နိုင်ငံတစ်နိုင်ငံ အဓွန့်ရှည်စွာ တည်တံ့ခိုင်မြဲရေးအတွက် လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟာ အသက်တမျှ အရေးကြီးတယ်။
လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို အကြွင်းမဲ့ ကာကွယ်စောင့်ရှောက်နိုင်ဖို့အတွက် ဒို့တပ်မတော်ဟာ အင်အားတောင့်တင်းရမယ်၊ စွမ်းရည်ထက်မြက်ရမယ်၊ ခေတ်မီရမယ်၊ မျိုးချစ်စိတ်ဓာတ် ထက်သန်ရမယ်။
စနစ်တစ်ခုကနေ စနစ်တစ်ခုကို စနစ်တကျ တစ်ဆင့်ပြီးတစ်ဆင့် ကူးပြောင်းနိုင်မှုမရှိရင် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အတွက် ဘေးအန္တရာယ် ကျရောက်နိုင်တယ်။ မိမိနဲ့ ယဉ်ပါးခြင်းမရှိသေးတဲ့စနစ်ကို ကူးပြောင်းနေစဉ်မှာ အတွေ့အကြုံရင့်ကျက်ပြီးသား နိုင်ငံတွေက သူတို့အကျိုးစီးပွားအတွက် ၀င်ရောက်စွက်ဖက် အမြတ်ထုတ်တတ်စမြဲ ဖြစ်တယ်။ ဒါကြောင့် ပြည်ပအားကိုးခြင်းကို မပြုမိကြဖို့ အထူုးလိုအပ်တယ်။
ဒီမိုကရေစီကျင့်စဉ်ဆိုတာဟာ မကျင့်သုံးတတ်ရင် မင်းမဲ့စရိုက် ဆန်သွားတတ်တယ်။ ဒါကြောင့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးတော့မယ်ဆိုရင် တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့ လိုတယ်။ နိုင်ငံသားတွေဟာ အသိပညာနဲ့ ရင့်ကျက်ကြဖို့လိုတယ်။ ဒါ့အပြင် နိုင်ငံတော်နဲ့ နိုင်ငံသားတွေဟာ သင့်တင့်တဲ့ ဓနဥစ္စာနဲ့ ပြည့်စုံကြွယ်ဝဖို့လဲ လိုတယ်။
ယခုနှစ်မှာဆိုရင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေကို ကျင်းပပေးတော့မှာ ဖြစ်တယ်။
ယခုနှစ်ကျင်းပမယ့် ရွေးကောက်ပွဲတွေဟာ ဒီမိုကရေစီပျိုးထောင်မှုရဲ့ အစကနဦးသာဖြစ်စဉ်သာ ဖြစ်တယ်။ ဒီမိုကရေစီကျင့်စဉ် ရင့်ကျက်မှု မရှိသေးမီ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေအနေနဲ့ ဆင်ခြင်ကြရမယ့်အချက်တွေကို ဒီနေရာမှာ ပြောကြားလိုတယ်။
- နိုင်ငံတော်မှာ ဆူပူမှုတွေဖြစ်ပွားခြင်းမရှိအောင်၊ တရားဥပဒေစိုးမိုးရေးနဲ့ အေးချမ်းတည်ငြိမ်ရေးကို ထိခိုက်စေမယ့် ရွေးကောက်ပွဲဆိုင်ရာ အကြမ်းဖက်မှုတွေ မဖြစ်ပေါ်အောင်နဲ့ ပြည်ထောင်စုပြိုကွဲမယ့်အရေးကို ရောက်မသွားရအောင် ကြီးမားတဲ့သတိတရားနဲ့ ဆောင်ရွက်ကြဖို့ လိုအပ်တယ်။
- ကိုယ့်ပါတီ အနိုင်ရရင်ပြီးစတမ်း သဘောမျိုးနဲ့ ပုဂ္ဂိုလ်အချင်းချင်း၊ ပါတီအချင်းချင်း ပုတ်ခတ်မှုများ၊ လူမျိုးရေးနဲ့ ဘာသာရေး သွေးကွဲစေမယ့် အပြုအမူများ စတဲ့ မပြုသင့်မပြုထိုက်တဲ့ မလျော်မကန် မဲဆွယ်မှုမျိုးတွေကိုလဲ ရှောင်ရှားကြရမှာ ဖြစ်တယ်။
- မိမိတို့ပါတီရဲ့ မူဝါဒလမ်းစဉ်ကိုချပြပြီး ပြည်သူကြိုက်ရာကို လွတ်လွတ်လပ်လပ် ဆန္ဒမဲပေးပါစေ။
နိုင်ငံတော်မှာ မည်သည့်စနစ်ကို ကျင့်သုံးသည်ဖြစ်စေ နိုင်ငံတော်ကြီးဟာ အေးချမ်းသာယာနေပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် မြင့်မားနေရေးသည်သာ အဓိကပန်းတိုင်ဖြစ်တယ်။ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်း ဆိုတာမျိုးဟာ ရည်မှန်းချက် တစ်နေရာရာမှာ ရပ်တန့်သွားရတာမျိုး မဟုတ်ဘဲ ဆင့်ကဲဆင့်ကဲ အမြဲတမ်းရှင်သန်နေအောင် လုပ်ကိုင်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်ဖြစ်တယ်။ တိုင်းပြည်ကြီးဟာ စီးပွားရေးဖြစ်ထွန်းပြီး စဉ်ဆက်မပြတ် ခေတ်မီဖွံ့ဖြိုးတိုးတက်နေအောင် ဆတက်ထမ်းပိုး ကြိုးပမ်းကြရမယ်။
ဒီလိုဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံရေးတည်ငြိမ်မှုရှိရမယ်၊ ရပ်ရွာအေးချမ်းသာယာပြီး တရားဥပဒေစိုးမိုးမှုရှိရမယ်။ ပြည်သူတွေဟာ စိုးရိမ်ကြောင့်ကြမှုကင်းပြီး စိတ်အေးချမ်းသာစွာနဲ့ ပရိယေသန၀မ်းစာကို ရှာမှီးနိုင်ကြရမယ်။ ပြည်တွင်းပြည်ပ အဖျက်သမားတွေရဲ့ အန္တရာယ်ကို ကာကွယ်နိုင်ကြရမယ်။ ဒီလိုဖြစ်အောင် အစိုးရ၊ ပြည်သူနဲ့ တပ်မတော်က ၀ိုင်းဝန်းစောင့်ရှောက် ကြရမှာဖြစ်ကြောင်း ပြောကြားလိုတယ်။
*-*-*-*-*-*-*-*-*-*-* -*-*-*-*-*-*-*-*-*-*-*
၂၀၁၀ ခုနှစ် (၆၅)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မြွက်ကြားသည့်မိန့်ခွန်း
မြန်မာ့အလင်းသတင်းစာ
အတွဲ (၄၉) အမှတ် (၁၇၉)
၂၀၁၀ ခုနှစ်၊ မတ် ၂၈ ရက်၊ တနင်္ဂနွေနေ့။
စာမျက်နှာ - ၎
မြန်မာ့အလင်းသတင်းစာ
အတွဲ (၄၉) အမှတ် (၁၇၉)
၂၀၁၀ ခုနှစ်၊ မတ် ၂၈ ရက်၊ တနင်္ဂနွေနေ့။
စာမျက်နှာ - ၎
No comments:
Post a Comment