ဟုတ်ပါရဲ့။ မနိုင်းနိုင်းဘလော့ဂ်က ပို့စ်လေးကို ကျွန်တော်ပြန်ဖတ်ဖြစ်ပါတယ်။ ပို့စ်နာမည်က "စိတ်တို၊ ဒေါသဖြစ်ဖို့...." တဲ့။ အဲဒီအထဲက ကျွန်တော်အရမ်း သဘောကျတဲ့ ပုံပြင်လေးကို ပြန်ကူးပြီး တင်ပေးပါရစေ။ ပို့စ်တစ်ခုလုံးကိုတော့ ဒီနေရာမှာ ဖတ်နိုင်ပါတယ်။
တစ်ခါက သစ်ခွပန်းတွေကို အရမ်းနှစ်သက်တဲ့ ဘုန်းကြီးတစ်ပါးရှိတယ်။ ဘုန်းကြီးဟာ ဘုရားတရားအားထုတ်ပြီး ပိုနေတဲ့အချိန်တွေကို ပန်းစိုက်တာနဲ့ပဲ ကုန်လွန်စေခဲ့တယ်။
တစ်နေ့မှာ ဘုန်းကြီးက တခြားနေရပ်တစ်ခုကို သွားဖို့အကြောင်းပေါ်တယ်။ မသွားခင် ပန်းတွေကို သေချာစောင့်ရှောက်ဖို့ ကိုရင်တွေကို မှာခဲ့တယ်။ ကိုရင်တွေကလည်း ပန်းတွေကို သေချာစောင့်ရှောက်ခဲ့ပါတယ်။ ဒါပေမယ့် တစ်ရက်မှာ ကိုရင်တွေက ပန်းရေလောင်းရင်း သစ်ခွစင်ကို မတော်တဆ တိုက်မိခဲ့ကြတယ်။ သစ်ခွစင်ပြိုပြီး သစ်ခွအိုးတွေ ကွဲကြေခဲ့တယ်။ ဘုန်းကြီးနှစ်သက်တဲ့ သစ်ခွပန်းတွေ ကျိုးကြေခဲ့ရလို့ ကိုရင်တွေက အရမ်းထိတ်လန့်ခဲ့တယ်။ ဘုန်းကြီးပြန်လာချိန် တောင်းပန်ပြီး အပြစ်ခံယူဖို့ သူတို့ဆုံးဖြတ်လိုက်ကြတယ်။
ဘုန်းကြီးပြန်ရောက်တဲ့အခါ ကိုရင်တွေက အကျိုးအကြောင်း ပြောပြတယ်။ ဘုန်းကြီးက စိတ်မဆိုးတဲ့အပြင် "ဘုန်းဘုန်း သစ်ခွပန်းစိုက်တာက ဘုရားကိုလှူဖို့ နောက်ပြီး ဘုန်းကြီးကျောင်းဝန်းကျင် စိမ်းစိမ်းစိုစိုနဲ့ လှပဖို့ဖြစ်တယ်။ စိတ်ဆိုးဖို့ သစ်ခွစိုက်ခဲ့တာမဟုတ်ဘူး" လို့ ဆိုတယ်။ ဘုန်းကြီးပြောတာ အဓိပ္ပါယ်ရှိပါတယ်။ စိတ်ဆိုး၊ ဒေါသထွက်ဖို့ သစ်ခွပန်းစိုက်ခဲ့တာ မဟုတ်ပါဘူး။ ဘုန်းကြီးက သစ်ခွပန်းကြိုက်တယ်ဆိုတာ မှန်ပေမယ့်သူ့စိတ်ထဲမှာ သစ်ခွဆိုတဲ့အစွဲကိုမထားဘူး။ ဒါကြောင့် သစ်ခွရှိတာနဲ့ သစ်ခွဆုံးရှုံးတာက သူစိတ်ကို ပျော်အောင်၊ ဒေါသထွက်အောင် မသက်ရောက်စေနိုင်ခဲ့ဘူး။
ဟုတ်ပါတယ်... ကျွန်တော်ဘလော့ဂ်ရေးနေတာ စိတ်တိုဖို့၊ ဒေါသဖြစ်ဖို့မှ မဟုတ်တာ။ အခြားလူတွေ ဖတ်စေချင်တဲ့စိတ်၊ ကိုယ်သိထားတာတွေကို ပြန်လည်ဝေငှလိုတဲ့စိတ်နဲ့ ရေးနေတာပဲဖြစ်ပါတယ်။ ဘလော့ဂ်မှာ လာဖတ်တဲ့လူတွေ ငါသိသလိုမျိုး သိခွင့်ရတယ်၊ ငါဖတ်သလိုမျိုး ဖတ်ခွင့်ရကြတယ်ဆိုတဲ့ ပီတိစိတ်ကလေးနဲ့ ကျေနပ်ပျော်ရွှင်နေရမယ့်အစား အခုတော့ ကျွန်တော် စိတ်တိုနေရတယ်၊ ဒေါသထွက်နေရတယ်။ တစ်ဆက်တည်း စီဘောက်မှာ ပေါက်ကရအော်တာတွေကိုလည်း ကျွန်တော် ဥပေက္ခာပြုလိုက်ပါပြီ။ ရိုင်းစိုင်းတဲ့ စကားလုံးတွေကိုပဲ ဖျက်ပစ်တာကလွဲရင် ကျန်တာတွေကို ဒီအတိုင်းပဲ ထားပါတော့မယ်။ သူလည်း စိတ်ပျော်ချင်လို့ အော်နေတာဖြစ်မှာပါ။ ဒီဘလော့ဂ်မှာ စီဘောက်ထားပေးတာလည်း စိတ်တိုချင်လို့၊ ဒေါသဖြစ်ချင်လို့မှ မဟုတ်ဘဲလေ။
