မြန်မာတို့ကား ဖက်ဆစ်ဂျပန်ကို မောင်းထုတ်၍ လွတ်လပ်ရေးကို အရယူယူရန် စိုင်းပြင်းခဲ့ရာ စစ်နိုင်၍ ပြန်ဝင်လာသော အင်္ဂလိပ်တို့နှင့် ပြန်လည်ရင်ဆိုင်ရပြန်လေသဖြင့် လွတ်လပ်ရေးအတွက် တိုက်ပွဲကို ဆက်လက်တိုက်ခိုက်ရန် ပြင်ဆင်ရပြန်လေသည်။ တော်လှန်ရေး ဆင်နွဲခဲ့ဖူးသော မြန်မာတို့မှာ ယခင်အင်္ဂလိပ်တို့ အုပ်ချုပ်ခဲ့စဉ်က မြန်မာတို့နှင့် လုံးဝခြားနားလျက်ရှိ၍ စစ်ပညာ အတွေ့အကြုံနှင့် လက်နက်အင်အားတွင်သာမက စည်းလုံးတက်ကြွမှုတွင်လည်း အံ့သြရလောက်အောင် ညီညာတက်ကြွနေကြလေသည်။ ထို့ကြောင့် မြန်မာကို ပြန်လည်ဖိနှိပ်အုပ်ချုပ်ရန် အင်္ဂလိပ်တို့၏ စိတ်ကူးယဉ်ခဲ့သမျှမှာ မှားယွင်းပျက်ချော်၍ ပြဿနာအတွက် လွဲလာခဲ့လေသည်။
မျိုးချစ်တိုင်းရင်းသားခေါင်းဆောင်များသည် ဗိုလ်ချုပ်အောင်ဆန်း၏ စည်းရုံးမှုအောက်တွင် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ကြီးကို ဖွဲ့စည်းလျက် အင်္ဂလိပ်တို့နှင့် အရေးဆိုရန် စီမံစိုင်းပြင်းလျက် ရှိလေသည်။ ၁၃၀၇ ခုနှစ် (၁၉၄၅ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့) တွင် ရန်ကုန်မြို့ ကန်တော်ကြီးရှိ နေသူရိန်ရုံကြီးတွင် လူထုအစည်းအဝေး ကျင်းပ၍ လုံးဝ အချုပ်အခြာအာဏာပိုင် လွတ်လပ်ရေးကို တောင်းဆိုခဲ့ကြလေသည်။ ၁၃၀၈ ခုနှစ်တွင်လည်း ရွှေတိဂုံစေတီတော် အလယ်ပစ္စယံ၌ ပြည်လုံးကျွတ် ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့ ကိုယ်စားလှယ်များ ပါဝင်သည့် ညီလာခံကိုကျင်းပ၍ အမျိုးသားစည်းလုံးညီညွတ်ရေး၊ လုံးဝလွတ်လပ်ရေး အဆိုများကို ပြဋ္ဌာန်းဆုံးဖြတ်၍ ဗိုလ်ချုပ်အောင်ဆန်းကိုပင် ခေါင်းဆောင်အဖြစ် ဆက်လက်တင်မြှောက်ခဲ့ကြလေသည်။
အင်္ဂလိပ်ဘုရင်ခံသည် ဥပဒေအရ အစိုးရဖွဲ့ရန် ဖဆပလအဖွဲ့ကြီးအား ဖိတ်ခေါ်ရလေတော့သည်။ သို့ရာတွင် ဖဆပလက လိုအပ်သော အချိုးအစားဖြင့် ပါဝင်ခွင့်မရသဖြင့် အင်္ဂလိပ်တို့ အပေါ်စီး ချယ်လှယ်မည်ကို မလိုလားသောကြောင့် လက်မခံဘဲနေလေရာ ထိုနှစ် (ဒီဇင်ဘာ ၃၁ ရက်) တွင် ဆာပေါ်ထွန်း အစိုးရအဖွဲ့ကို ဖွဲ့စည်းလေသည်။ စစ်အတွင်း အဖမ်းခံခဲ့ရသော နန်းရင်ဝန်ဟောင်း ဦးစောနှင့် ဂျပန်ပြည်သို့ ခေါ်ဆောင်ခြင်းခံရ၍ မဟာမိတ်စစ်ဌာနချုပ်တွင် အဖမ်းခံရသော ဒေါက်တာဘမော်တို့လည်း (၁၉၄၆ ခုနှစ်၊ ဇန်န၀ါရီလ) ပြည်လည်ရောက်ရှိလာခဲ့လေသည်။ ထိုသို့ ရောက်ရှိလာကြခြင်းမှာ မြန်မာ့နိုင်ငံရေးဇာတ်ခုံတွင် ဖဆပလ တစ်ဦးတည်း ညီညွှတ်စည်းလုံးစွာ ကပြနေသည်ကို တစ်နည်းတစ်ဖုံ စင်ပြိုင်ဝင်စေရန် အင်္ဂလိပ်တို့၏ ပရိယာယ် အကွက်ဆင်ခြင်းဖြစ်သည်ဟု ယူဆကြလေသည်။
စစ်ပြီးကာလတွင် ပြည်သူတို့လည်း အကျပ်အတည်းကို ရင်ဆိုင်ရလေသည်။ အင်္ဂလိပ်အစိုးရ လက်အောက်တွင် အလုပ်ပြန်၍ ၀င်ကြရသူများလည်း လွတ်လပ်ရေးဆန္ဒ ပြင်းပြနေသည်သာဖြစ်၍ မကျေနပ်ကြပေ။ အင်္ဂလိပ်အစိုးရသည်လည်း ပြည်သူ့အကျိုးကို နိုင်နင်းစွာ စီမံဖန်တီးပေးနိုင်ခြင်းမရှိဘဲ တက်ကြွသော နိုင်ငံရေးအဟုန်ကို ဖြိုခွင်းရန်သာ အာရုံစိုက်နေကြလေသည်။ ထို့ကြောင့် အမှုထမ်း၊ အရာထမ်းများလည်း အလျှိုလျှိုပင် သပိတ်မှောက်ကြလေသည်။ အင်္ဂလိပ်ဘိလပ်အစိုးရက ဆာဒေါ်မန်စမစ်ကို ပြန်၍ခေါ်သဖြင့် ၀မ်းကိုက်လေဟန်ပြုကာ ပြန်ရပြီး ပါးနပ်၍ ဆက်ဆံရေး ပိုလွန်ပြေပြစ်သော ဆာဟူးဘတ်ရန့်စ်ကို စေလွှတ်ခဲ့လေသည်။ သပိတ်ကား ဆက်လျက်ပင်ရှိ၍ ရဲအဖွဲ့ကြီးပါ သပိတ်မှောက်ကြလေရာ တစ်တိုင်းပြည်လုံးတွင် အုံကြွလှုပ်ရှားလျက် အခြေအနေကို ထိန်းမရနိုင်တော့သည့် အင်္ဂလိပ်ဘုရင်ခံသည် ဆာပေါ်ထွန်းအစိုးရကို နုတ်ထွက်စေ၍ ဖဆပလ အဖွဲ့ကြီးအား အုပ်ချုပ်ရန် အစိုးရဖွဲ့ရေး တာဝန်အပ်နှင်းရလေသည်။
ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်၍ အစိုးရအဖွဲ့ကို ဖွဲ့စည်းပြီးနောက် တစ်နှစ်အတွင်း လွတ်လပ်ရေး အချုပ်အခြာအာဏာပိုင် တိုင်းပြည်ပြုလွှတ်တော်ခေါ်ရေးနှင့် အမျိုးသားအစိုးရ ထူထောင်ရေးတို့ကို အားသွန်ဆောင်ရွက်လေသည်။ သပိတ်အရေးလည်း ငြိမ်းအေးလေသည်။ သပိတ်သမားတို့မှာ မျိုးချစ်လွတ်လပ်ရေးသမားများဖြစ်ရာ လိုလားချက်သည် အကြောင်းရင်းမဟုတ်ဘဲ အင်္ဂလိပ်အစိုးရအား မနေတတ်မထိုင်တတ်ဖြစ်အောင် နောက်ပိုင်းမှ တိုက်ကွက်ဆင်ရန်သာ အာရုံထားခဲ့ကြပေသည်။ ပြည်သူလူထုမှာ လွတ်လပ်ရေးအတွက် ဘာမဆိုလုပ်ဆောင်ရန် အသင့်ရှိနေကြပေသည်။
[ဆက်လက်ဖော်ပြပါမည်]
No comments:
Post a Comment