Friday, March 19, 2010

န၀ရတ်ကိုးပါး

တစ်ခါတုန်းက သူငယ်ချင်းတစ်ယောက် မေးဖူးတဲ့မေးခွန်းလေးကို သတိရမိလို့ တင်ပေးလိုက်တာပါ။ န၀ရတ်ကိုးပါးက ဘာတွေလဲတဲ့။ အဲဒီတုန်းက မှတ်မှတ်ရရ ကျွန်တော်ရွတ်တော့ ရွတ်ပြမိပါတယ်။ ဒါပေမယ့် တစ်ဝက်တစ်ပျက်ဖြစ်နေတာလည်း မှတ်မိနေတယ်။ ကိုးပါးစလုံးမပြည့်ဘဲ ခုနစ်ပါးလား၊ ရှစ်ပါးလားမသိဘူး ရွတ်ပြမိပါတယ်။ လက်ဘက်ရည်ဆိုင် ထိုင်တဲ့အချိန်မျိုးမှာလည်း အချို့သူငယ်ချင်းတွေက န၀ရတ်ကိုးသွယ်လက်စွပ်ဆိုပြီး ၀တ်ဆင်ထားတတ်တာတွေ ရှိပါတယ်။ ဒါပေမယ့် န၀ရတ်ကိုးသွယ်ကို နာမည်တပ်ပြီး တစ်ခုချင်းပြောဖို့ တစ်ခါမှ အဆင်မပြေခဲ့တာ အမှန်ပါပဲ။ ကဲပါ... သိပြီးတဲ့လူတွေအတွက် ရှိပါစေတော့။ မသိသေးတဲ့လူတွေအတွက် သိထားတာလေးကို ပြန်ဝေငှလိုက်ပါတယ်။

န၀ရတ်ကိုးပါးဟူသည်မှာ န၀ရတန ဟူသော ပါဠိစကားမှ ဆင်းသက်လာပြီး န၀ = ကိုး၊ ရတန = ရတနာ၊ ရတနာကိုးပါးဟူ၍ အဓိပ္ပါယ်ရကြောင်း မြန်မာ့စွယ်စုံကျမ်းတွင် ဖွင့်ဆိုထားသည်။

န၀ရတ်ကိုးပါးတွင်ပါဝင်သော ကျောက်မျက်ရတနာများမှာ-
(၁) ပတ္တမြား
(၂) စိန်
(၃) ပုလဲ
(၄) သန္တာ
(၅) ဂေါ်မိတ်
(၆) နီလာ
(၇) ကြောင်
(၈) ဥဿဖယား
(၉) မြ

[ဥတုဘောဇနသင်္ဂဟကျမ်း]
ပတ္တမြား၊ စိန်ခဲ၊ ပုလဲ၊ သန္တာ၊ ဂေါ်မိတ်ဖြာသား၊ နီလာ၊ ကြောင်ထုတ်၊ ဥဿဖယား၊ မြကိုးပါး

[မဏိသျှတ္တရကျမ်း]
ပတ္တမြားဘုန်းတောက်၊ မြကျောက်အေးချမ်း၊ စိန်စွမ်းဂုဏ်ရောင်၊ ကြောင်ကားသိဒ္ဓိ၊ မဏိနီလာ မေတ္တာချုပ်ကဲ၊ ဂေါ်မိတ်ခွန်အား၊ ဥဿဖယား ကျန်းမာ၊ သန္တာကြီးကဲ၊ ပုလဲကျက်သရေ၊ ဂုဏ်ကိုးဝေသည်၊ ကိုးထွေန၀ရတ် စွမ်းရည်တည်း။

No comments:

Post a Comment