ဒီနေ့ကစပြီး ကျွန်တော်ပုံမှန်တင်ပေးနေကျအတိုင်း တင်ပေးသွားပါ့မယ်။ ကျွန်တော့်စာတွေကို Credit မပေးဘဲ ကူးယူပြီး ပြန်တင်နေကြသူများကို ကျွန်တော်လိုက်ပြောနေတော့မှာ မဟုတ်ပါဘူး။ ဘလော့ဂ်မှာ ထည့်ထားတဲ့ CopyGator ကိုလည်း ဖြုတ်ပစ်လိုက်ပါပြီ။ လူတိုင်းဟာ သူ့အဆင့်အတန်းနဲ့အညီ ပြုမူနေကြတာပဲဖြစ်ပါတယ်။ လူကြီးလူကောင်းဆန်တဲ့လူက လူကြီးလူကောင်းလိုမျိုး ပြုမူပါလိမ့်မယ်။ အဆင့်မရှိတဲ့လူတွေကလည်း အဆင့်မရှိသလိုပဲ ပြုမူကြပါလိမ့်မယ်။ အဆင့်မရှိတဲ့လူတွေအတွက် ကျွန်တော် စိတ်တိုမနေတော့ပါဘူး။ ကျွန်တော် ဒေါသထွက်မနေတော့ပါဘူး။ မိတ်ဆွေတွေအနေနဲ့လည်း ကျွန်တော့်စာတွေကို ကူးယူပြီး တင်ပေးထားတွေတွေ့တဲ့အခါ စေတနာနဲ့ အသိပေးကြတာကို ကျေးဇူးတင်ပါတယ်။ နောက်ပိုင်းတော့ ကျွန်တော့်ကို အသိပေးချင်မှပေးပါ၊ ကျွန်တော်လည်း တကူးတကလိုက်ပြီး ကန့်ကွက်တာတွေ၊ အသိပေးတာတွေ လုပ်မနေတော့ပါဘူး။ သူကူးပြီးတင်ပေးလိုက်လို့ အဲဒီစာကို ဖတ်ရတဲ့လူတွေအတွက် တစ်ခုခုရသွားစေတယ်ဆိုရင် တစ်နည်းနည်းနဲ့ ကျွန်တော်ကုသိုလ်ရပါတယ်။ ဒီစာတွေကိုတင်ပေးနေတာ စိတ်တိုဖို့၊ ဒေါသထွက်ဖို့ မဟုတ်ဘူးလေဗျာ။ :D
ကျွန်တော့်ကို ကူညီလမ်းပြပေးခဲ့တဲ့ သူငယ်ချင်းကို အထူးကျေးဇူးတင်ပါတယ်။
"စိတ်တိုဖို့၊ ဒေါသဖြစ်ဖို့..." ပို့စ်ကိုရေးခဲ့တဲ့ မနိုင်းနိုင်းကိုလည်း ကျေးဇူးတင်ပါတယ်။
ကျွန်တော့်ဘလော့ဂ်မှာ ကျွန်တော်တင်ပေးသမျှကို လာဖတ်ပေးနေကြတဲ့ စာဖတ်သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။
ကျွန်တော်တင်းပေးထားတဲ့ ပို့စ်တွေကို အသိပေး၍ဖြစ်စေ၊ အသိမပေးဘဲဖြစ်စေ၊ credit ပေး၍ဖြစ်စေ၊ မပေးဘဲဖြစ်စေ ပြန်လည်ကူးယူ ဖြန့်ချိပေးနေကြသူများကိုလည်း ကျေးဇူးတင်ပါတယ်။
ကျွန်တော့်အမြင်တွေနဲ့ မတူညီတဲ့အခါများမှာ ပွင့်ပွင့်လင်းလင်း ဝေဖန်ဆွေးနွေးပေးကြသူများကိုလည်း ကျေးဇူးတင်ပါတယ်။
စီဘောက်မှာ လာရောက်နှုတ်ဆက်ကြသူတွေ၊ မှတ်ချက်ပေးကြသူတွေ၊ ဆွေးနွေးကြသူတွေ၊ ကိုယ့်စိတ်ထဲရှိတဲ့အတိုင်း ပေါက်ကွဲကြသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ (ရိုင်းပြတဲ့ စကားလုံးတွေကိုတော့ ရှောင်ကြဉ်စေချင်ပါတယ်။ တောင်းပန်တာပါ။ ကျန်တာတော့ ကြိုက်တာသာ ပြောပါ)
အားလုံးကို ကျေးဇူးတင်ပါတယ်နော်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၆ ရက်၊ အင်္ဂါနေ့။
ည ၈ နာရီ ၅၉ မိနစ်တွင်ပြီး၏။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၆ ရက်၊ အင်္ဂါနေ့။
ည ၈ နာရီ ၅၉ မိနစ်တွင်ပြီး၏။
Copy Right
ReplyDeleteသူတို့ ရဲ့ တသီးပုဂ္ဂလ အကျိုးစီးပွားအတွက် မဟုတ်ပဲ စီးပွားရေးလုပ်ရာမှာ မဟုတ်ပဲ လူမှုရေးနေရာတွေမှာ အများအတွက်ကို အကျိုးအမြတ်မယူပဲ လုပ်တယ်ဆိုရင် Copy Right ရှိတယ်ဆိုရင်တောင်ပြောဆိုလို့ မရပါဘူး အဲဒီတော့
They have right to copy !!!!
:)