အီတလီက မော်ရင်ဟိုရဲ့ အင်တာကို အရှက်တကွဲရှုံးနိမ့်ခဲ့ရတဲ့ အရိပ်ဆိုးကို အန်ဆယ်လော့တီနဲ့ အပြာရောင်တပ်သားတွေ အကောင်းဆုံး ချေဖျက်ပြနေကြပါတယ်။ သူတို့အတွက် အရေးကြီးလှတဲ့ အမှတ်ပေးချန်ပီယံဆုကို မန်ယူလက်ထဲကနေ လုယူချင်နေကြတာ သိသာလွန်းလှပါတယ်။ အခုလိုအချိန်မှာတော့ ချန်ပီယံလိဂ်က ထွက်ခဲ့ရတဲ့ သူတို့အတွက် ဖိအားတွေလျော့နည်းနေတာတော့ အမှန်ပါပဲ။ ပြီးခဲ့တဲ့ ပွဲစဉ်-၃၂ မှာလည်း အမှားမခံခဲ့ပါဘူး။ အသင်းကြီးတွေကို ဒုက္ခပေးတတ်တယ်ဆိုတဲ့ အက်စ်တွန်ဗီလာကို အိမ်ကွင်းမှာ (၇)ဂိုးသွင်းပြပြီး ပေါက်ကွဲပြခဲ့ပါတယ်။ ပြောစရာဖြစ်ခဲ့တာကတော့ ရှေ့တန်းမှာ ဒရော့ဘာမပါဘဲ ကွင်းလယ်လူလမ်းပတ်က (၄)ဂိုးအထိ သွင်းယူသွားတာပါပဲ။ အက်စ်တွန်ဗီလာအနေနဲ့ တကယ့်ကိုဆိုးဆိုးဝါးဝါး ရှုံးနိမ့်မှုပဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အာဆင်နယ်က ခြေချော်နေတဲ့အချိန်မှာ ချဲလ်ဆီးကတော့ အမှားမခံဘဲနဲ့ လက်ရှိချန်ပီယံ မန်ယူကို ဖိအားလိုက်ပေးနေလျက်ပဲ ရှိပါသေးတယ်။
ပွဲထွက်စာရင်းမှာတင်မဟုတ်ဘဲ အရန်စာရင်းမှာပါ ရွန်းနီမပါတဲ့အတွက် စိုးရိမ်မိတာတော့ အမှန်ပါပဲ။ ရွန်းနီမပါရင် မန်ယူဂိုးရဖို့အတွက် ရုန်းကန်ရတတ်တာ သိနေတာမို့လည်း စိုးရိမ်စိတ် ပိုမိခဲ့ပါတယ်။ ဒါပေမယ့် အထောင်ထားတဲ့ ဘာဘာတော့ဗ်ကို ယုံကြည်စိတ်ရှိနေတာမို့ ပူပန်စိတ်တွေနဲ့ ကြည့်ခဲ့ရတာပါ။ တကယ်လည်း ရွန်းနီမပါတဲ့အတွက် မန်ယူရှေ့တန်းဟာ ထင်သလောက် မထက်မြက်ခဲ့ပါဘူး။ ဘာဘာတော့ဗ် စကေးလ်ကောင်းပေမယ့် တောင်ပံတွေမှာ ကစားတဲ့ နာနီနဲ့ ဗလင်စီယာတို့နဲ့ အချိတ်အဆက် မမိတာကြောင့် ပထမပိုင်းတစ်ခုလုံး ထင်သလောက် မစွမ်းဆောင်နိုင်ခဲ့ကြပါဘူး။ ရွိုင်ရန်ဂစ်ရဲ့ ဖြတ်တင်ဘောကို တစ်ဖက်နောက်တန်းက ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တဲ့အတွက်သာ အဖွင့်ဂိုး ရခဲ့တာပါ။ ကွင်းလယ်က ဖလက်ချာ ခြေမပေါ်တဲ့အတွက် မန်ယူတို့ ရုန်းကန်ခဲ့ရတာလည်း ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ ကစားပုံပြောင်းလိုက်တဲ့အတွက် မန်ယူအသင်း သိသိသာသာ ဖိကစားလာနိုင်ခဲ့ပါတယ်။ နာနီရဲ့ တိုးအားနဲ့ အလှုပ်မှာ ဘော်တန်တို့ ဗျာများခဲ့ရပါတယ်။ ဖလက်ချာသွင်းတာ ပြန်ထွက်လာတာကနေ ဘာဘာတော့ဗ်က သူ့ရဲ့ စကေးလ်နဲ့အတူ အနိမ့်ပိတ်သွင်းပြီး ဒုတိယဂိုး ရယူပါတယ်။ ဘယ်တောင်ပံက ခြေစွမ်းပြလာတဲ့ နာနီရဲ့ အံ့သြဖွယ်ဖန်တီးပေးမှုကတစ်ဆင့် ဘာဘာတော့ဗ်ကပဲ စကေးလ်ကိုက် အသာလေးသွင်းယူပြီး တတိယဂိုးကို သွင်းယူခဲ့ပါတယ်။ နာနီရဲ့ ခြေစွမ်းပြမှုဟာ မပြီးဆုံးသေးဘဲ စတုတ္ထဂိုးကို လူစားဝင်လာတဲ့ ဂစ်ဘ်ဆင် ကန်သွင်းဖို့အတွက်ပါ ဖန်တီးပေးခဲ့ပါသေးတယ်။ ဒါကြောင့် ပွဲအပြီးမှာတော့ မန်ယူအသင်းက လေးဂိုးပြတ်နဲ့ ဇယားထိပ်ကို ဆက်လက်ဦးဆောင်ခဲ့ပါတယ်။ ရွန်းနီမပါဘဲ ဂိုးပြတ်အနိုင်ရခဲ့တဲ့အတွက်လည်း ဖာဂူဆန်အတွက် ကျေနပ်စရာ ဖြစ်ခဲ့ရပါတယ်။ ဒီအပတ်ထဲမှာ ကန်ရမယ့် ဘိုင်ယန်မြူးနစ်နဲ့ ပွဲအတွက်လည်း ယုံကြည်မှုတိုးပွားစေခဲ့ပါတယ်။ ပထမဆုံးသော အင်္ဂလန်ရဲ့ (၄)နှစ်ဆက် ပရီမီးယားလိဂ် အမှတ်ပေးချန်ပီယံဆုနဲ့ အင်္ဂလန်ပြည်တွင်း အမှတ်ပေးချန်ပီယံဖလား အများဆုံးအသင်းဆိုတဲ့ ဂုဏ်ပုဒ်တွေအတွက် မန်ယူအသင်းကတော့ အခုအချိန်အထိ ရစ်သမ် မှန်နေတာကို တွေ့ရပါတယ်။ နောက်ဆုံးမှာတော့ ဖာဂူဆန်တစ်ယောက် ပီကေ၀ါးမပျက်ဘဲ အပြုံးပန်းနဲ့ အောင်ပွဲခံသွားမလားဆိုတာကို စောင့်ကြည့်ဖို့အတွက် အချိန်ကာလသိပ်မလိုတော့ပါဘူး။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ မတ်လ ၂၈ ရက်၊ တနင်္ဂနွေနေ့။
ညနေ ၆ နာရီ ၁၅ မိနစ်တွင်ပြီး၏။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ မတ်လ ၂၈ ရက်၊ တနင်္ဂနွေနေ့။
ညနေ ၆ နာရီ ၁၅ မိနစ်တွင်ပြီး၏။
No comments:
Post a Comment