ဓမ္မပဒဂါထာ (၁၉)
ဗဟုမ္ပိ စေ သံဟိတ ဘာသမာနော၊
န တက္ကရော ဟောတိ နရော ပမတ္တော။
ဂေါပေါဝ ဂါဝေါ ဂဏယံ ပရေသံ၊
န ဘာဂ၀ါ သာမညဿ ဟောတိ။
သိပြီးမကျင့်ရင် နွားကျောင်းသား
အကျိုးစီးပွားကောင်းတွေ ဖြစ်ထွန်းစေနိုင်တဲ့ ပိဋကတ်သုံးဖော် ဘုရားတရားတော်တွေကို အများကြီး သင်ယူပို့ချ ဟောပြောနေပေမယ့် အဲဒီတရားတော်တွေအတိုင်း လိုက်နာပြုကျင့်မှုမရှိဘဲ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ နေမယ်ဆိုရင် မဂ်ဖိုလ်ဝေစုရတဲ့သူ၊ မဂ်ဉာဏ်ဖိုလ်ဉာဏ်နဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တဲ့သူ လုံးဝ မဖြစ်နိုင်ပါဘူး။ ဘာနဲ့ ဥပမာတူသလဲဆိုရင် နွားပိုင်ရှင် သူတစ်ပါးတို့ရဲ့ နွားတွေကို ရေတွက်ထိန်းကျောင်းရတဲ့ အခစား နွားကျောင်းသားဟာ နွားထွက်ပစ္စည်း အရသာငါးမျိုး (နို့ရည်၊ နို့ဓမ်း၊ ထောပတ်၊ ရက်တက်၊ ဆီဦး) ရဲ့ ဝေစုရတဲ့သူ၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေ သုံးဆောင်ခံစားခွင့်ရတဲ့သူ လုံးဝ မဖြစ်နိုင်သလိုပါပဲ။
ဓမ္မပဒဂါထာ (၂၀)
မပ္ပမ္ပိ စေ သံဟိတ ဘာသမာနော၊
ဓမ္မဿ ဟောတိ အနုဓမ္မစာရီ။
ရာဂဉ္စ ဒေါသဥ္ဒ ပဟာယ မောဟံ၊
သမ္မပ္ပဇာနော သုဝိမုတ္တစိတ္တော။
အနုပါဒိယာနော ဣဓ ၀ါ ဟုရံ ၀ါ၊
သ ဘာဂ၀ါ သာမညဿ ဟောတိ။
သိပြီးကျင့်မှ နွားပိုင်ရှင်
အကျိုးစီးပွားကောင်းတွေ ဖြစ်ထွန်းစေနိုင်တဲ့ ပိဋကတ်သုံးဖော် ဘုရားတရားတော်တွေကို အနည်းငယ်မျှသာ သင်ယူပို့ချ ဟောပြနေပေမယ့် မဂ်ဖိုလ်နိဗ္ဗာန်နဲ့ လိုက်လျောညီထွေတဲ့ အကျင့်ကောင်းအကျင့်မြတ်တွေကို (ကိုယ်သင်ယူလို့ သိထားတဲ့ တရားတော်တွေအတိုင်း) ကျင့်ကြံကြိုးကုတ် အားထုတ်မယ်ဆိုရင် ရာဂ၊ ဒေါသ၊ မောဟ တွေကိုလည်း ပယ်စွန့်နိုင်၊ သိသင့်သိထိုက်တဲ့ သစ္စာလေးပါး အမှန်တရားတွေကိုလည်း ကောင်းကောင်းပိုင်ပိုင်သိ၊ စိတ်ကလည်း ကိလေသာအနှောင်အဖွဲ့တွေကနေ ရှင်းရှင်းကြီးလွတ်ပြီး ပစ္စုပ္ပန်ရုပ်နာမ်ခန္ဓာ အပေါ်မှာရော၊ တမလွန် ရုပ်နာမ်ခန္ဓာအပေါ်မှာရော၊ အတွင်းအဇ္ဈတ္တ ရုပ်နာမ်ခန္ဓာအပေါ်မှာရော၊ အပြင်ဗဟိဒ္ဓ ရုပ်နာမ်ခန္ဓာအပေါ်မှာပါ တဏှာဒိဋ္ဌိနဲ့ မစွဲလမ်းတော့တဲ့ ရဟန္တာပုဂ္ဂိုလ် ဖြစ်နိုင်ပါတယ်။ နွားပိုင်ရှင်ဟာ နို့နဲ့ နို့ထွက်ပစ္စည်းတွေရဲ့ အရသာဝေစုကို ရသလို နည်းနည်းသိပြီး များများကျင့်တဲ့ ပုဂ္ဂိုလ်ဟာလည်း မဂ်ဖိုလ်ဝေစုရတဲ့သူ၊ မဂ်ဉာဏ်ဖိုလ်ဉာဏ်နဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တဲ့သူ ဖြစ်နိုင်ပါတယ်။
No comments:
Post a Comment