် မည်သို့မျှ တွက်ခြေမကိုက်သော ဈေးနှုန်းဖြစ်နေသည်ကို တွေ့ရသည်။
မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံ၏ သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် အရေးကြီးသော လုပ်ငန်းကြီးကို ပုဂ္ဂလိကနယ်ပယ်သို့ ဖွင့်လှစ်ပေးလိုက်ရာ၊ လက်ကားတင်သွင်းသူများ၊ သယ်ယူပို့ဆောင်ပေးသူများ၊ လက်လီရောင်းချသူများ၊ လုပ်ငန်းအုပ်စုကြီးများ ပေါ်ပေါက်၍ ပီပြင်သော Supply Chain တစ်ခု ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများ ရှိနေပါသည်။ ရေရှည်တွင် အခွင့်အရေးသမားများ ပြိုင်ပွဲမှ ထွက်သွားကြရမည်ဖြစ်ပြီး လက်တွေ့ လုပ်ကိုင်နိုင်စွမ်းရှိသူများ ကျန်ခဲ့ပါလိမ့်မည်။
အယ်ဒီတာ (၁၇-၃-၂၀၁၀)
အယ်ဒီတာ့အာဘော်
The Voice Weekly Journal
အတွဲ (၆) အမှတ် (၂၀)
Monday, March 22-28, 2010
စာမျက်နှာ - ၎
The Voice Weekly Journal
အတွဲ (၆) အမှတ် (၂၀)
Monday, March 22-28, 2010
စာမျက်နှာ - ၎
No comments:
Post a Comment