Earth Day ကို သတ်မှတ်ဖန်တီးဖို့ စတင်အကြံပြုခဲ့သူကတော့ အမေရိကန် လွှတ်တော်အမတ် ဂေးလော့(ဒ်) နယ်(လ)ဆင် ဖြစ်ပါတယ်။ နိုင်ငံအတော်များများကတော့ ဒီနေ့မှာ မိမိတို့တတ်နိုင်သလောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုပ်ဆောင်ချက်တွေကို လုပ်ဆောင်ကြလေ့ ရှိပါတယ်။ ကားမစီးဘဲနေတာတို့၊ မလိုအပ်တဲ့နေရာတွေမှာ လျှပ်စစ်မီးတွေ မထွန်းဘဲ ပိတ်ထားတာတို့၊ စက်ရုံအလုပ်ရုံတွေကို အချိန်တစ်ခုသတ်မှတ်ပြီး ခဏရပ်နားတာတို့ စသည်ဖြင့်ပေါ့လေ။
Unofficial Earth Day Flag by John McConnell
ကမ္ဘာမြေကြီးပေါ်မှာ ကျွန်တော်တို့လူသားတွေ နေထိုင်လာခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ကမ္ဘာ့မြေပေါ်မှာနေ၊ ကမ္ဘာ့မြေပေါ်က ရေကိုသောက်ပြီး အသက်ဆက်လာခဲ့တာ ကျွန်တော်တို့တွေအထိတောင် ရောက်လာခဲ့ပါပြီ။ နေထိုင်ရှင်သန်ခဲ့သမျှ လူသားတွေဟာ သဘာဝတရားကြီးဆီက ရသမျှကို ရယူသုံးစွဲခဲ့ကြပါတယ်။ ဒါပေမယ့် လူသားတွေ ရယူသုံးစွဲနေတဲ့ ကမ္ဘာကြီးရဲ့ သဘာဝတွေထဲမှာ ကုန်ဆုံးပျောက်ပျက်သွားနိုင်တဲ့ အရာတွေ အများကြီးရှိနေတယ် ဆိုတာကိုတော့ သတိပြုမိခဲ့တာ နှစ်ပေါင်းအနည်းငယ် အကြာကမှပါ။ ဥပမာအားဖြင့် ရေနံတို့၊ သဘာဝဓာတ်ငွေ့တို့၊ တွင်းထွက်ပစ္စည်းတို့၊ သစ်တောတွေလိုမျိုးပေါ့။ လူသားတွေရဲ့ လိုအင်ဆန္ဒလောဘတွေအရ၊ လိုအပ်ချက်တွေအရ သဘာဝသယံဇာတတွေကို လိုတာထက်ပိုပြီး ထုတ်ယူသုံးစွဲလာကြတာ နှစ်ပေါင်းမရေနိုင်အောင် ကြာမြင့်ခဲ့ပါပြီ။ နောက်ပြီးတော့ ကမ္ဘာကြီးရဲ့ ကျန်းမာရေးကိုလည်း ဂရုပြုရကောင်းမှန်းမသိဘဲ နေချင်သလိုနေ၊ လုပ်ချင်သလို လုပ်နေခဲ့တာ ကာလအကြာကြီးပေါ့။
အိုဇုန်းလွှာကြီး ပေါက်ပြဲလာပြီး ပုံမှန်ထက် ပူပြင်းတာတွေ ကြုံလာရတဲ့အခါမှ၊ သစ်တောတွေ တစ်စတစ်စ လျော့ပါးပျောက်ကွယ်သွားပြီး ရာသီဥတု ဖောက်ပြန်တာတွေ၊ မိုးခေါင်တာတွေ ဖြစ်လာတဲ့အခါမှ၊ ၀င်ရိုးစွန်းတွေက ရေခဲတွေ အရည်ပျော်ပြီး ပင်လယ်သမုဒ္ဒရာရေပြင်တွေ မြင့်တက်လာတော့မယ် ဆိုတဲ့အခါမှ၊ တိုးပွားလာတဲ့ လူဦးရေအတွက် အလုံအလောက် မရနိုင်တော့တဲ့ စားနပ်ရိက္ခာအခြေအနေတွေ၊ သန့်ရှင်းတဲ့ သောက်သုံးရေ မရရှိနိုင်မှုတွေနဲ့ ကြုံတွေ့လာရတဲ့အခါမှ ကမ္ဘာကြီးဟာ လူသားတွေ လုပ်သမျှကို ခါးစီးခံခဲ့ရပြီး အခုတော့ အတော်လေးကို အထိနာနေပြီ၊ ဒုက္ခတိတစ်ပိုင်း ဖြစ်နေပြီဆိုတာကို သတိပြုမိလာကြပါတယ်။ ဒါကလည်း သတိပြုမိတယ်ဆိုရုံပါပဲ။ လိုက်ပါလုပ်ဆောင်ဖို့ကိုတော့ လူသားအားလုံးက တွေဝေနေကြတုန်းပဲ။ အရိုးစွဲနေတဲ့ ပြုကျင့်မြဲ အကျင့်စရိုက်တွေကို မဖျောက်ဖျက်နိုင်ကြသေးဘူးလေ။
ကိုယ့်အခန်းလေး အေးမြနေဖို့အတွက် Air-con တစ်လုံး တပ်ဆင်ဖို့ကသာ သူတို့အတွက် အရေးကြီးတာ။ အဲဒီလေအေးပေးစက် တစ်လုံးအတွက် ကမ္ဘာကြီးအပေါ်၊ သဘာဝပတ်ဝန်းကျင်အပေါ် ဘယ်လောက်အထိ အကျိုးသက်ရောက် သွားစေနိုင်တယ်ဆိုတာကိုတော့ ဘယ်သူကမှ အရေးတယူပြုပြီး စိတ်မ၀င်စားကြဘူး။
လိုတဲ့ခရီးကို အလျင်အမြန် ရောက်ရှိသွားစေဖို့အတွက် ကားလေးကို ၀ူးကနဲမောင်းထွက်သွားတာကို ကျေနပ်နေကြတယ်။ အဲဒီကားတစ်စီးကြောင့် စွမ်းအင်တွေ ဘယ်လောက်ကုန်ဆုံးသွားတယ်၊ သဘာဝပတ်ဝန်းကျင်ကို ဘယ်လောက်ထိခိုက်သွားတယ် ဆိုတာမျိုးကိုတော့ ဘယ်သူကမှ အရေးကြီးတယ်လို့ မထင်ကြဘူးလေ။
အခန်းတစ်ခုလုံး လင်းထိန်နေအောင် မီးချောင်းတွေတပ်၊ နည်းပညာသုံး လျှပ်စစ်ပစ္စည်းအမျိုးမျိုးကို ဂုဏ်ယူစွာ သုံးစွဲနေကြပေမယ့် ကိုယ့်အိမ်မှာ ထွန်းထားတဲ့ မီးလုံးလေးတစ်လုံး တစ်နာရီလောက် မထွန်းဘဲထားရင်တောင် ကမ္ဘာကြီးအတွက် ဘယ်လောက်အကျိုး ဖြစ်စေသလဲဆိုတဲ့ အတွေးမျိုးကိုတော့ ဘယ်သူကမှ အလေးမထားကြဘူး။
ကိုယ်သုံးသည်ဖြစ်စေ၊ မသုံးသည်ဖြစ်စေ၊ လိုအပ်သည်ဖြစ်စေ၊ မလိုအပ်သည်ဖြစ်စေ ကွန်ပျူတာတွေကို တစ်နေကုန်ဖွင့်ထားပြီး အခြားအလုပ်တွေကို လုပ်နေတဲ့အတွက် စွမ်းအင်တွေ ဘယ်လောက်ဆုံးရှုံးတယ်၊ ကိုယ့်ရဲ့ ကွန်ပျူတာကြောင့် သဘာဝပတ်ဝန်းကျင်ကို ဘယ်လောက်ထိခိုက်သွားသလဲ ဆိုတာမျိုးကို ဘယ်သူကမှ စိတ်မကူးမိကြဘူး။
အို.. .စာဖတ်သူ၊
ကျွန်တော်တို့တွေက ကိုယ်နေတဲ့ အိမ်ခြံဝန်းလေးကို သာယာလှပချင်တယ်၊ စိမ်းစိမ်းစိုစိုလေး ဖြစ်စေချင်တယ်။ ကိုယ့်အိပ်ခန်းလေးကို နေချင်စဖွယ်ဖြစ်အောင် လှလှပပလေး ပြင်ဆင်ကြတယ်။ ဒါဆိုရင် ငါတို့လူသားတွေရဲ့ မိခင်အိမ်ကြီးဖြစ်တဲ့ ကမ္ဘာကြီး သာယာလှပအောင်၊ စိမ်းလန်းစိုပြည်အောင်၊ သန့်ရှင်းသာယာအောင် လုပ်ဖို့မလိုဘူးလားလို့ ခဏလောက်ဖြစ်ဖြစ် စဉ်းစားကြည့်ပါလားဗျာ။
တစ်ခါတလေမှာ ကျွန်တော်တို့တွေက ငါတစ်ယောက်တည်း ဒါလေးလုပ်ရုံနဲ့ ဘာမှထူးသွားမှာ မဟုတ်ပါဘူးလို့ တွေးထင်တတ်ကြပါတယ်။ တကယ်တော့ တစ်ယောက်ချင်းစီရဲ့ အပြုအမူကောင်းတွေကသာ ကမ္ဘာကြီးကို ကယ်တင်နိုင်မှာ၊ ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။ တစ်ယောက်ချင်းစီကစလို့ တစ်မိသားစု၊ နောက်တစ်ရပ်ကွက်လုံး၊ နောက်တစ်မြို့လုံး၊ နောက်တစ်နိုင်ငံလုံး၊ နောက်ပြီးတော့ နိုင်ငံတိုင်းက ညီညီညွတ်ညွတ် အသိစိတ်ဓာတ်ရှိရှိနဲ့ ၀ိုင်းဝန်းဆောင်ရွက်ကြမယ်ဆိုရင် ကျွန်တော်တို့ ကမ္ဘာကြီးဟာ အမြဲတမ်းလှပသာယာတဲ့ ကမ္ဘာကြီးတစ်ခု ဖြစ်နေမှာပါ။
ကျွန်တော်တို့လူသားတွေအတွက် ကမ္ဘာမြေကြီးထက် အဖိုးတန်တာ၊ ထူးဆန်းအံ့သြဖွယ်ကောင်းတာ၊ ဂုဏ်ယူစရာကောင်းတာ၊ ချစ်မြတ်နိုးစရာကောင်းတာ မရှိဘူးဆိုတာကို လေးလေးနက်နက် နှလုံးသွင်း ဆင်ခြင်ကြည့်စေချင်ကြောင်း တိုက်တွန်းပြောကြားရင်း ၂၀၁၀ ပြည့်နှစ် ဧပြီလ ၂၂ ရက်နေ့မှာ ကျရောက်တဲ့ မြေကမ္ဘာနေ့ကို ကြိုဆိုဂုဏ်ပြုလိုက်ရပါတယ်။
ကမ္ဘာကြီး ကျန်းမာပါစေ...
ကမ္ဘာကြီး သာယာလှပပါစေ...
ကမ္ဘာကြီး သက်တော်ထောင်ကျော် ရှည်ပါစေ....
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၂၂ ရက်၊ ကြာသပတေးနေ့။
မြေကမ္ဘာနေ့။
ည ၉ နာရီ ၁၃ မိနစ်တွင်ပြီး၏။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၂၂ ရက်၊ ကြာသပတေးနေ့။
မြေကမ္ဘာနေ့။
ည ၉ နာရီ ၁၃ မိနစ်တွင်ပြီး၏။
No comments:
Post a Comment